ဒီတစ်ခါ geolfriends အဖွဲ့သားများကို နာမည်ကျော် ချားလ်စ်ဒါဝင် (Charles Darwin) ရဲ့ မှတ်တမ်းမှတ်ရာများအတွက် “Complete work of Charles Darwin” ဆိုတဲ့ http://darwin-online.org.uk အင်တာနက်စာမျက်နှာကို လက်တို့ညွှန်းဆိုချင်ပါတယ်။
စီစဉ်သူတွေရဲ့အဆိုအရ ဒီစာမျက်နှာမှာ မူရင်းစကားလုံးတွေကို ရှာဖွေနိုင်မယ့် စာမျက်နှာပေါင်း ၇၂၀၀၀ အပြင်၊ ပုံပေါင်း ၁၇၉၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။ Darwin ရဲ့ ပုံနှိပ်ဖြန့်ချီထားသမျှ စာတမ်းများ၊ ကျမ်းစာအုပ်များ အားလုံးပါဝင်ပါတယ်။ ဒီစာမျက်နှာဟာ ယခင်က Darwin နှင့်ပတ်သက်သမျှ ရှိခဲ့ဘူးသော စာမျက်နှာအားလုံးထက် ကြီးမားပြည့်စုံလှပါတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ ၁၉ရာစုအတွင်းက ချားလ်စ်ဒါဝင်၏ အကြောင်းနဲ့ သူရဲ့ဘ၀သက်တမ်းတစ်လျှောက် စူးစမ်းလေ့လာမှုများကို စိတ်ဝင်တစား ဖတ်ရှုလိုသူများ အတွက် သွားရောက်သင့်တဲ့ စာမျက်နှာ ဖြစ်ပါတယ်။
ချားလ်ဒါဝင် (၁၈၀၉-၁၈၈၂) ဟာ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် သီအိုရီ (Evolution Theory) နဲ့ အထူးထင်ရှားကျော်ကြားသူဖြစ်ပါတယ်။ ၁၈၀၉ ဖေဖေါ်ဝါရီလ ၁၂ ရက် အင်္ဂလန်နိုင်ငံ ရှရူဘူရီ (shrewsbury) မှာမွေးဖွားခဲ့တဲ့ ဒါဝင်ဟာ အီဒင်ဘတ်တက္ကသိုလ် (Edinburg) မှာ ဆေးပညာကိုစတင် သင်ယူခဲ့သည်၊ ထို့နောက် ဆေးပညာနှင့် ခန္ဓာဗေဒ ကို စိတ်မ၀င်စားသဖြင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ် (Cambridge) တွင် ကျမ်းစာများကို သင်ယူသော်လည်း မြင်းစီး၊ အမဲလိုက်နှင့်သာ အချိန်ဖြုန်းနေခဲ့သည်။ တဖန် ဆရာတစ်ဦး၏ထောက်ခံချက်ဖြင့် သဘာဝပညာရှင် (Naturalist) ဖြစ်လာခဲ့သည်။ ထို့မှတဆင့် ၁၈၃၁တွင် ဘီဝဲလ်သင်္ဘော (H.M.S Beagle) ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါခွင့်ရပြီး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာနှင့် တောင်ဖက် အတ္တလန်တိတ်ဒေသများတွင် လူသူမနီးသည့်ကျွန်းများ၊ ရှေးကျသည့် မျိုးနွယ်စုများ (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်းများ (fossils)၊ အပင်များ၊ သတ္တ၀ါများကို အမျိုးစုံလင်စွာ လေ့လာခွင့်ရရှိခဲ့သည်။ ၅နှစ်ခန့်ကြာမြင့်ခဲ့သည်။ ထိုတွေ့ရှိချက်များကို အခြေခံကာ သတ္တ၀ါနှင့် အပင်များသည် မည်သို့မျှမပြောင်းလဲဘဲ တစ်ပုံစံတည်း တည်ရှိမနေနိုင် ဟု သဘောပေါက် နားလည်ခဲ့သည်။ သို့ဖြင့် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေအရ ပြောင်းလဲမြဲ ဖြစ်သကဲ့သို့ သတ္တ၀ါများနှင့် အပင်များတွင်လည်း ထိုသို့ဖြစ်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားခဲ့သည်။
၁၈၅၉ တွင် ဒါဝင်၏ မျိုးရိုးဗီဇများ (The Origin of Species) ကို စတင်ထုတ်ဝေနိုင်ခဲ့ပြီး ပညာရှင်နှင့် သာမန်အရပ်သားများကြားတွင် ပွက်လောညံခဲ့သည်။ ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် ဖိုမဆက်ဆံရေးတွင် ရွေးချယ်ပုံ (The Descent of Men and Selection to Sex) ကို ထပ်မံ ပုံနှိပ်ထုတ်ဝေ သောအခါ ပိုမိုပွက်လောရိုက်ခဲ့တော့သည်။ ထို့နောက် လူသည် လူဝံ (Ape) မှ ဆင်းသက်လာသည်ဟူသော အဆိုပြုချက်မှာလည်း မီးလောင်ရာ လေပင့်သကဲ့သို ဖြစ်ခဲ့လေတော့သည်။
မည်သို့ပင်ဆိုစေ သိပ္ပံ၊ မနုဿဗေဒနှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ် အသုံးပြုနေကြရဆဲ ဖြစ်ပေသည်။

ယခုနှစ်ဆန်းတွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဒေါက်တာဝင်းနိုင် အား မော်လမြိုင်တက္ကသိုလ်သို့ (၃) ဦးမြောက် ဒုတိယပါမောက္ခချုပ်အဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့လိုက်ခြင်း သည် ဘူမိဗေဒလောကအတွက် ၀မ်းသာဝမ်းနည်းဖြစ်စေသော သတင်းပင်ဖြစ်သည်။ ပညာရေးလောကတွင် ဒဂုံ ပါမောက္ခချုပ် ဒေါက်တာဦးသင်း အငြိမ်းစားယူပြီးနောက် ဘူမိဗေဒမှ ညွန်ချုပ် level အဆင့် မရှိတော့သည်မှာကြာပေပြီ။ လောလောဆယ်တွင် ဒုချုပ် အဆင့် ဖြစ်နေသူ ၅ ဦးရှိရာ ယခု တစ်ဦးတိုးလာခြင်းမှာ ၀မ်းသာဖွယ် ဖြစ်သော်လည်း သုတေသနတွင် အထူးကျော်ဇောသော ဒေါက်တာဝင်းနိုင်အား အုပ်ချုပ်ရေး လောကသို့ ပို့လိုက်ခြင်းမှာ တအားလျော့ခြင်းပင်ဖြစ်သည်။
လတ်တလောအချိန်တွင် အောက်မြန်မာပြည်တက္ကသိုလ်များမှ ဒဂုံတက္ကသိုလ်မှ ဒေါက်တာအေးကိုအောင်လည်း အငြိမ်းစားယူတော့မည်ဖြစ်ရာ တစ်နှစ်အတွင်း သုတေသနသမား (၂) ဦး လျော့ပါးရဖွယ်ရှိသည်။ အသုံးချသုတေသနစာတမ်းများစွာ ပြုစုခဲ့သူ မအူပင် ပါမောက္ခ ဦးအုန်းမြင့်မှာ အငြိမ်းစားလစာ စတင် ခံစားနေလေပြီ။
