Dec 24

ဒိုင်နိုဆောမျိုးစိတ်သစ်၏ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

လွန်ခဲ့သော နှစ်သန်း ၁၀၀ ခန့်က ယနေ့ခေတ် ဆာဟာရ သဲကန္တာရဒေသကို ဖြတ်သန်း စီးဆင်းနေသော မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးသည်။ ထိုမြစ်ကြီးသည် ယနေ့ခေတ် ဥရောပတိုက်မှ ဇင်းညုမြစ်အကျယ်အ၀န်းခန့်ရှိပြီး သမိုင်းမတင်မီခေတ် သတ္တ၀ါကြီးများ ဖြစ်ကြသော ဧရာမ ငါးကြီးများ မျှော်စင်တမျှ မြင့်မားလှသော ဒိုင်နိုဆောသတ္တ၀ါကြီးများ ပေ ၆၀ခန့် ရှည်လျားသည့် မိကျောင်းကြီးများက ထိုမြစ်ကြီးတစ်ဝိုက်ရှိ တောအုပ်ကြီးများ မြစ်ချောင်း၊ အင်းအိုင်များကို အမှီပြုပြီး ရှင်သန်ကျက်စားခဲ့ဖူးကြောင်း သက်သေ အထောက်အထားများကို ဗြိတိသျှ ကျောက်ဖြစ်ရုပ်ကြွင်းမုဆိုးများက ရှာဖွေတွေ့ရှိခဲ့ကြသည်။

အဆိုပါ သုတေသနပြု တူးဖေါ်ရာဒေသမှ အလွန်ထူးခြား အရေးပါသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရာတွင် ပျံသန်းနိုင်မည့် ဧရာမတွားသွား သတ္တ၀ါကြီးတစ်ကောင်၏ နှုတ်သီးထိပ်ပိုင်းနှင့် ၆၅ပေ အရှည်ရှိ အပင်စား ဒိုင်နိုဆောတစ်ကောင်၏ ခြေ (သို့မဟုတ်) လက်အရိုးတို့ပါဝင်ခဲ့ရာ ယခင်က မတွေ့ခဲ့ဖူးသည့် မျိုးစိတ်များဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

ထို့အပြင် ဘတ်စ်ကားနှစ်စီး ဆက်ထားသည့် ပမာဏရှိသော မိကျောင်းကြီး၏ ရုပ်ကြွင်းများနှင့် နှစ်လက်မခန့်အရွယ်ရှိ အကြေးခွံများ ဖုံးလွှမ်းနေသော သားစားငါး တစ်ကောင်၏ အရေပြားနှင့် လွှသွားပုံသဏ္ဍာန် ငါးကြီးတစ်ကောင်၏ သွားများကိုလည်း တွေ့ရှိခဲ့ကြသည်။ ကြုံတောင့်ကြုံခဲဖြစ်သော ဒိုင်နိုဆောခြေရာများကိုလည်း အဆိုပါ သုတေသနပြုရာ ဒေသဖြစ်သော မော်ရိုကို အရှေ့တောင်ပိုင်း အယ်လ်ဂျီးရီးယား နယ်စပ်အနီးတွင် တွေ့ရှိခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Share
Dec 21

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဂျာနယ်ထုတ်ဝေ

Journal of the Myanmar Geosciences Societyမြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ပင်မမျှော်မှန်းချက်တစ်ရပ်ဖြစ်ခဲ့သော Journal of the Myanmar Geosciences Society (JMGS) ၏ အတွဲ (၁) အမှတ် (၁) ကို ယခုအပတ်တွင် စတင်ထုတ်ဝေ လိုက်ပြီဖြစ်သည်။ ယခု ဂျာနယ်တွင် လွန်ခဲ့သော (၃) နှစ်ကျော်ကပင် ရွေးချယ်ပြင်ဆင် ခဲ့ကြသော အောက်ပါ ဆောင်းပါး (၅) ပုဒ်ပါဝင်ကြောင်းသိရသည်။

  1. Seismicity and major active faults of Myanmar (Win Swe and Win Naing)
  2. Triassic organic reefs in Lungyaw-Sakangyi area, Ywa-ngan Township, Shan State (Zaw Win)
  3. Biostratigraphic correlation of the well sections in the Central Myanmar Basin (Than Htut and Swe Myint)
  4. Tertiary uplifting and exhumation of Mogok metamorphic terrane (Win Naing)
  5. Modes of occurrence and origin of precious gemstone deposits of the Mogok Stone Tract (Maung Thein)

မြန်မာနိုင်ငံဘူမိဗေဒပညာရှင်များ၏ စာတမ်းများကို လွတ်လပ်ရေးမရမှီနှင့် ရပြီးခေတ် Journal of Burma Research Society (JBRS) တွင် ဖော်ပြခဲ့ကြပြီး နောက်ပိုင်းခေတ် Union of Burma Journal of Science and Technology နှင့် တက္ကသိုလ် ပညာပဒေသာ စာစောင် တို့သည် အဖိုးတန် ဘူမိဗေဒဆောင်းပါးများ ပါဝင်ရာ စာစောင်များအဖြစ်ထင်ရှားသည်။ ဘူမိဗေဒသီးသန့် ထုတ်ဝေသော ပြည်တွင်းစာစောင်တို့မှာ Contributions to Burmese Geology (1981) နှင့် Georeports (1991) တို့ဖြစ်ပြီး တစ်အုပ်စီသာ ထွက်ပေါ်ခဲ့ဘူးသည်။ ယခုစာစောင်ဖြစ်မြောက်ရန် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း စတင်ဖွဲ့စည်းစဉ်ကပင် အစဉ်တစိုက် ကြိုးပန်းခဲ့ကြ ခြင်းဖြစ်ပြီး ပုံနှိပ်ပေးသူ ဦးမောင်မောင်နိုင် (Unicolor) (1982 ဘူမိဗေဒဘွဲ့ရ) နှင့် တကွ ဒေါက်တာဇော်ဝင်း၊ ဦးစိုးသူရထွန်း၊ ဦးကြိုင်စိန် (အတွင်းရေးမှူး၊ MGS) တို့၏ လုံ့လ၀ီရိယနှင့် စေတနာ ကို Geolfriends မှ မှတ်တမ်းတင်အပ်ပါသည်။

Share
Dec 19

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ နှစ်ပတ်လည် ညစာစားပွဲနှင့် စာတမ်းဖတ်ပွဲ

နှစ်စဉ်ကျင်းပနေကြဖြစ်သည့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် မိတ်ဆုံ ညစာစားပွဲကို ဒီဇင်ဘာ (၂၆) ရက်၊ ညနေ (၅) နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ IBC ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါနေ့ နံနက် (၉) နာရီတွင်လည်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းချုပ် တည်ရှိရာ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အအုံ၌ ၂၀၀၇ နှစ်ကုန် သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပမည် ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက် နိုင်ကြောင်း သတင်း ရရှိသည်။

Share
Dec 15

စည်တစ်လုံး၏ သမိုင်းကြောင်းနှင့် တစ်စည် (one barrel) တွင် ရေနံ ၄၂ ဂါလံ သတ်မှတ်ချက် ဖြစ်ပေါ်ပုံ

(Ref: Time)

(သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ် (၁၃၁)၊ ၂ှဇူလိုင် ၂၀၀၈၊ စာ-၄၀-၄၁)

မောင်မောင်ကြီး

Barrel ဆိုတာ

Barrel ခေါ် စည်ကို ဆလင်ဒါပုံ အခေါင်းပေါက် ပါရှိသည့် ထည့်စရာ သို့မဟုတ် သိုလှောင်စရာ ပစ္စည်းအဖြစ် သိထားကြပါလိမ့်မည်။ ရှေးရိုးစဉ်ဆက် သုံးခဲ့ကြသည့် စည်များမှာ ရေမိုးဒဏ် ခံနိုင်သည့် သစ်သားပျဉ်ချပ်ရှည်များကို ဆက်စပ်ကာ သံကွင်းဖြင့် စည်းနှောင်ထားပြီး ရေ သို့မဟုတ် အရည် မစိမ့်ထွက်စေရန် အတိအကျ တည်ဆောက် ထားခြင်းဖြစ်သည်။ စည် တည်ဆောက်သူများကို အင်္ဂလိပ် ဘာသာအားဖြင့် cooper (စည်ပိုင်းပြုလုပ်သူ) ဟု ခေါ်ကြပါသည်။

