ချီကာဂို၊ ၂၁ ဖေဖေါ်ဝါရီ၊ ၂၀၀၈။ ကမ္ဘာပေါ်တွင် အင်အားပြင်းထန်သော မြေငလျင်ကြီးများ လှုပ်နိုင်သည့် နေရာဒေသများနှင့် ယင်းမြေငလျင်များ လှုပ်မည့်အချိန်တို့ကို သိရှိနိုင်ရန် နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့သည် ပင်လယ်ရေအောက်ရှိ မြေငလျင်ပြတ်ရွေ့ကြောတစ်ကြောကို ပထမဆုံးအကြိမ် လေ့လာလျက်ရှိကြကြောင်း သိရှိရသည်။
ဘူမိဗေဒပညာရှင်များသည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ နန်ကိုင်းမြေငလျင်ဇုန်တွင် လေ့လာလျက်ရှိကြကြောင်း၊ အမေရိကန်နိုင်ငံ ၀စ္စကွန်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဟာရိုးလ်တော်ဘင်က ချီကာဂိုမြို့၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာ တိုးတက်ရေးအသင်း၏ နှစ်ပတ်လည် ညီလာခံတွင် ပြောကြားသည်။
မြေငလျင်များ ဖြစ်ပေါ်စေသော ကမ္ဘာ့တက်တိုးနစ် ကျောက်ချပ်လွှာကြီးများ၏ သဘော သဘာဝကို လေ့လာနိုင်ရန် ဂျပန်နိုင်ငံ ကမ်းရိုးတန်း ကမ်းလွန်ဒေသတွင် ပင်လယ်ရေအောက် တူးဖေါ်လေ့လာလျက် ရှိကြောင်း ၄င်းက ပြောကြားသည်။
ပင်လယ်ရေအောက် မြေငလျင်ကြောဖြစ်တည်ရာ ကမ္ဘာ့ကျောက်လွှာများကို လေ့လာရန် ဆယ်စုနှစ်နှင့် ချီကြာမြင့်မည့် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖေါ်လျက်ရှိရာ ဒုတိယနှစ်အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
သိပ္ပံပညာရှင်များသည် ကမ္ဘာ့အပေါ်ယံကျောက်လွှာ၏ ငလျင်ပြတ်ရွှေ့ကြောများကို ပိုမို သိရှိနိုင်စေရန် ကာလီဖိုးနီးယားကမ်းရိုးတန်းရှိ ဆန်အင်းဒရီယက်စ် ပြတ်ရွေ့ကြောဇုန် နယ်မြေတွင် တူးဖေါ်လေ့လာလျက်ရှိကြောင်း ဟာရိုးလ်တော်ဘင်က ပြောကြားသည်။
ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် မြေငလျင် သုတေသနလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် မြေငလျင် လှုပ်မည့် အခြေအနေကို ကြိုတင် ဟောကိန်းထုတ်နိုင်ရန် သိပ္ပံပညာရှင်များ မျှော်လင့်လျက် ရှိကြသည်။


၂၀၀၈ ခုနှစ်ဟာ နာဆာ (NASA) ရဲ့ နှစ် (၅၀) ပြည့် ဖြစ်ပါတယ်။
နာဆာ (NASA) ဆိုလျှင် သိပ္ပံပညာရှင်များသာ မက အားလုံးသော လေ့လာစူးစမ်းလိုသူများ အတွက် ရင်နှီးပြီးသားပါ။ အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ နာဆာ (NASA) ဟာ အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ၂၉ ဇူလိုင်လ ၁၉၅၈ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နာဆာဟာ ၂၀၀၈ ခုနှစ်မှာ နှစ်(၅၀) ပြည့်မြောက်သွားခဲ့တာပါ။
