Jan 22
ဒေါက်တာညီညီ
(မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာန နှစ်(၅၀)ပြည့် ရွှေရတုမဂ္ဂဇင်း (၁၉၅၃-၂၀၀၃) မှ ကူးယူဖော်ပြပါသည်။)
ယနေ့ မြန်မာနိုင်ငံတွင်ရှိသော လူကြီးပိုင်း ဘူမိဗေဒပညာရှင်များအနက် တစ်ဦးနှစ်ဦးမှအပ ကျန်ပုဂ္ဂိုလ်များ အားလုံးသည် ဒေါက်တာသာလှ ၏ တပည့်တပန်းများပင် ဖြစ်လေသည်။ ဒေါက်တာသာလှကို မြန်မာဘူမိဗေဒပညာရှင်များ၏ ဖခင် ဟုခေါ်လျှင်လည်း မှားမည် မထင်ပေ။
ဆရာသာလှသည် ၁၉၄၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနကို စတင် တည်ထောင်ခဲ့ပြီး ၁၉၆၀ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ နုတ်ထွက်ပြီး တော်လှန်ရေးအစိုးရ သတ္ထုတွင်းဝန်ကြီးဌာနတွင် သတ္ထုတွင်း အတိုင်ပင်ခံ အရာရှိအဖြစ် အမှုထမ်းကာ၊ ၁၉၆၃-၆၄ လောက်တွင် ယူနက်စကို အဖွဲ့ချုပ်၌ ဒုတိယ ညွှန်ကြားရေးဝန်အဖြစ် ပြောင်းရွှေ့ အမှုထမ်းလေသည်။ ယခု ယိုးဒယားပြည် ဘန်ကောက်မြို့တွင် ယူနက်စကို ပညာရှင်အဖြစ် ဆောင်ရွက်နေလေသည်။
ဆရာသာလှသည် ဘ၀အကျိုးပေးကြောင့်လောမသိ၊ ချစ်သူများသလို မုန်းသူလည်းများသည်။ သို့သော် ကျွန်တော်တို့က သူ့ကို ငယ်ဆရာတစ်ယောက်အနေဖြင့် မြင်သည်။ သူသည် စာသင်ပြရာတွင် တော်သူဖြစ်သည်။ စာသင်ပြရာတွင် ဆရာစားမချန်ဘဲ တပည့်များ နားမလည်သည်ကို သဘောမပေါက် ပေါက်အောင် လှည့်ပတ် ရှင်းလင်း ပြောပြတတ်သည်။ ကျွန်တော်တို့ ဥပစာသိပ္ပံအထက်တန်းနှစ်က ဖြစ်လေသည်။ ကျွန်တော်တို့မှာ ပထမနှစ်တုန်းက စာမကြေခဲ့ကြ၍ ဒုတိယနှစ်တွင် ဆရာ့အတန်း၌ စာမလိုက်နိုင်ကြချေ။ ထိုအခါ သူသည် အလွန်အမင်း စိတ်ဆိုးနေလေသည်။ “တစ်နှစ်လုံး ဘာတွေလုပ်နေသည် မသိ၊ ဤမျှ ညံ့ရမည်လား” ဟု ဆူနေလေသည်။
ကျွန်တော်တို့က တစ်ယောက်နှစ်ယောက်တည်း မဟုတ်ကြောင်း၊ တစ်တန်းလုံး ဘယ်သူမှ မတတ်ပါကြောင်း ပြန်ပြောသောအခါ သူ၏ ဆူညံသံများ ရပ်သွားပြီး တစ်ယောက်စီ စစ်လေသည်။ ကျွန်တော်တို့ ပြောသလိုပင် တကယ်ပဲ မည်သူမျှ မတတ်ကြောင်း တွေ့ရသောအခါ ဘာမှ ဆက်မပြောတော့ဘဲ ”ကဲ မင်းတို့ အချိန်ပိုတက်ကြ” ဟုပြောပြီး ပထမနှစ်က စာများကို အစအဆုံး ပြန်သင်ပေးလေသည်။
သူသည် တစ်ခါတစ်ရံ အပြောအဆို ကြမ်းတမ်းသော်လည်း တပည့်များအပေါ်တွင် အမြဲတမ်းပင် ကြင်နာစိတ်ထားသည်။ မေတ္တာထားသည်။ တပည့်များကို စောင့်ရှောက်သည်။ မတတ်သည်ကို တတ်အောင်သင်ပေးသည်။ ကျွန်တော်တို့ ဆရာဖြစ်လာသောအခါ တပည့်များကို စာမေးရာတွင် ကျွန်တော်တို့ ကျောင်းမှာတုန်းကလောက် မရသည်ကို တွေ့ကြရရာ တပည့်ကျောင်းသားများသည် တစ်ခောတ်နှင့် တစ်ခောတ် အတူတူလောက်ပင် ရှိကြမည်ဖြစ်၍၊ ကျွန်တော်တို့ပင် အသင်အပြညံ့၍ ဖြစ်မည်ထင်ကြောင်း ကိုဘသန်း (ယခု ဘူမိဗေဒပါမောက္ခ ဦးဘသန်းဟက်)နှင့် ကျွန်တော်တို့ မကြာခဏ ပြောမိကြသည်။