စည်ပိုင်း တည်ဆောက်ရာတွင် အများအားဖြင့် ခုံးနေသော ပုံသဏ္ဍာန်ဖြစ်၍ အလယ်တွင် ဖောင်းကားနေခြင်း ဖြစ်သည်။ ၄င်းသည် စည်ပိုင်းကို လှိမ့်၍ သယ်ယူသည့်အခါ ပိုမို လွယ်ကူပြီး ဦးတည်ရာကို အင်အားအနည်းငယ် စိုက်ထုတ်ရုံဖြင့် ပြောင်းနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ၀န်ထည့်သောအခါ ဖိအားကို မျှတစေပါသည်။ စည်ပိုင်း၏ အဖျားနေရာရှိ သံကွင်းကို chime hoop ဟုခေါ်ကြပြီး အလယ်နေရာရှိ သံကွင်းကို bilge hoops ဟု ခေါ်ကြပါသည်။ စည်ပိုင်းအဖုံး သို့မဟုတ် အပေါက်ကို လုံခြုံစွာ ပိတ်သည့် အဆို့ကို bung ဟု ဆိုကြသည်။

သမိုင်းကြောင်း

ရှေးအခါက ဥရောပတိုက် ဒေသများတွင် ဆီနှင့် ၀ိုင်တို့ကို စည်များတွင် ထည့်ကာ သယ်ယူပို့ဆောင်ကြသည်။ အဖုံးကို ထင်းရှူးဆီ သို့မဟုတ် သစ်စေးတို့ဖြင့် ပိတ်ဆို့ကြပါသည်။ အေဒီ ၃ရာစုနှစ်များတွင် ရောမလူမျိုးတို့က စည်များကို လုပ်ငန်းသုံးသာမက စစ်ဘက်တွင်လည်း သုံးခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀၀နီးပါး စည်များသည် သင်္ဘောဖြင့် သယ်ဆောင်ရာတွင် လည်းကောင်း၊ အခြား သယ်ပို့နည်းလမ်းများဖြင့် လည်းကောင်း များစွာ အသုံးဝင်ခဲ့သည်။ စည်များသည် အရည်ထည့်ရန်သာမက သံ၊ ရွှေ၊ ငွေ၊ ဒင်္ဂါး စသည့် ပစ္စည်းများအတွက်လည်း ထည့်၍ သယ်ဆောင်ရန် အဆင်ပြေခဲ့သည်။ အိတ်များသည် ဈေးသက်သာသော်လည်း စည်နှင့် အလေးချိန်ချင်း တူပါက သယ်ရခက်ခဲပြီး စိတ်မချရပါ။ ၂၀ရာစု ရောက်သည့်အခါ စည်များ၏ အခန်းကဏ္ဍက မှေးမှိန်လာခဲ့ရသည်။ ခေတ်မီ သယ်ဆောင်ရေး နည်းပညာများ ပြောင်းလဲလာ၍ ဖြစ်သည်။ သို့တိုင် သံစည်များကို ဆက်လက် သုံးနေဆဲ ဖြစ်သည်။ သံစည်လွတ်များကို ဖျက်ပြီး အခြားလုပ်ငန်းများတွင် သုံးနိုင်သည်။

Read more »

Share
Dec 13

ဘူမိရုက္ခဗေဒ (အပိုင်း-၂)

မြင့်သိန်း M.Sc (Geol), DAG (EMG)

အညွှန်းပင်များ (Indicator Plants)

အချို့သော သတ္တုစွဲဝင်မှု (mineralization) ကို အပင်မျိုးစိတ် (အရေအတွက်နည်းပါး) အချို့က ညွှန်းနိုင်ကြောင်းကို လွန်စွာရှေးကျသော ကာလကပင် မှတ်သားခဲ့ကြသည်။ ယင်းအချက်ကို တွင်းထွက် သယံဇာတရှာဖွေရေး လုပ်ငန်းများအတွက် ရည်ရွယ်ကာ အသုံးချခဲ့ကြသည်။ အစောဆုံး ဥပမာတစ်ခုအဖြစ် ကြေးနီအပင် (kis plant) တစ်နည်းအားဖြင့် ဖြစ်နိုင်ခြေအနေဖြင့် Viscaria alpine အား စကင်ဒီနေးဗီးယား (Scandinavia) ဒေသ (ဥပမာ – နော်ဝေး၊ ဆွီဒင်) ရှိ သတ္တုတွင်းတူးသမားများက အလယ်ခေတ် (medieval age) ကတည်းက ကြေးနီနှင့် ပိုင်းရိုက်တွင်းထွက် (pyrite) ရှာဖွေရာ၌ အသုံးပြုခဲ့ကြသည်။