နောင်တစ်နှစ်အတွင်း ရန်ကုန်မြို့ပေါ်တက္ကသိုလ်ကြီး (၄) ခုမှ Geology Department တွေကို မည်သူတွေခေါင်းဆောင်ကြမည်ကို ဘူမိဗေဒလောကသားများ စိတ်ဝင်စားနေကြသည်။ ယခုလောလောဆယ် အမည်ပေါက်နေသူများမှာ ဒေါ်ဖြူဖြူလွင်၊ ဒေါက်တာဒေ၀အောင်၊ ဒေါက်တာချိုချိုအေး၊ ဒေါက်တာဌေးဝင်း တို့ဖြစ်သည်။ အခြားနယ်ရောက်နေသော ဆရာမကြီးများလည်းရှိပေသေး၏။ ဟင်္သာတနှင့် ပြည်တက္ကသိုလ်တို့တွင် ပါမောက္ခမရှိသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီ (သို့သော် BSc Geology များ မွေးထုတ်ပေးလျက်ရှိသည်)။ ပညာရပ်ဖွံ့ဖြိုးရေးအတွက် ခေါင်းဆောင်မှာသာ တာဝန်ရှိသည်မဟုတ် သော်လည်း ခေါင်းဆောင်အပေါ်တွင် များစွာမူတည်နေသည်ဖြစ်ရာ ရင်ခုန်စွာ စောင့်ကြည့်ရမည့် အနေအထားဖြစ်ပေသည်။
အမေရိကန်ပြည်ထောင်စုသည် သမ္မတသစ်အပြောင်းအလဲဖြင့် အားမာန်မြှင့်နေသကဲ့သို့ပင် ဘူမိဗေဒပညာရှင်များသည်လည်း Geologic Timescale ကို ပြောင်းလဲမှုတစ်ရပ်ပြုလုပ်နိုင်ရန် ပြင်ဆင်နေကြသည်။ တရားဝင်အတည်မပြုရသေးသော်လည်း Anthropocene သို့မဟုတ် လူသားတို့လွှမ်းမိုးသောခေတ် သည် Holocene ခေါ် လက်ရှိ ရေခဲခေတ်လွန်ကာလ သက်တမ်းကို အစားထိုးဖွယ်ရှိသည်။ Vision.org ၏ဆောင်းပါးတစ်ပုဒ်ဖြစ်သော “A Change in the Air” တွင် အယ်ဒီတာ Dan Cloer က မြေကမ္ဘာအပေါ် လူသား၏ လွှမ်းမိုးပြုပြင်မှုစွမ်းရည်အား အသိအမှတ်ပြုနိုင်ရန် ဆွေးနွေးငြင်းခုန်လျက် ရှိကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ဟာ အခုဆိုရင် ကမ္ဘာမြေဆင့်ကဲဖြစ်စဉ်ရဲ့ ထင်ရှားတဲ့ အပြောင်းအလဲကာလတစ်ခု ကို stratigraphic unit တစ်ခုအဖြစ်သတ်မှတ်ဖို့ အထောက်အထားတော်တော်များများကို ဘူမိဗေဒပညာရှင်တွေက လက်ခံထားကြပါပြီ” ဟု Geological Society of London ၏ stratigraphic commission ဥက္ကဌ Zalasiewicz ကဆိုပါသည်။ မည်သို့ပင်ဖြစ်စေ ဘူမိအချိန်ဇယား သည် ယာယီသဘောတူချက်ဖြင့် တည်ဆောက်ထားသည်မဟုတ် သဖြင့် ယခုတိုင် တရားဝင်မဖြစ်သေးသော Anthropocene ကို သတိပြုသုံးစွဲကြရန်ဖြစ်သည်။
Scridb filterဦးခင်မောင်ရွှေ
(ဘူမိဗေဒသရုပ်ပြဆရာ၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေး)
တောင်တန်းကြီးများ သက်သေ
