May 07
(၂၀၀၉ခု၊ မတ်လ ထုတ် Teen Magazine မှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။)
ဖြိုးပိုင်စိုး
အောက်တိုဘာ ၃၀ရက်နေ့တွင် ရာသီဥတု သာယာသောကြောင့် Individual ထွက်ရပါသည်။ ဆရာများ လိုက်ပါခြင်း မရှိဘဲ မိမိတို့၏ Sub Group (အဖွဲ့ငယ်) အလိုက် သတ်မှတ်ထားသော ဧရိယာသို့ သွား၍ လမ်းတစ်လျှောက်ရှိ ကျောက်ပေါ်ထွက်ပိုင်းများ၏ တည်နေရာ၊ တိမ်းစောင်းမှု၊ အမျိုးအစား၊ ထူးခြားသည့် လက္ခဏာ များကို ရေးမှတ်၍ နမူနာများ ယူကြရသည်။ Fossils များလည်း ရှာရသည်။ ထိုနေ့က ကျွန်တော်တို့ သွားရသော လမ်းကြောင်းမှာ လင်းဝေးကျောက်လွှာ စဉ်ထပ် နှင့် နမ်းအွန် ကျောက်လွှာစဉ်ထပ် တို့တည်ရှိရာ နမ်းအွန်ရွာ အနီးနှင့် လင်းဝေရွာ အနီးတို့ ဖြစ်သည်။ ထိုသို့သွားရသော နမ်းအွန်ရွာလေးသည် တောင်စောင်းများတွင် အိမ်များကို ဆောက်ထားပြီး တောပန်း နီနီများဖြင့် အဝေးမှကြည့်လျှင် ရုပ်လုံးဖော်ထားသော ပန်းချီကားကို ကြည့်ရသကဲ့သို့ အလွန်ကြည့်၍ ကောင်းသည်။ နေ့လယ် ၁၂နာရီခန့်မှာ လင်းဝေး ရောက်၍ ရွာထဲရှိ မုန့်ဆိုင်လေးမှာ ထမင်းစား ခဏနားပြီး Fossil ထွက်ရှာ ကြသည်။ ပြီးနောက် အပြန်လမ်းရှိ တန်လျှောက်ရွာသို့ဝင်၍ ထပ်မံ၍ Fossil များရှာကြသည်။ ထိုရွာ၏ တည်နေပုံမှာလည်း ထူးခြားသည်။ ရွာရှိမှန်းပင် မသိရ။ ရွာမှာ တောင်ပေါ်တွင် သီးခြားရှိနေသောကြောင့် ရွာတံခါးရှေ့မှ ဖြတ်သွားလျှင် လိမ္မော်ခြံ တစ်ခြံဟုသာ ထင်မှတ်စရာ ရှိသည်။ ရွာသားများမှာ အလွန် ဖော်ရွေ လှသည်။
အောက်တိုဘာ ၃၁ရက်နေ့မှာတော့ Camp နှင့် အနီးဆုံး ဖြစ်သော ဆင်ဆာပြားရွာ အနီး တစ်ဝိုက်တွင် Fossils များ ထွက်ရှာကြရသည်။ နိုဝင်ဘာ ၁ရက် နေ့မှာတော့ Camp နှင့် အဝေးဆုံး ဖြစ်သော အင်းကြီး ဧရိယာသို့ သွားရသည်။ တောထဲမှာ လမ်းပျောက်ပြီး ဒုက္ခရောက်သော နေ့လည်း ဖြစ်သည်။ ထိုအင်းကြီးရွာသို့ နံနက် ၇ နာရီ Camp မှစထွက်ရာ နေ့လယ် ၁ နာရီခန့်မှ ရောက်သည်။ တစ်ခါမှ မရောက်ဖူးသော မသိကျွမ်းသော နေရာစိမ်း ဒေသစိမ်း၏ တောကြီး မျက်မည်းထဲတွင် မြေပုံကိုင်၍ သံလိုက်အိမ်မြှောင်ကို သုံးပြီး သွားရသည်မှာ စိတ်လှုပ်ရှားဖို့ ကောင်းသည်။ အကြောင်းမှာ သွားရသော လမ်းခရီးတွင် အချို့ တောနက်သော နေရာများမှာ လူလည်းမရှိ လမ်းခွဲတွေလည်း များတာကြောင့် လမ်းအရွေးများ မှားလျှင် ရွာပတ်တော့သည်။ ကျွန်တော် တို့မှာ အသွားတွင် အခက်အခဲ မရှိ အင်းကြီးသို့ ရောက်ခဲ့သော်လည်း အပြန်မှာတော့ ရေရေလည်လည် ဒုက္ခ ရောက်တော့သည်။ ထိုနေ့က သွားရသော အင်းကြီးမှာ စံပြကျေးရွာ ဖြစ်သည်။ လူနေ ထူထပ်၍ စည်ကားသော ရွာတစ်ရွာ ဖြစ်သည်။ နေ့လယ် ၁ နာရီလောက်မှ ထိုရွာသို့ ကျွန်တော်တို့ Sub-group ခြောက်ခုမှာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာသည်။ ထိုရွာမှာ ခဏ နားပြီး အပြန်တွင် သိမ်ကုန်းရွာဘက်မှ ပြန်၍ရသည် ဆို၍ ကျွန်တော်တို့ Sub-group မှာ ထိုသိမ်ကုန်းရွာဘက်မှ ပတ်ပြန်ပါသည်။ အဲဒီမှာ ဇာတ်လမ်းစပါသည်။
Read more »
Scridb filter
May 03
(၂၀၀၉ခု၊ မတ်လ ထုတ် Teen Magazine မှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။)
ဖြိုးပိုင်စိုး
ကမ္ဘာကြီးကို တည်ဆောက် ထားသည့် ခံ့ထည် ကြီးမားလှသော ကျောက်ထု၊ မြေထုများ အကြောင်းကို လေ့လာ သင်ယူနေရသော ဘူမိဗေဒ ကျောင်းသားများ အတွက် ဘူမိဗေဒ ကွင်းဆင်း ခရီးသည် အလွန် တန်ဖိုး ရှိလှသည်။ ဘ၀တစ်သက်တာ ရရန် မလွယ်ကူသော အတွေ့ အကြုံ၊ ခံစားချက် များကို ပေးစွမ်းနိုင်သော ထိုကွင်းဆင်း ခရီးစဉ်သည် ကျွန်တော်တို့ ဘူမိဗေဒ ကျောင်းသားများ အတွက် တစ်သက်တာ မမေ့နိုင်သော အမှတ်တရ တစ်ခုပင် ဖြစ်သည်။ ကျွန်တော်၏ ဘူမိဗေဒ ဒုတိယနှစ် ကွင်းဆင်းခရီးစဉ် အကြောင်းကို ၂၀၀၈ ခုနှစ် မေလထုတ် teen မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ပဲခူး ရိုးမ အစပ်နားရှိ ကျွဲဘုတ် ဧရိယာမှာ ၉ ရက်ကြာ ကွင်းဆင်းခဲ့ရသည်။ ယခု တတိယနှစ်မှာတော့ ရှမ်းရိုးမ တောင်တန်းကြီးပေါ်မှာ ၁၈ ရက် ကြာ ကွင်းဆင်း ခဲ့ရပါသည်။
၂၀၀၇- ၂၀၀၈ ပညာသင်နှစ်မှာ ကျွန်တော်တို့ တတိယနှစ် ဘူမိဗေဒ ကျောင်းသားများသည် ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် အတွင်းရှိ ဧရိယာ ၄ခုသို့ အဖွဲ့ကြီး ၄ဖွဲ့ ခွဲ၍ ကွင်းဆင်း လေ့လာခဲ့ရသည်။ ထိုကွင်းဆင်းခရီး အတွက် တတိယနှစ်ကျောင်းသား ၂၀၀ ကျော် ကို အချိုးကျ အဖွဲ့ကြီး ၄ဖွဲ့ ခွဲသည်။ ထိုအဖွဲ့ကြီး ၄ ဖွဲ့တွင်မှ ကျွန်တော်က အဖွဲ့ကြီး ၃ မှာ ပါဝင်ခဲ့ သည်။ ထိုအဖွဲ့ကြီးမှ တစ်ဖန် ကျောင်းသား ၁၀ ယောက်နှုန်းဖြင့် အဖွဲ့ငယ် ၆ ဖွဲ့ ထပ်ခွဲသည်။ ထိုအဖွဲ့ငယ်များမှ ကျွန်တော်မှာ Sub-group-2 ၏ ခေါင်းဆောင် အဖြစ် လိုက်ပါခဲ့ရသည်။ ကျွန်တော်တို့ အဖွဲ့ကြီး ၃ ၏ ကြီးကြပ်သူများ အဖြစ် ဒဂုံ တက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက် ပါမောက္ခ ဦးနေမျိုးနှင့် သရုပ်ပြဆရာ ဦးအောင်မင်းဦးတို့ လိုက်ပါခဲ့ပါသည်။
