Oct 31

Dr. Myint Lwin Thein, a hero of Myanmar Geology
၁၉၉၀ ခုက ဘူမိဗေဒကွင်းဆင်းစဉ် ကွယ်လွန်ခဲ့သော ဆရာကြီးဒေါက်တာမြင့်လွင်သိမ်း အား ဂုဏ်ပြုသည့်အနေဖြင့် ပညာရည်ချွန်ဆု ရံပုံငွေတစ်ရပ်ထူထောင်ကာ ရန်ကုန်တက္ကသိုလ် မှ ဘူမိဗေဒဘွဲ့ရများနှင့် အသုံးချဘူမိဗေဒ ဒီပလိုမာ ဘွဲ့ရများမှ ရွေးချယ် ဆုချီးမြှင့်ခဲ့သည်မှာ ၁၅ ကြိမ်ရှိခဲ့ပြီး ဆရာကွယ်လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့တိုင်း အမှတ်တရ စာတမ်းဖတ်ပွဲများလည်း AGD တွင် ကျင်းပခဲ့ပါသည်။ ယခု ကွင်းဆင်းရာသီတွင် ဆရာကြီးအား သတိတရ ရှိစေရန် အထုပ္ပတ္တိအကျဉ်းကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာမြင့်လွင်သိမ်းအား ၁၉၃၅ ခု ဖေဖော်ဝါရီ ၂၈ တွင် ဟင်္သာတ၌ မွေးဖွားခဲ့ပြီး ၁၉၅၃ တွင် မြို့မအထက်တန်း ကျောင်းမှ တက္ကသိုလ် ၀င်တန်းအောင်ခဲ့သည်။ ၁၉၅၈ တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ(ဂုဏ်ထူး) ဘွဲ့ရခဲ့ပြီး အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်မှ ၁၉၆၂ တွင် မဟာသိပ္ပံဘွဲ့နှင့် ၁၉၆၅ တွင် ပါရဂူဘွဲ့ တို့ကို Invertebrate Paleontology အထူးပြုဖြင့် ရရှိခဲ့သည်။
၁၉၆၅ တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ပြီး ၁၉၆၆ မှ ၁၉၇၅ ထိ ကထိက တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း၏ stratigraphy ကို စောက်ချ လုပ်ကိုင်ခဲ့ရင်း ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသားများ ကိုပါ ပြုစု ပျိုးထောင်ခဲ့သည်။
၁၉၆၆ စက်တင်ဘာတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တွင်ကျင်းပသော IGCP အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖြစ်တက်ရောက် ခဲ့သည်။
၁၉၆၉တွင် မြန်မာနိုင်ငံ IGCP National Committee ၏ အတွင်းရေးမှူးအဖြစ် စတင်ဆောင်ရွက်သည်။
၁၉၇၄ မေလတွင် အီရန်နိုင်ငံ တီဟီရန်တွင်ကျင်းပသော IGCP ၏ အရှေ့တောင်အာရှ ဆိုင်ရာ အစည်းအဝေး သို့တက်ရောက်သည်။
၁၉၇၅ တွင် မြန်မာနိုင်ငံ သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ ဘူမိသိပ္ပံ သုတေသနအဖွဲ့ဝင်အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။
၁၉၇၅ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ဘန်ကောက်တွက်ကျင်းပသော IGCP Project 32 ၏ ဒေသဆိုင်ရာ အစည်းအဝေး သို့ မြန်မာကိုယ်စားလှယ် အဖြစ်တက်ရောက်သည်။