အဓိက အားဖြင့် အမေရိကန်နိုင်ငံ လေကြောင်းကဏ္ဍနှင့် အာကာသ စူးစမ်း လေ့လာခြင်း လုပ်ငန်းများ၊ စကြာဝဋ္ဌာ၊ နေအဖွဲ့အစည်းနှင့် ကမ္ဘာအကြောင်းကို ပိုမို နားလည်လာ နိုင်စေရန်နှင့် အာကာသသို့ လူများစေလွှတ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ သို့သော်လည်း နာဆာဟာ လေကြောင်းနှင့် အာကာသသိပ္ပံ သက်သက်ကိုသာ လေ့လာခြင်းမဟုတ်ဘဲ တကမ္ဘာလုံးရဲ့ မိုးလေ၀သနဲ့ ဇလဗေဒသုတေသန၊ ဘူမိဗေဒ၊ အဏ္ဏ၀ါဗေဒ၊ ဇီဝဗေဒနှင့် ဆေးသုတေသန တို့အပြင် လူသားအားလုံးအတွက် အကျိုးပြုတဲ့ အခြားသော သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေ ကိုလည်း လုပ်ဆောင်ပါတယ်။
နှစ် (၅၀)ပြည် နာဆာ (NASA) ရဲ့ ၂၀၀၈ အတွင်း စူးစမ်းလေ့လာမှုများကို http://earthobservatory.nasa.gov မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
Unearthed Outdoor, LLC ကနေပြီးတော့ True Marble ကမ္ဘာလုံးဆိုင်ရာ GIS အချက်အလက်များကို အခမဲ့ (တချို့သော သတ်မှတ်ချက်များမှလွဲ၍) အသုံးပြုခွင့်ပေး ထားပါတယ်။ သင့်အနေနဲ့ ဖိုင်အမျိုးအစား (၂)ခုနဲ့ download လုပ်နိုင်ပါတယ်။ GIS ပရိုဂရမ်များအတွက် အသုံးပြုဖို့ဆိုရင်တော့ georeferenced GeoTIFF ဖိုင်အမျိုးအစားကို ရယူနိုင်ပြီး၊ ဂရပ်ဖစ် ပရိုဂရမ်များမှာ အသုံးပြုဖို့အတွက်ဆိုရင်တော့ PNG ဖိုင်အမျိုးအစားကို ရယူနိုင်ပါတယ်။ ၃၂ ကီလိုမီတာ ကနေ ၂၅၀ မီတာ resolution ရှိတဲ့ ဖိုင်များဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အွန်လိုင်းမြေပုံများနဲ့ အလုပ်လုပ်နေခဲ့တယ် ဆိုရင်တော့ True Marble ထုတ်ကုန်များနဲ့ ရင်နှီးကျွမ်းဝင်မှုရှိပြီး ဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခမဲ့အသုံးပြုခွင့်ရတဲ့ GIS အချက်အလက်များကတော့ သင့်ရဲ့ လုပ်ငန်းဆောင်တာများ အတွက် အနည်းနဲ့အများ အသုံးဝင်မှာ ဖြစ်ပါတယ်။ http://www.unearthedoutdoors.net မှာ သွားရောက် ရယူနိုင်ပါတယ်။
Scridb filterအင်ဂျင်နီယာဘူမိပညာရှင်များအတွက် Structure Geology ဆိုင်ရာကောက်နှုတ်ချက်များ (၂)
ဦးစိုးသူရထွန်း (ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ လက်ထောက်ကထိကဟောင်း)
STRESS AND STRAIN
“Anarchy is the Law of Nature. Order is the Dream of Man.”
