Apr 23
တင့်လွင်ဆွေ
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ငလျင်ကြီးများ လှုပ်ကြိမ်များကြောင်းကို ပညာရှင်အသီးသီးက ထောက်ပြပြောဆိုနေကြသဖြင့် အတော်ပင် နားရည်ဝနေကြ လိမ့်မည်။ အတိတ်သမိုင်း၌လည်း ငလျင်ကြီးများလှုပ်ခဲ့ကြောင်း မှတ်တမ်းများရှိရာ ထိုအထဲမှ အရေးကြီးသော ငလျင်ကြီးတစ်ခုအကြောင်း ကို ပြောလိုပါသည်။
ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်း အနီးဝန်းကျင်ကို အခြေပြု၍ ဖျက်ဆီးအားအလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့သည်။ ထိုစဉ်က မြို့တော်မှာ အမရပူရဖြစ်ပြီး မြို့တော်ဟောင်းမှာ အင်းဝဖြစ်သောကြောင့် အင်းဝငလျင်ဟု မှတ်တမ်းတင်ထားသည်။ မြို့တစ်ခွင်လုံးက အိမ်များ အားလုံးနီးပါး ပျက်စီးသွားခဲ့သည်။ အုတ်နှင့်ဆောက်ထားသော ကျောင်းများပြိုကျသဖြင့် ဘုန်းတော်ကြီးအများစု သေဆုံးကြသည်။ ၃၀၀ ခန့်မျှပင် ရှိကြောင်းမှတ်တမ်းထားခဲ့သည်။ အမှန်တကယ် အရေအတွက်ကိုမူ မသိရပေ။ အင်းဝမြို့ရိုး နေရာအတော်များများ ပျက်သွားခဲ့သည်။ အမရပူရမြို့ရိုးမှာ အသစ်ဖြစ်၍ အင်းဝမြို့ရိုးထက်ပို၍ ခိုင်ပုံရသည်။

မှတ်တမ်းတစ်ခုမှာ (ထိုအချိန်ကရောက်ရှိနေသည့် Mr. Spear ဆိုသူ၏မှတ်တမ်း ဖြစ်သည်။) နံနက်ခင်းကို အပျက်အစီးပုံများနှင့် တန်ဆာဆင်ထားသကဲ့သို့ဖြစ်သည်။ လှုပ်ရှားမှုသည် တောင်မြောက်ဖြစ်ပုံရပြီး မြစ်ရေလည်းတိုးလာခဲ့သည်။ လှိုင်းပုတ်သံ မကြားရပါ။ သို့သော် အမရပူရနှင့် အင်းဝဖက်ခြမ်း မြစ်ကမ်းနေရာ အတော်များများ ပဲ့ကျကုန်သည်။ ၅ ပေ မှ ၂၀ ပေလောက်အထိကျယ်သော အက်ကြောင်းကြီးများ ဖြစ်ကုန်ပြီး ရေနှင့်သဲများပန်းထွက်ကြသည်။ စစ်ကိုင်းမှာလည်း အင်းဝကဲ့သို့ပင် တောင်ထိပ် မြစ်ကမ်းဘေး စေတီများ ပြိုပျက်ကုန်သည်။ မင်းကွန်းပုထိုးတော်ကြီးမှာ တည်ဆောက်ဆဲမှာပင် ငလျင်ကြီးကြောင့် ပျက်စီးသဖြင့် ထိုအပျက်အတိုင်းပင် ယနေ့တိုင် မြင်နေရသည်။
- The Mingun Pagoda shattered in 1839 Earthquake
ထိုစဉ်က ငလျင်လှုပ်သည့်အရှိန်ကို ရန်ကုန်နှင့် မော်လမြိုင်မြို့များက တိတိကျကျ ခံစားသိကြရ သည်။ ပြည်မြို့တွင် အတော်ပြင်းပြင်းခံရသည်။ အပြိုအပျက်အထိအခိုက် မရှိပေ။ ဗန်းမော်တွင် အပျက်အစီးရှိသည်ဟုဆိုသော်လည်း အတိအကျမသိရပေ။ ယခု မိုးကောင်းမြို့ အနောက်ဖက်ရှိ အင်းတော်ကြီးကန်အနီးတွင် ထိုစဉ်က မြို့ငယ်လေး တစ်ခုသည် လုံးဝနီးပါး ပြိုပျက်သွားကြောင်း မှတ်တမ်းတင်ထားသည်။ အာသံ။ အိန္ဒိယ၊ ထိုင်းနိုင်ငံများက ခံစားသိရှိရကြောင်း Oldham (1883) ၏မှတ်တမ်းအရသိရသည်။ မျက်မှောက်ဘူမိနေထားအရ စစ်ကိုင်းမှ အင်းတော်ကြီးအထိ စစ်ကိုင်းပြတ်ရွေ့ သည် ၂၆၀ ကီလိုမီတာခန့်ရှိရာ အလွန်ပြင်းထန်သည့် ငလျင်ဖြစ်ကြောင်း ခန့်မှန်း၍ ရပေသည်။
Scridb filter
Apr 08