၁၉၇၅ မှ ကွယ်လွန်သည်အထိ ဘွဲ့လွန်အသုံးချဘူမိဗေဒဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် အသုံးချဘူမိဗေဒ ဒီပလိုမာသင်တန်းများ၊ သုတေသန project များကို စိတ်ရောကိုယ်ပါ ကြီးကြပ်လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် တောင်ပိုင်းရှမ်းပြည်ရှိ Lead Zinc Silver Barite သတ္တုသိုက်များ၊ မြောက်ပိုင်းရှမ်းပြည် ဘော်တွင်း သတ္တုတွင်းနှင့် မန္တလေးတိုင်းရှိ ပတ္တမြား၊ နီလာ၊ နဂါးသွဲ့ တွင်းထွက်များနှင့် ဂရက်ဖိုက်၊ ရွှေသတ္တုများ အကြောင်း ကိုယ်တိုင်ပါဝင် သုတေသနပြု လေ့လာခဲ့သည်။
Read more »
Scridb filter
Oct 31
ScienceDaily (Oct. 8, 2008)

- ဟန်းနက်နှင့်အတူ စမ်းသပ်ကိရိယာများ တပ်ဆင်နေသော ဘွဲ့လွန်ကျောင်းသာ ခရစ္စတိုဖာ ဂလိန်း
ကမ္ဘာ့အပေါ်ယံမြေလွှာအနက် ကျွန်ုပ်တို့အောက်မိုင်များစွာ တွင်သက်ရှိတို့မလှုပ်ရှားနိုင်ကြ၊ တည်နိုင်သော သက်ရှိမှာလည်း သတ္တ၀ါဟုပြောရန်ခက်သော အရွယ်။ တစ်နည်းအားဖြင့် microbe ခေါ် အဏုဘက်တီးရီးယား (သို့မဟုတ်) ကမ္ဘာမြေ၏ အသေးဆုံးနှင့် အစောဆုံး သတ္တ၀ါများသာရှိနိုင်ကြသည်။
အဆိုပါ အနက်ပိုင်း ဇီဝလောက သတ္တ၀ါငယ်တို့၏ မျိုးစိတ်ကွဲပြားမှုမှာ မြေပေါ်ဝန်းကျင်ထက် ပိုမို ထွန်းကားသည်ဆိုငြားလည်း ယင်းတို့၏အကြောင်းကို ယနေ့တိုင် ဂဃနဏ မသိနိုင်ကြသေး၊ အထူးသဖြင့် ယင်းတို့စားသုံးရာ organic compound တို့၏ မူလအစကို သိအောင်ကြိုးစားကြဆဲ ဖြစ်ပါသည်။ အာရီဇိုးနားပြည်နယ်တက္ကသိုလ် မှ ပညာရှင်တို့သည် physical organic chemistry ကို organic geochemistry နှင့် biogeochemistry တို့နှင့် ပေါင်းစပ်ကာ အဆိုပါသုတေသနများကို ဆောင်ရွက်လျက်ရှိကြပြီဖြစ်သည်။
အော်ဂဲနစ်ပစ္စည်းတို့၏ အဓိက ဒြပ်စင်ဖြစ်သော ကာဗွန် သည် ဤကမ္ဘာ၏ အလှုပ်ရှားဆုံး ဒြပ်စင်တစ်ခုလည်း ဖြစ်သည်။ ယင်းသည် ဇီဝဗေဒ၊ ရူပဗေဒနှင့် ဓာတုဗေဒဆိုင်ရာ ဖြစ်စဉ်များစွာတွင် ပုံစံနှင့် အချိန်အတိုင်းအတာ အမျိုးမျိုးဖြင့် ပါဝင် သရုပ်ဆောင်လျက်ရှိပေသည်။ ကာဗွန် မည်သို့ ဖြစ်ပေါ်သည်။ မည်သည့်နေရာမှအစပြုသည်။ မည်မျှထိ တည်တံ့နိုင်သည် တို့ကို သိရှိ နားလည်ခြင်းဖြင့် ကာဗွန်သံသရာကို ပိုမိုရှင်းလင်းစွာ အသေးစိတ်မြင်လာနိုင်ပေသည်။ ဤသို့ မသိမြင်နိုင်သေးခြင်း၏ အဓိကအကြောင်း တစ်ခုကလည်း ကျွန်ုပ်တို့ ပညာရှင်များ လေ့လာစမ်းသပ် နိုင်သည်မှာ မြေမျက်နှာပြင်ပေါ်တွင်သာဖြစ်ပြီး အချိန်အားဖြင့်လည်း ဘူမိသက်တမ်းနှင့်နှိုင်းလျင် မဖြစ်စလောက်ဖြစ် သည့် လူ့တစ်သက်တာမျှသာဖြစ်သော ကြောင့် ဖြစ်ပေသည်။