ဒေါက်တာသာလှ၏ နည်းယူဖွယ် လေ့ကျင့်မှု တစ်ခုကိုကား ကျွန်တော်တို့ ကျောင်းသားကြီးများ ရလိုက်ကြသည်။ တပည့်များကို မနားတမ်း ခိုင်းခြင်း၊ တာဝန်ပေးခြင်းပင်ဖြစ်သည်။ အလုပ်ကိုလည်း စေ့စေ့စပ်စပ် လုပ်စေသည်။ ထို့ပြင် တာဝန်တိုး ယူလာနိုင်လျှင် တာဝန်ကို တိုးပေးသည်။ ထိုအလေ့အကျင့်ကောင်းများသည် ကျွန်တော်တို့ ယနေ့ လူကြီးဖြစ်လာသောအခါ အထူးတန်ဖိုးရှိလာလေသည်။ ကျွန်တော်တို့ ယနေ့ဆောင်ရွက်နေသော လုပ်ငန်းများသည် တန်ဖိုးရှိသလောက် ရှိသည်ဟု ဆိုပါလျှင် ကျွန်တော်တို့ အစွမ်းအစကြောင့်ဟု ဆိုခြင်းထက် ဆရာသာလှ၏ လေ့ကျင့်ပေးမှု ကောင်ခြင်းကြောင့်ဟု ဆိုက ပိုမှန်ပါမည်။
(ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင် (၁၉၇၀) အပိုင်း(၁)မှ ကောက်နုတ်ဖော်ပြတယ်။)
Dec 22
စတုတ္ထအကြိမ်မြောက်၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲကို ၂၀၁၂ခုနှစ် နှစ်ဦး၊ ဇန်န၀ါရီလကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အာစရိယပူဇော်ပွဲအတွက် ပြည်တွင်း ပြည်ပသို့ ရောက်ရှိနေသော သူငယ်ချင်းများ အားလုံး နီးစပ်ရာသို့ သတင်းမျှဝေရင်း အလှုငွေများ ထည့်ဝင် ကူညီနိုင်ကြောင်း သိရသည်။

Dec 19
မြန်မာ့ရေနံကို ဘီအိုစီ မှ အမျိုးသားပိုင်အဖြစ်သို့ အပြောင်းအလဲကာလ တလျှောက် ဦးဆောင်ခဲ့သူ ထိုခေတ် MOC ဦးဆောင်ညွှန်မှူးဟောင်း ဒေါက်တာ အောင်ခင် နှင့် တက္ကသိုလ် ဘူမိလောက ကို အစဉ်တစိုက် ဦးဆောင် ခဲ့သူ ဆရာဒေါက်တာဦးသိန်းတို့၏ ဟောပြောပွဲတစ်ရပ်ကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ စီမံခန့်ခွဲမှု ဖြင့် TRADERS HOTEL ကုန်းဘောင် ခန်းမ တွင် ၁၈-၁၂-၂၀၁၁ နေ့နံနက်ပိုင်းတွင်ကျင်းပရာ ရေနံ နှင့် တက္ကသိုလ် ဘူမိလောကတို့မှ ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။


ဒေါက်တာအောင်ခင် က … World Economy and Energy Demand and Oil ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာဦးသိန်းက Disaster Risk Reduction in Myanmar with special reference on Earthquakes and Tsunamis ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ခဲ့ကြရာ စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

Dec 12