ဥရောပရှိ ယခင်တောင်တန်းကြီးများနှင့် အမေရိကရှိ တောင်တန်းကြီးများသည် ဆက်သွယ်ခဲ့သော အနေအထားကို ပြနေ၏။ နယူးအင်္ဂလန်နှင့် နယူးဖောင်လန်တို့တွင် သက်ဦးကပ် (palaeozoic) အလယ်ပိုင်းနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော တွန့်ခေါက်တောင်တန်းတို့၏ လွှာတွန့်ဝင်ရိုး (axis of fold) တို့သည် ကမ်းခြေ၌ ရုတ်တရက် ပြတ်သွားသည်ကို တွေ့ရသည်။ ထို့အတူ ဥရုဂွေးနှင့် ဘရာဇီးတို့တွင် ဒီဗိုနီယန်ယုဂ် (Devonian period) အစပိုင်းက ဖြစ်ပေါ်ခဲ့သော တောင်တန်းများ၏ လွှာတွန့်ဝင်ရိုးတို့သည် အတ္တလန်တိတ်ကမ်းခြေတွင်ပင် အဆုံးသတ်သွားသဖြင့် တောင်အမေရိကနှင့် အာဖရိကတို့ အဆက်သွယ်ခဲ့ပုံကို ထင်ရှားစေသည်။ ဤအချက်များသည် တိုက်ကြီးများ ရွေ့ခဲ့ခြင်းကို အထောက်အကူပြုနေ၏။
သက်ရှိ သက်မဲ့များ အထောက်အထား
သက်ရှိသတ္တ၀ါများ၊ သက်မဲ့ရုပ်ကြွင်းများသည် တိုက်ကြီးများရွေ့ခဲ့ပုံကို အထောက်အထား ပြုနေ၏။ ကာဗွန်နီဖရတ် နောက်ပိုင်းအချိန်က ပေါ်ပေါက်ခဲ့သော Mesosaurus တွားသွားသတ္တ၀ါများ၏ အရိုးစုများကို တောင်အမေရိကနှင့် အာဖရိကတိုက်တို့တွင်သာ တွေ့ရပြီး ကျန်မည်သည့် ဒေသတွင်မျှ မတွေ့ရချေ။ မိုင်လေးထောင်မျှကွာသော အတ္တလန်တိတ် သမုဒ္ဒရာကြီး ခြားလျက်ရှိသည့် တိုက်ကြီးနှစ်တိုက်ပေါ်တွင်သာ တွေ့ရခြင်းသည် ထူးခြားသော အချက်ပင်ဖြစ်၏။ ထို့ပြင် Manatee ခေါ် ရေချိုငါးနှင့်တူသည့် နို့တိုက်သတ္တ၀ါမျိုးကို အမေရိကတောင်ပိုင်း၊ အလယ်ပိုင်နှင့် မြောက်အာဖရိကတိုက် တို့တွင်သာ တွေ့ရ၏။ ကင်းမြီးကောက်အမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရခြင်းသည်လည်း တိုက်ကြီးများ ရွေ့ခြင်း၏ အထောက်အထား ဖြစ်၏ (ပုံ ဂ ရှု)။
ရှမ်းပြည်နယ် မိုင်းရှုး၊ ကချင်ပြည်နယ် မိုးညှင်းနှင့် စစ်ကိုင်းတိုင်း တို့ရှိ ကျောက်မျက်လုပ်ကွက် (၄)ခုကို အစိုးရမှ ပုဂ္ဂလိက လုပ်ငန်းရှင်များ ထပ်မံလုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ (၁၆)နေ့ထုတ် Biweekly Eleven ဂျာနယ် အမှတ်(၄၄) အတွဲ (၁)တွင် ဖေါ်ပြထားသည်။
ကျောက်စိမ်းလုပ်ကွက်ပေါင်း (၃၁၉)ကွက်ကို ၂၀၀၇ခုနှစ်ကတည်းက အစိုးရမှ လုပ်ကိုင်ခွင့် ချပေးခဲ့သည်။ ယင်းတို့တွင် လုပ်ကွက်ပေါင်း (၁၃၉)ကွက်မှာ ကချင်ပြည်နယ်ရှိ မိုးညှင်းဒေသတွင်ဖြစ်ပြီး၊ ကျန်လုပ်ကွက်ပေါင်း (၁၈၀)မှာ စစ်ကိုင်းတိုင်း၊ ခန္တီး တွင်ဖြစ်ကြောင်းနှင့် လုပ်ကွက်တစ်ခုလျှင် သုံးနှစ် လုပ်ကိုင်ခွင့် ပြုကြောင်း သိရသည် ဟု အဆိုပါသတင်းတွင် ဆက်လက် ဖေါ်ပြထားသည်။