အနက်ပိုင်း ဇီဝလောက microbes တို့သည် အခြားသက်ရှိများလိုပင် အသက်ရှင်ရန် စွမ်းအင်လိုကြသည်။ အများအားဖြင့်မူ အော်ဂဲနစ်ဒြပ်ပေါင်းများမှ စွမ်းအင်ကိုရရှိကြသည်။ ထိုဒြပ်ပေါင်းများ အချိန်နှင့်အမျှ မြေနက်သို့တိုးရွေ့သွားသည့် microbe တို့ အတွက် အသုံးမတည့်ဖြစ်ကြရသည်။ စားသုံးနိုင်သော အောဂဲနစ်ဒြပ်ပေါင်းအချို့ကို မြေအောက် microbe အချို့မှတစ်ဆင့် ရရှိသော်လည်း များသောအားဖြင့်မူ ထူးခြားသော ဓာတုဖြစ်စဉ်တစ်ခု၏ end product အဖြစ်မှရလာကြသည်။
ယခုအခါ အသုံးမတည့်ဖြစ်သွားသည့် မြေနက်ရောက် အော်ဂဲနစ်ဒြပ်ပေါင်းများကို အသုံးတည့်အောင် ပြောင်းလဲပေးနိုင်သည့် ဘူမိဓာတုဖြစ်စဉ်မျိုးကို ရှာဖွေရန် College of Liberal Arts and Sciences မှ ဇီဝဓာတုပညာရှင် အဲဗရက်ရှော့ နှင့် အဖွဲ့က ဦးဆောင်သုတေသနပြုနေကြသည်။
Read more »
Scridb filter
Oct 31

Kutztown University in Pennsylvania ကို ရိုက်ကူးထားသော GeoEye-1 ၏ ပထမဆုံးပုံရိပ်
၂၀၀၈၊စက်တင်ဘာ (၆)ရက်နေ့က ကာလီဖိုးနီးယား အခြေစိုက် မန်ဒင်ဘာ့ဂ် လေတပ်စခန်းမှ လွှင့်တင်ခဲ့ပြီး ပုံရိပ်ဖမ်းနိုင်စွမ်း မြင့်မားတဲ့ GeoEye-1 ဂြိုလ်တု အသစ်စက်စက်ကလေး ကနေ Kutztown University in Pennsylvania ကို ရိုက်ထားတဲ့ ပထမဆုံး ပုံရိပ်ကို ပေးပို့လိုက်ပါပြီ။ ဒီပုံရိပ်ဟာ မွန်းတည့်ချိန်မှာ တောင်ဘက်ကို တစ်စက္ကန့်လျှင် ၄.၅မိုင်နှုန်းနဲ့ ရွေ့လျားနေဆဲ အမြင့် ၄၂၃ မိုင် အကွာကနေ ထောင်မှန်ကျ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
သူဆီကနေ ဆက်လက်ဖမ်းယူမယ့် ပုံရိပ်တွေကို Google Map နဲ့ Google Earth မှာ တွေ့မြင်ကြရတော့မှာပါ။ ယခုလောလောဆယ် Google Earth က ၁၅ sq.m/pixel ရှိ ပုံရိပ်များကို သုံးထားပါတယ်။ ဒါဟာလည်း မြေမျက်နှာသွင်ပြင် အကျယ်ကို ကောင်းကောင်း ကြည့်ရှုနိုင်ပါတယ်။ Google ဟာ GeoEye နဲ့ သူ့ရဲ့ အွန်လိုင်းမြေပုံ ရေးဆွဲမှုလုပ်ငန်းများမှာ GeoEye ရဲ့ပုံရိပ်တွေကို အသုံးပြုနိုင်ဖို့ စာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လဲ Google တံဆိပ်ကို GeoEye-1 လွှတ်တင်မယ့် ဒုံးပျံရဲ့ ဘေးဘက်မှာ ရေးဆွဲထားတာ ဖြစ်ပါတယ်။