Stress သည် တစ်ယူနစ်ဧရိယာတွင်သက်ရောက်သည့် အားပမာဏဖြစ်ပြီး ဒဏ်အား ဟု ခေါ်ဝေါ်ကြသည်။ တစ်နည်းအားဖြင့် ရူပဗေဒသဘောအရ သိပြီးဖြစ်သည့် အား (Force; F=Ma) ကို ယူနစ်ဧရိယာသက်ရောက်မှုဖြင့် ပိုင်းယူလိုက်ခြင်းဖြစ်သည်။ ယင်း stress ကြောင့်ဖြစ်လာသော ထိခိုက်မှု (သို့မဟုတ်) ဒဏ် ကို Strain ဟုခေါ်ဝေါ်ခြင်းဖြစ်သည်။ Strain သည် တစ်နည်းအားဖြင့် deformation ၏ technical name ဖြစ်ပြီး အဓိပ္ပာယ် တူသဖြင့် သင့်တော်သလို စကားလုံးပြောင်းသုံးနိုင်ကြသည်။ Deformation ကို ကျောက်ပုံပျက်ခြင်း ဟု မြန်မာပြန် ကြသော်လည်း ကျောက်ကြေမွခြင်း (weathering) နှင့် ဆင်တူယိုးမှား ဖြစ်နေသောကြောင့် မူလအင်္ဂလိပ်စာလုံးအတိုင်း နားလည်ခြင်းသည်သာ ပိုမိုသင့်တော်ပါသည်။ Geologist တစ်ဦးက (ပုံပျက်နေသော) ကျောက်တစ်ခုကို တွေ့သောအခါ strain ကို မြင်ရသည်ဟု သဘောထားသည်။ ယင်း strain ကိုကြည့်ကာ ယင်းအားဖြစ်စေခဲ့သော stress ကို တွက်ချက်ထုတ်ယူနိုင်ပါသည်။
ကျောက်အပေါ်သက်ရောက်ခဲ့သော total stress တွင် အပိုင်း (၃) ပိုင်းရှိသည်ဟု ပြောနိုင်ပါသည်။
1. Lithostatic stress: ယင်းကျောက်အထက်ရှိကျောက်များ၏အလေးချိန်ဖြစ်သည်။ ယင်းသည် direction အားလုံးတွင် တူညီသော သက်ရောက်မှုရှိသဖြင့် static ဟုခေါ်ပါသည်။ အဆိုပါ ကျောက်ထုဒဏ်အားသည် အနက်အပေါ်မှီတည် ပြောင်းလဲသဖြင့် linear ပြောင်းလဲမှုဖြစ်ပါသည်။
2. Hydrostatic stress: ကျောက်၏ pore spaces များတွင်ပြန့်နှံ့နေသောရေတို့၏ အလေးချိန်ဖြစ်သည်။ (ဤနေရာတွင် အလေးချိန်ဟူသောစကားလုံးကို ဆက်သုံးထား သဖြင့် Gravity သည် အဓိကအခန်းမှ ပါဝင်နေသည်ကို သတိပြုပါ။) ယင်းရေတို့သည် မြေမျက်နှာပြင်ပေါ်ရှိရေတို့နှင့် တစ်ဆက် တစပ်တည်းဖြစ်လျင် ပတ်ဝန်းကျင် ရေထု တစ်ရပ်လုံး၏ ဖိအားနှင့် တူညီသွားသည်။ အဆက်အစပ်မရှိလျင်၊ တနည်းအားဖြင့် ရေမစိမ့်နိုင်သောအလွှာတစ်ခုဖြင့် ပိုင်းခြားထားလျင် တက်တိုးနစ်ဒဏ်ခံရသည့်အခါ ပတ်ဝန်းကျင်ရေထုထက် ပိုများ/နည်း သော ဒဏ်အားကိုခံရစေသည်။ ယင်းကို tectonic (over/under) pressuring ဟု ခေါ်ကြသည်။
3. Tectonic stress: ကမ္ဘာမြေလှုပ်ရှားမှုများကြောင့်ဖြစ်ပေါ်သော ဒဏ်အားဖြစ်သည်။ ယင်းသည် direction အလိုက် သက်ရောက်မှု ကွဲပြားသဖြင့် အပိုင်းလိုက် ဒဏ်အား (deviatoric stress) ဟု ခေါ်နိုင်သည်။