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းကြီး၏ ဦးဆောင်မှုဖြင့် Geomyanmar 2012 ကို ကြီးကျယ်ခန်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာနိုင်ငံများစွာနှင့် အိမ်နီးချင်းနိုင်ငံများတွင် နှစ်စဉ်ကျင်းပနေသည့် နိုင်ငံတကာအဆင့် ကွန်ဖရင့်များကဲ့သို့ Geomyanmar 2012 ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ စီဒိုးနားဟော်တယ်တွင် ၁-၂ မတ်လ ၂၀၁၂ ခုနှစ်တွင် ကျင်းပမည်ဖြစ်သည်။ ကွန်ဖရင့်အပြီးကွင်းဆင်းလေ့လာမှုလည်း ပါဝင်သည်ဟု သိရသည်။ နိုင်ငံတကာမှ ပညာရှင်များ၊ နိုင်ငံတကာသို့ရောက်ရှိနေသည့် မြန်မာ့ဘူမိပညာရှင်များ၊ ပြည်တွင်းမှ ဘူမိဗေဒပညာရှင်များကို ဖိတ်ကြားလျက်ရှိပြီး၊ စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များအားလည်း လက်ဆင့်ကမ်း သတင်းဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန်အတွက် geomyanmar.org အင်တာနက်စာမျက်နှာကို စတင်လွှင့်တင်လိုက်ပြီဖြစ်သည်။ လိုအပ်သည်များကို admin@myanmargeosciences.net သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
Nov 22
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမေ
ာက္ခ (၁၉၉၈-၂၀၀၁)၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဖေမောင်သန်း (ဆရာဖေ) သည် ယနေ့ ၂၂၊ နိုဝင်ဘာ ၂၀၁၁ နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီ ဖြစ်ပါသည်။ ဆရာသည် ၁၉၆၆ ရန်ကုန် ဘူမိဘွဲ့ရ တစ်ဦးဖြစ်ပြီး အီတလီနိုင်ငံ ရောမတက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ထရဗေဒပညာရှင် တစ်ဦးအဖြစ် ဝေဖန်ဆွေးနွေး လေ့လာ ခဲ့ပြီး ပါရဂူ ကျောင်းသား များ၊ မဟာသိပ္ပံကျောင်းသားများကို မွေးထုတ်ပေးခဲ့သည်။ တက္ကသိုလ်ပညာပဒေသာ စာစောင်တွင် ဆောင်းပါးများ ရေးသားခဲ့သည်မှာ စာသင်သားတို့အတွက် အထူး စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။ နိုင်ငံတကာထရဗေဒအဖွဲ့ IGCP မြန်မာအမျိုးသားကော်မတီ မဖျက်သိမ်းမီ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ကျော်ခေတ်က မန္တလေးဆောင် တွင် ပို့ချသော ဆရာ့ LECTURE များသည် ကျောင်းသားတို့အပြင် ထောက်လှမ်းရေးများ သတင်းပေးများ အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ဘူးသည်။ဆရာ၏ ယခုနှစ်လည်ပိုင်း ဆရာ ပန်းလှိုင်ဆေးရုံတွင် တက်ရောက်နေစဉ် geolfriends အဖွဲ့သားများ သွားရောက် ဂါရ၀ပြုခဲ့ရာ လေ့လာသူများ အတွက် စိတ်ဝင်စားဖွယ်ဖြစ်မည့် သူ၏ ဆောင်းပါးအချို့ကို ပေးအပ်ခဲ့ပါသေးသည်။ ဆရာ၏ ဆောင်းပါးများကို Geolfriends မှ ဆက်လက်တင်ပြလျက် ဆရာ့အား ဂုဏ်ပြုရင်း ၀မ်းနည်း ကြေကွဲ မှုကို မှတ်တမ်းတင်အပ်ပါသည်။
(Photo: ကိုစိုးမြင့်။၈၁)