GeoEye-1 ဟာ ယနေ့ထိ ကမ္ဘာမှာ ပုံရိပ်ဖမ်းနိုင်စွမ်း အမြင့်မားဆုံး ဂြိုလ်တုဖြစ်ပါတယ်။ သူရဲ့အဓိက ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ပါ။ GeoEye-1 ဟာ ၄၃၀၀ ပေါင် အလေးချိန် ရှိပါတယ်။ ကမ္ဘာမြေရဲ့ ၄၂၃ မိုင် အကွာမှာ လှည့်လည်နေမှာဖြစ်ပြီး ၄၁ စင်တီမီတာ resolution အရွယ်အစားရှိ အသေးစိတ် ပုံရိပ်များကို ဖမ်းယူနေမှာဖြစ်ပါတယ်။ GeoEye ရဲ့ အမေရိကန်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ google နဲ့ ပြင်ပ၀ယ်ယူလိုသူများအတွက်ကတော့ ၅၀ စင်တီမီတာ resolution ပုံရိပ်များကို သာ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ ပုံရိပ်ဖမ်းဂြိုလ်တုများ၏ စွမ်းအင်က မြင့်တက်လို့ လာပါပြီ။ နောက်ထပ် ၂၅ စင်တီမီတာ resolution အထိ ဖမ်းယူနိုင်မယ့် GeoEye-2 ကိုတော့ ၂၀၁၁ သို့မဟုတ် ၂၀၁၂ လောက်မှာ လွင့်တင်နိုင်မယ် လို့ဆိုပါတယ်။
Scridb filter
Oct 30
David Wethe (Houston, USA)
(Oct 28, 2008, Bloomberg)

နှစ်ပေါင်း ၃၀ အတွင်းအမေရိက၏ အကြီးမားဆုံးတွေ့ရှိချက်ဖြစ်သည့် တွင်းများ အပါအ၀င် ကမ္ဘာတ၀ှမ်းရှိ ရေနက်ကမ်းလွန် တွင်းပေါင်း ၁၀၀ ခန့်မှ ၂၀ ကျော်သည် ချေးငွေ ရရှိနိုင်အား လျော့ကျမှုကြောင့် နှောင့်နှေးကြဖွယ်ရှိသည်။
ဟူစတန်ရှိ Pritchard Capital Pateners မှ လေ့လာသူ ဘရိုင်ယန်အာလမာ က ဒေါ်လာ သန်း ၈၀၀ ထိ ကုန်ကျမည့် အဆိုပါတွင်း ၂၀ မှ တစ်ဝက်လောက်သည် ၂ နှစ်မှ ၃ နှစ်အချိန်အတွင်းပြီးစီးချိန် အထိ နောက်ခံ ရန်ပုံငွေ အလောက်အငှရှိမရှိ စဉ်းစားစရာဖြစ်နေပြီဟုဆိုသည်။ ယင်းတွင်းတူးစင် များကို တည်ဆောက် နေသော ကန်ထရိုက်တာများသည် ချေးငွေဖြင့်ရပ်တည်ရခြင်းဖြစ်သဖြင့် တစ်ကမ္ဘာလုံး စီးပွားရေး အကြပ်အတည်း ဖြစ်ချိန်တွင် အာမခံနိုင်သော ငွေချေးသူများရှိမရှိ သတိပြု နေကြရသည်။
နော်ဝေ၏ Sevan Marine ASA သည် တွင်းတူးစင် ၂ ခုအတွက် ငွေအလုံအလောက်ရှိမရှိ စိုးရိမ် နေရစဉ် ယင်း၏ ရှယ်ယာများ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။ ဟူစတန်ရှိ Atwood Oceanics Inc. က စင်္ကာပူတွင် Jurong Shipyard Pte. Ltd. အတွက် ရေနက်တွင်း တူးစင် တစ်ခု တည်ဆောက်ရန် ရည်မှန်းချက်ကို ဖျက်ရမည့်အကြောင်း အောက်တိုဘာ ၁၆ က ထုတ်ပြောသည်။ Petrobras ၏ ဘရာဇီးရှိ Tupi ကဲ့သို့ပင် ကမ်းလွန် ရေနံကွက်များ ဖြည့်ဆည်းရန် တွင်းနက်သစ် များ ကို လျှော့ချရမည်ဖြစ်သည်။
ဤ အကြပ်အတည်းတွင် အထိခိုက်ဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးမှာ Petrobras ပင် ဖြစ်ပုံရ ကြောင်း အာလမာ ကဆိုသည်။