Stress တို့သည် ကျောက်တစ်ခု၏ point တစ်ခု၌ direction အားလုံးမှ သက်ရောက်ကြသည် ဖြစ်သော်လည်း သချာင်္နည်းအရ ယင်း ဒဏ်အားများကို တစ်ခုနှင့်တစ်ခု ထောင့်မှန် ကျနေသော direction ၃ ခုအဖြစ် ပေါင်းစဉ်းစားနိုင်သည်။ ယင်း stress axis များကို ဂရိ စာလုံး ဆစ်ဂမာ (sigma “σ“) ဖြင့် ကိုယ်စားပြုပြီး အမြင့်ဆုံး ဒဏ်အားကို σ1 ၊ အနိမ့်ဆုံး ဒဏ်အားကို σ3 ၊ အလည်အလတ်ဒဏ်အားကို σ2 ဟု သတ်မှတ်သည်။ တစ်နည်းအားဖြင့် ပရမ်းပတာ တည်ရှိသော သဘာဝတရားကို စည်းစနစ် ဘောင်တစ်ခုဖြင့် စဉ်းစားယူခြင်း ဖြစ်ပေသည်။ ရူပဗေဒ၏ ဗက်တာသဘောဖြင့် ပေါင်းစု စဉ်းစားခြင်းတစ်မျိုးသာဖြစ်သည်။
Scridb filterAddress: http://www.changingclimate.asia
“ဥတုရာသီ ပြောင်းခဲ့ပြီ” ဟု ခေါင်းစည်း စာတန်းဖြင့် “တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာဖြစ်သော ရာသီဥတု ပြောင်းလဲမှုအကြောင်း အခြေခံ သိပ္ပံမှ နောက်ဆုံး ဖြစ်ထွန်းမှုများအထိ” လို့ ကြေငြာထားတဲ့ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မြန်မာဘာသာစကားဖြင့် စာမျက်နှာတစ်ခုကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့က စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ စီစဉ်သူက ဦးကျော်ဦး (ပါရမီစာပေ) ဖြစ်ပါတယ်။
ကမ္ဘာ့တလွှားမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတုအပြောင်းအလဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ အတွက် ပြည်တွင်း၊ ပြည်ပ နောက်ဆုံးရသတင်းများ၊ ဓါတ်ပုံ၊ ဆောင်းပါးများ ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာကို တွေ့ရှိရပါတယ်။
ကိန်းဂဏန်းများကပြောသော ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်အောက်မှာ သမိုင်းအချက်အလက်များဖြင့် စုံလင်အောင် စုစည်းပေးထားသလို အမေးအဖြေ ကဏ္ဍမှာလည်း ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး သိသင့် သိထိုက်သော အကြောင်းအရာများကို အမေးအဖြေများဖြင့် ပြုလုပ်ပေးထားပါတယ်။ Useful Links မှာတော့ ဆက်လက်လေ့လာ ဖတ်ရှုလိုသူတို့အတွက် အသုံးဝင်နိုင်မယ့် စာမျက်နှာများကို အလွယ်ရှာဖွေ ဖတ်ရှုနိုင်အောင် ချိတ်ဆက်ပေးထားတာမို့ အလွန်ဘဲ အကျိုးရှိလှပါတယ်။ ၄င်းတို့မှာ ခေါင်းစဉ်ငယ်များဖြင့် ခွဲခြားပေးထားပြီး ရာသီဥတုပြောင်းလဲခြင်း၊ မြေကမ္ဘာ၊ ဂေဟဗေဒ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ တောရိုင်းတိရစ္ဆာန်၊ သစ်တော၊ သမုဒ္ဒရာနှင့် ကလေးများအတွက် ဆိုပြီး ကဏ္ဍများစွာပါဝင်ပါတယ်။
သုတေသနပြုလုပ်လိုသူများ၊ ကျောင်းသား၊ ကျောင်းသူနှင့် စိတ်ဝင်တစား လေ့လာလိုသူများအတွက် မှီငြမ်းကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာများနှင့် ပတ်သက်သည့် မြန်မာဘာသာဖြင့် လွှင့်တင်ထားသော ရှားပါးလှသေးသည့် ပညာရပ်ဆိုင်ရာ စာမျက်နှာတစ်ခုအား သွားရောက်လည်ပတ်နိုင်အောင် ညွှန်းဆိုလိုက်ရပါသည်။