Read more »
Scridb filter
Oct 01
ဖြိုးပိုင်စိုး
(ဇွန်လ၊၂၀၀၈ ထုတ် Teen Magazine ပါ ၀ထ္တုတိုအား ပြန်လည်ကူးယူဖေါ်ပြပါသည်။)

ဘူမိဗေဒအထူးပြု ဘာသာရပ်ကို သင်ကြားရသည့် ကျောင်းသားတိုင်း အတွက် ကွင်းဆင်းဘူမိဗေဒ (Field Geology) သည် မရှိမဖြစ်၊ မလုပ်မဖြစ် သော အရေးအကြီးဆုံး ဘာသာရပ်ဖြစ်ပါသည်။ ဘူမိဗေဒ၏ ဘာသာရပ်ခွဲ အားလုံးကို ကွင်းဆင်းလေ့လာသင်ယူခြင်းဖြင့်သာ အမှန်တကယ် နားလည် တတ်မြောက်နိုင်မှာ ဖြစ်ပါသည်။ ကမ္ဘာကြီး၏ ထုထည် အကြီးမားဆုံး ဖြစ် သော ကျောက်ထုများ၊ မြေထုများအကြောင်းကို သင်ယူရာတွင် စာသင်ခန်း ထဲ၌သာ Theory များကို ဖတ်နေ၊ သင်နေရုံနှင့်မပြီးဘဲ ကိုယ်တိုင်ကွင်းဆင်း လေ့လာသင်ယူခြင်းတို့နှင့်မှသာ ပြည့်စုံမည် ဖြစ်ပါသည်။
ဘူမိဗေဒ ကျောင်းသားတစ်ယောက်အတွက် ကွင်းဆင်းလေ့လာရေး ခရီးသည် ဘူမိ ဗေဒဘာသာရပ်ကို သင်ယူရန် ရွေးချယ်လိုက်စဉ်ကတည်းက မက်ခဲ့သော အိပ်မက်ပင် ဖြစ်ပါသည်။ ဘူမိစိတ်ဓာတ်ဟု ဘူမိဗေဒကျောင်းသား တို့ ကြွေးကြော်ကြသော စည်းလုံးမှု၊ အနစ်နာခံမှု၊ ရိုင်းပင်းကူညီမှု၊ တက်ကြွမှု စသည့် ဘူမိစိတ်ဓာတ်ကို အခြေတည် မွေးဖွားပေးသည့် ခရီးစဉ်ကြီးလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘူမိဗေဒ ကျောင်းသားများမှာ ပထမနှစ်၌ ကွင်းဆင်းရခြင်းမရှိဘဲ ဒုတိယနှစ်နှင့် တတိယနှစ်သို့ ရောက်မှသာ ကွင်းဆင်းလေ့လာရပါသည်။
၂၀၀၆-၂၀၀၇ ပညာသင်နှစ်တွင် ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ဘူမိဗေဒ ဒုတိယ နှစ်ကျောင်းသားများ၏ ကွင်းဆင်းလေ့လာရေး ခရီးစဉ်ကို ဒုတိယနှစ်ဝက် စာမေးပွဲပြီးချိန် အောက်တိုဘာ ၁၅ တွင် စီစဉ်ထားခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းရာ၌ ဒုတိယနှစ် ဘူမိကျောင်း သားဦးရေ ၃၀၀ ကျော်အား အချိုးကျ တစ်ဖွဲ့လျှင် ကျောင်းသား ၆၀ ဦးနှုန်းဖြင့် အဖွဲ့ကြီး ၅ ဖွဲ့ ခွဲလိုက်ပါသည်။ ထိုအဖွဲ့ကြီး ၅ ဖွဲ့တွင် ကျွန်တော့်မှာ အဖွဲ့ကြီး ၂ တွင် ပါဝင်ခဲ့ပါသည်။ ထိုအဖွဲ့ကြီး ၂ မှာမှ အဖွဲ့ငယ် ၅ ခု ထပ်မံ ခွဲလိုက်ပါသည်။ တစ်ဖွဲ့လျှင် ကျောင်းသား ၁၀ ယောက်စီ ဖြစ်ပါသည်။