Rio de Janeiro တွင်အခြေစိုက်သော နိုင်ငံပိုင် Petrobras ၏ CEO Jose Sergio Gabrielli က ကုမ္ပဏီ အနေဖြင့် ငွေကြေးစိုက်ထုတ်နိုင်မည့် တွဲဖက်အဖွဲ့အစည်းများ ရှာဖွေရတော့မည်ဟုဆိုသည်။ “Petrobras ရဲ့ လုပ်ငန်းအဆင့်ဆင့် ကွန်ယက်အတွက် ကွင်းဆက်မပြတ်ဖို့လိုနေပါတယ်” ဟု ဟူစတန်တွင် ယခင်အပတ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂဲဘရိယယ် က ဆိုသည်။
Read more »
Scridb filter
Oct 30
(တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အမှတ် ၁၊ ၁၉၆၆ ပါ ဆောင်းပါးကို ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)
ဒေါက်တာမြင့်လွင်သိမ်း
အီကော်လော်ဂျီ (ecology) သည် သက်ရှိများ (တိရစ္ဆာန်နှင့် သစ်ပင်)နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ကို အပြန်အလှန် ဆက်သွယ်နေပုံကို သိပ္ပံနည်းဖြင့် လေ့လာသော ဇီဝဗေဒ ပညာရပ်တခုဖြစ်သည်။ အတိတ်အီကော်လော်ဂျီ (paleoecology) သည် ရှေးခေတ်အခါက ကမ္ဘာမြေပေါ်တွင် အသက်ရှင် နေထိုင်ခဲ့ကြသော သက်ရှိများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်တို့ ဆက်သွယ်ပုံ အကြောင်းအရာများကို သိပ္ပံနည်းဖြင့် စူးစမ်းရှာဖွေ ဖေါ်ထုတ်ပေးသော ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ (paleontology) ၏ ပညာရပ်တခု ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒသည် ရှေးဘူမိခေတ်များအတွင်းက နေထိုင်တည်ရှိခဲ့ကြသော သက်ရှိများ၏ အကြောင်းကို ကျောက်ဖြစ်ရုပ်ကြွင်း (fossil) များ (ကျောက်ဖြစ်လျက်ရှိသော အတိတ်ခေတ် သက်ရှိများ၏ အကြွင်းအကျန်များ)ကို အထောက်အထားပြုကာ လေ့လာသော ဘူမိဗေဒသိပ္ပံ ပညာရပ်တခု ဖြစ်သည်။ အထက်ပါ ရှင်းလင်း ဖွင့်ဆိုချက်များအရ “အတိတ်အီကော်လော်ဂျီ” သည် ဇီဝဗေဒနှင့် ဘူမိဗေဒပညာရပ် နှစ်ခုစလုံးနှင့် ဆက်စပ်နေကြောင်း ထင်ရှားစွာ တွေ့ရလေသည်။
အီကော်လော်ဂျီ
အတိတ်အီကော်လော်ဂျီကို ကျနစွာ နားလည်နိုင်ရန် ပစ္စုပ္ပန် အီကော်လော်ဂျီကို ခေတ်မီစွာ နားလည်ဖို့ အလွန်လိုအပ်ပေသည်။ သက်ရှိတို့၏ ပတ်ဝန်းကျင်ကို ပြုလုပ်ဖန်တီးထားသည့် အီကော်လော်ဂျီအချက် (ecologic factor) များသည် အမြဲတမ်းပြောင်းလဲနေသည့်ပြင် တခုနှင့်တခုလည်း ဆက်စပ်နေလျက် အလွန်တရာ ရှုပ်ထွေးလှပေသည်။ ပတ်ဝန်းကျင်ဟု ဆိုရာ၌ ရုပ်ပတ်ဝန်းကျင်၊ ဓါတ်ပတ်ဝန်းကျင်၊ ဇီဝပတ်ဝန်းကျင် တို့ကို ဆိုလိုသည်။