အညွှန်းပင်များကို ယင်းတို့၏ ပျံ့နှံ့ပေါက်ရောက်ပုံအရ အဓိက အတန်းအစား နှစ်မျိုးခွဲနိုင်သည်။ ပထမအုပ်စုအား ထာဝရအညွှန်းပင်များ (universal indicators) ဟုခေါ်ဆို ကြသည်။ ယင်းအပင်တို့သည် သတ္တုစွဲဝင်မှု မရှိသည့် အောက်ခံမြေပေါ်၌ မပေါက်ရောက်နိုင်ကြပေ။ ထို့ပြင် ယင်းတို့ကို မည့်သည့် ဒေသတွင်မဆို တွေ့ရှိပါက တွင်းထွက် သယံဇာတ အမျိုးအစားအလိုက် အသုံးချ၍ ရှာဖွေနိုင်ပေသည်။ ယင်းတို့ကို တွေ့ရှိပါက မြေဆီလွှာ (soil) အတွင်း သတ္တုဒြပ်စင် ပါဝင်မှု မြင့်မားကြောင်း ညွှန်ပြနေပေသည်။ သို့သော် အားနည်းချက် တစ်ခုမှာ ယင်းအညွှန်းပင်များကို ပေါများစွာ တွေ့ရခဲခြင်းနှင့် ကန့်သတ်ချက် အတိုင်းအတာတစ်ခု အတွင်းသာ ပျံ့နှံ့ပေါက်ရောက် ကြခြင်းပင် ဖြစ်သည်။ ထာဝရ အညွှန်းပင်၏ ကန့်သတ်ချက်များကြောင့်ပင် ဘူမိရုက္ခဗေဒ နည်းလမ်းဖြင့် တွင်းထွက်သယံဇာတ ရှာဖွေရာ၌အောင်မြင်မှုများစွာ ရရှိခြင်းကို တွေ့ရသည်။ ဥပမာအနေဖြင့် ဇန်ဘီယာ (Zambia) နိုင်ငံရှိ ကြေးနီသတ္တုရိုင်းသိုက်များ တွေ့ရှိရာ၌ Ocimum hamblei (ယခုအခါ Becium homblei) အပင်ကို အသုံးခဲ့ခြင်းနှင့် ကော်ရိုရာဒို ကုန်းပြင်မြင့် (Colorado Plateau) ရှိ ယူရေနီယံ သတ္တုရိုင်းသိုက်ကို Astrogalus အပင်များဖြင့် ရှာဖွေနိုင်ခဲ့ခြင်း တို့ဖြစ်သည်။

ဒုတိယအုပ်စုတစ်ခုဖြစ်သည့် ဒေသဆိုင်ရာ အညွှန်းပင် (local indicators) များသည် သတ္တုစွဲဝင်သည့် မြေပြင်ပေါ်၌ ရှင်သန်ပေါက်ဖွားနိုင်မှုသည် အခြားသော အပင်များနှင့် ယှဉ်ပြိုင် ပေါက်ရောက်နိုင်စွမ်းမှာ မများပြားကြပေ။ ယင်းဒေသဆိုင်ရာ အညွှန်းပင်များသည် ထာဝရ အညွှန်းပင်များထက် အားနည်းချက်မှာ ကန့်သတ်ဧရိယာ တစ်ခုအတွက်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အညွှန်းပင်များဖြင့် သတ္တုစွဲဝင်မှုကို လေ့လာရာတွင် အောက်ပါအချက်များမှာ ရှုပ်ထွေးမှုရှိဆဲ ဖြစ်သည်။ အပင်၏ ပျံ့နှံ့ပေါက်ရောက်မှုအား သတ္တုဒြပ်စင်က ထိန်းချုပ်ရာ၌ အတူတွဲ၍ တွေ့ရသော အခြားဒြပ်စင်များ ရှိနေမှု၊ ယင်းဒေသ၏ ပတ်ဝန်းကျင်အခြေအနေ (ဥပမာ။ ရေရရှိနိုင်မှုနှင့် ချဉ်ငန်နှုန်း (pH) စသည်ဖြင့်) ထည့်သွင်း စဉ်းစားဖွယ်များ ရှိပေသည်။ အပင်မှ ဒြပ်စင်အပေါ် တုန့်ပြန်မှုကို မူလအညွှန်း (primary indicator) ဟုခေါ်ဆိုသလို တစ်ဆင့်ခံ တုန့်ပြန်မှုကို ပြသသည့် မျိုးစိတ် (species) များကို နှောင်းဖြစ်အညွှန်း (secondary indicator) ဟု ခေါ်ဆိုကြသည်။

Read more »

Share
Page 1 of 212