ကျွန်တော်တို့အဖွဲ့၏ ပထမသတ်မှတ်ထားသော ကွင်းဆင်းဧရိယာမှာ ကလောမြို့အနီး သုံးမိုင်ခန့်အကွာတွင် ရှိသော ပျဉ်ညောင်ဧရိယာ ဖြစ်ပါသည်။ သို့သော်လည်း အကြောင်းကြောင်း ကြောင့် ထိုခရီးစဉ်ကို ဖျက်သိမ်း၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင်မှ ပဲခူးရိုးမအနောက်ပိုင်း ဥက္ကံမြို့ ၅ မိုင်အကွာတွင်ရှိသော မာဂရီသစ်တောကြိုး ၀ိုင်းအတွင်းရှိ ကျွဲဘုတ်ရွာဧရိယာသို့ ပြောင်းလဲ ကွင်းဆင်းလေ့လာခဲ့ရပါသည်။ အခြားကွင်းဆင်း အဖွဲ့များတွင် အဖွဲ့ ၁ နှင့် ၄ က ပန်းတစ်ပွင့်တောင် ဧရိယာ၊ အဖွဲ့ ၃ က စမ်းရွာဧရိယာ၊ အဖွဲ့ ၅ နှင့် အဖွဲ့ ၆ က မင်းကွန်းနှင့် မြစိမ်း တောင်ဧရိယာသို့ အသီးသီး ကွင်းဆင်းလေ့လာ ခဲ့ရပါသည်။
ထိုကွင်းဆင်းခရီးစဉ်အတွက် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် Field Meeting ခေါ်ပါသည်။ ထို Meeting တွင် Field ကြေးများသွင်းခြင်း၊ Sub Group များအတွက် 1st Leader နှင့် 2nd Leader များ ရွေးခြင်း၊ ကွင်းဆင်းခရီးစဉ် အတွက် လိုအပ်သည့် ပစ္စည်းများ၊ ယူဆောင်လာရမည့် ပစ္စည်းများကို အဖွဲ့၏ Supervisor ဖြစ်သည့် ဆရာမက မှာကြားပါသည်။ ကျွန်တော်တို့ ကွင်းဆင်း အဖွဲ့ကြီး ၂ ၏ Supervisor များအဖြစ် လက်ထောက်ကထိက ဆရာမဒေါ်ခင်အိအိစိုး၊ ဆရာဦးသန်းဦးနှင့် ဦးအောင်ဇော်မျိုး၊ ဓာတ်ခွဲခန်း နည်းပြ ဦးအောင်ကျော့တို့မှ ကြီးကြပ်လိုက်ပါခဲ့ပါသည်။
ထို့နောက် ကျွန်တော်တို့ ကွင်းဆင်း လေ့လာရေး ခရီးစဉ်အတွက် ထွက်ခွာရန် ဒဂုံ တက္ကသိုလ်တွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၈း၃၀ နာရီ၌ ကျောင်းသားအားလုံး စုစည်းကြပါသည်။ စုရပ်ဖြစ်သော ဒဂုံတက္ကသိုလ်ကားကြီးကွင်းတွင် ကွင်းဆင်းကျောင်းသူ၊ ကျောင်းသားများ၏ တစ် ယောက်နှင့် တစ်ယောက် နှုတ်ဆက်သံ၊ စနောက်သံများဖြင့် စည်ကားလျက် ရှိနေပါတော့သည်။ ထို့အတူ ကျွန်တော်တို့ ဘူမိဗေဒဌာနပါမောက္ခကြီး ဒေါက်တာဦးအေးကိုအောင်က ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေး ဂရုစိုက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားပါသည်။ ထို့နောက် အဖွဲ့များမှာ ကွင်းဆင်းဒေသများသို့ Express ကားများဖြင့် ထွက်သွားကြသည်။ သို့သော် ကျွန်တော်တို့ အဖွဲ့ ၂ နှင့် အဖွဲ့ ၃ စီးရမည့် ကားနှစ်စီးမှာ နောက်ကျသောကြောင့် နံနက် ၁၀း၃၀ မှ သာစုရပ်မှ စတင်ထွက်ခွာနိုင်ခဲ့ပါသည်။ ကျောင်းသားများမှာ ကားတစ်စီး ထွက်ခွာတိုင်း အပြန်အလှန် အော်ဟစ်နှုတ်ဆက်နေကြရာ အလွန်ပျော်စရာကောင်းလှပါသည်။
Read more »
Scridb filter