ရုပ်ပတ်ဝန်းကျင်၌ ပါဝင်သည့် အရေးကြီးသော အီကော်လော်ဂျီအချက်များသည် အပူချိန်၊ အလင်းရောင် အခြေအနေ၊ ဖိအား၊ ဆွဲအား၊ ရေဒီယေးရှင်း (radiation)၊ ရေအနက်၊ ရေလှုပ်ရှားမှု၊ ပင်လယ်အောက် သို့မဟုတ် ကုန်းမြေ၏ အခြေအနေနှင့် မျက်နှာပြင်၊ အောက်ခြေ အနည်ထိုင်ခြင်း အခြေအနေ၊ ရေထုနှင့် ကုန်းမြေ၏ ပထ၀ီအနေအထား စသည်တို့ဖြစ်ကြသည်။
ဓါတ်ပတ်ဝန်းကျင်တွင် ရေငန်ခြင်း၊ ရေတွင်ပျော်ဝင်နေသည့် အောက်စီဂျင် (oxygen)၊ ကာဗွန်ဒိုင်အောက်ဆိုက် (carbon dioxide)၊ နိုက်တြိုဂျင် (nitrogen) စသည့် ဓါတ်ငွေ့များ၊ ရေတွင်ပျော်ဝင်ခြင်း မရှိသည့် ကော်လွိုက် (colloid) စသည့် အီကော်လော်ဂျီအချက်များ ပါဝင်ကြသည်။
ဇီဝပတ်ဝန်းကျင်တွင် အစားအစာ ပါဝင်သည့် သက်ရှိတို့၏ ဦးရေ၊ ပမာဏ၊ အမျိုးအစား၊ သက်ရှိများနှင့် အခြား မျိုးစိတ် (species) များ၏ အပြန်အလှန်ဆက်သွယ်ထောက်ကူမှု (symbiotic relationship) များ၊ သက်ရှိများ ပျံ့နှံ့သွားလာမှု၊ မွေးနှုန်းနှင့် သေနှုန်း၊ ဦးရေ၊ တိုးပွားမှုနှင့် ဆုတ်ယုတ်မှု စသည့် အီကော်လော်ဂျီအချက်များ ပါဝင်သည်။
အထက်ပါ အီကော်လော်ဂျီ အချက်များအနက် အချို့သည် မျိုးစိတ်တခု၏ ပြန့်ပွားရေး၌ အခြားအချက်များထက် အရေးကြီးပေသည်။ မျိုးစိတ်အမျိုးမျိုးတို့သည် တူညီသည့် အီကော်လော်ဂျီ အချက်များ၏ ပြုပြင်ဖန်တီးမှုကို ကွဲပြားစွာ ရရှိတတ်ကြသည်။ သို့သော်လည်း အချက်တခုခု၏ အရေးကြီးပုံသည် ပြဿနာ အမျိုးအစားကိုလိုက်၍ ပြောင်းလဲလျက်ရှိပေသည်။ ချုံ၍ကြည့်လျှင်ကား များသောအားဖြင့် အီကော်လော်ဂျီ အချက်အချို့သည် တခုနှင့်တခု နီးကပ်စွာ ဆက်စပ်နေသည့် အလျောက် ယင်းတို့၏ အရေးကြီးပုံကို အဆင့်အတန်း ခွဲခြားသိရှိနိုင်ရန်မှာ ခဲယဉ်းလှသည်။
ဇီဝထု (biota) နှင့် ပတ်ဝန်းကျင်တို့ အတူအကွ ဖွဲ့စည်းတည်ရှိနေသည့် စနစ်ကြီးကို အီကိုစနစ် (ecosystem or ecological system) ဟု ခေါ်၏။ ယင်း အီကိုစနစ်တွင် သက်ရှိများနှင့် ပတ်ဝန်းကျင်တို့သည် အပြန်အလှန် ရှုပ်ထွေးစွာ ဆက်သွယ်နေကြသည်။ ဇီဝထုသည် ဇီဝပထ၀ီ (Bio-geography) ပျံ့နှံ့မှုတွင် အကျုံးဝင်နေသောကြောင့်၎င်း အတည်တကျမရှိပဲ ပြောင်းလဲလှုပ်ရှားလျက် ရှိပေသည်။ (ပုံ ၁ ရှု။) ဆင့်ကဲဖြစ်စဉ် (evolution) သည် ပတ်ဝန်းကျင် ပြောင်းလဲခြင်းကြောင်း၎င်း၊ အချိန် ကြာမြင့်ခြင်းကြောင့်၎င်း၊ မြူတေးရှင်း (mutation) ခေါ် ဂျီးန (genes) များ ပြောင်းလဲခြင်းကြောင့်၎င်း ဖြစ်ပေါ်လေသည်။ ပတ်ဝန်းကျင် ကိုယ်တိုင်သည်လည်း ဇီဝထု ပြောင်းလဲသည့်အလျောက် အလိုက်သင့် ပြောင်းလဲလျက်ရှိသည်။
Read more »
Scridb filter