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၉၇၄ ဒသမ ၉၉ သန်း ဖြစ်ကြောင်းနှင့် တရုပ်နိုင်ငံ၏ သတ္တုတူးဖော်ရေး လုပ်ငန်းတစ်ခုတည်းက အမေရိကန်ဒေါ်လာ ၈၅၅ ဒသမ ၉၉၆ သန်းတန်ဖိုး ရှိကြောင်း သိရှိရသည် ဟု ၂၀၀၉၊ ဧပြီလ ၃ရက်နေ့ထုတ် Bi Weekly Eleven News Journal တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လာရောက် ရင်နှီးမြှုပ်နှံကြသည့် နိုင်ငံများမှာ တရုပ်၊ ရုရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံများသည် ငါးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ လျှပ်စစ် နှင့် ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး တရုပ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၈၅၅ ဒသမ ၉၉၆ သန်း၊ ရုရှားက စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၉၄ သန်း၊ စင်ကာပူက ဇန်န၀ါရီလတွင် အမေရိကန်ဒေါ်လာ ၅ သန်း၊ ဗီယက်နမ်က စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂၀ သန်း ဖြစ်ကြောင်း သိရသည်။
Scridb filter
Apr 07
(ပညာပဒေသာစာစောင်၊ အတွဲ (၁၆)၊ အပိုင်း (၂)၊ မတ်၊ ၁၉၈၂ ထုတ်မှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)
ဦးစိုးသူ
ဟိုက်ဒရိုကာဗွန်လွတ် တွင်းထွက်နှင့် တွင်းထွက်ပစ္စည်းများ
ဤပစ္စည်းများနှင့် စပ်လျဉ်း၍ အနာဂတ် လိုအပ်ချက်အတွက် စီမံကိန်းများမှာ ဓာတ်ဆီစီမံကိန်းများနှင့် အတူတူပင် ဖြစ်သည်။ ဤတွင်းထွက်များအနက် ကမ္ဘာက အလိုအပ်ဆုံးပစ္စည်းများကို ၁၉၈၅ ခုနှစ်တွင် ယခုထက်နှစ်ဆ၊ ဤရာစုနှစ်ကုန်လျှင် သုံးဆ လိုအပ်မည်ဟု ခန့်မှန်းရသည်။ မည်သို့ပင်ဖြစ်စေ ရွှေ၊ ငွေနှင့် ယူရေနီယံတို့ကလွဲလျှင် ကုန်းမြေဖာစ်မြစ်မှ ရနိုင်သည့် အပြိုင်ထုတ်လုပ်မှုသည် ၂၀ ရာစုကုန်အထိ လိုအပ်မှုအတွက် လုံလောက်လိမ့်မည်ဟု မျှော်မှန်းထားပေသည်။ စီးပွားရေး အလားအလာ သိပြီးဖြစ်သော ပင်လယ်အောက်တွင်းထွက် (sub-sea mineral) အနည်းငယ်မှအပ အခြားတွင်းထါက်များနှင့် စပ်လျဉ်း၍ လုံလောက်သော စူးစမ်းရှာဖွေမှုနှင့် လုံလောက်သော ထုတ်လုပ်မှုနည်းပညာများ မရှိခြင်း၊ ကမ်းလွန်တူးဖော်ရေးစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ကမ်းလွန်ဒေသတွင်းထွက် ဇာတ်မြစ်တို့၏အပေါ်တွင် အာရုံစိုက်မှု ယခင်က နည်းပါးခဲ့ ကြလေသည်။ ဥပမာ လောလောဆယ်တွင် ပင်လယ်အောက်မှ ဟိုက်ဒရိုကာဗွန်လွတ် တွင်းထွက်များ ဖေါ်ထုတ်မှုသည် ကမ္ဘာ့တနှစ်တာ ထုတ်လုပ်မှု၏ ၂ရာခိုင်နှုန်း မျှသာ ရှိသည်။ ထို့ပြင် ရှာဖွေမှုနှင့် ထုတ်လုပ်မှု စရိတ်များကို သိသိသာသာ လျော့သွားအောင် ဆောင်ကြဉ်းနိုင်သည်။ အဓိကကျသော နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုများ မရမချင်း ဤရာခိုင်နှုန်း အဆင့်မှနေ၍ နောင် ဆယ်စုနှစ်ပေါင်း များစွာ တိုင်အောင် များများစားစား ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင် ပင်လယ်အောက်တွင်းထါက်များ ဖေါ်ထုတ်မှုအတွက် အရေးပေါ် အစီအစဉ်တရပ် မလိုအပ်သေးသော်လည်း ၄င်းတို့၏ အနာဂတ် အလားအလာကိုမူ သုံးသပ်သင့်ပေသည်။ ၄င်းတွင်းထွက်များနှင့် ပတ်သက်၍ လုံလောက်သော အချက်အလက်များ မရှိသေးပေ။ သို့သော် အချို့သော တွင်းထွက်များ၏ ပေါ်ပေါက်မှုနှင့် ပတ်သက်သည့် သိထားရချက်များ၊ သမုဒ္ဒရာကြမ်းပြင် ဘူမိဗေဒ၏ ယေဘူယျ အခြေအနေများနှင့် ပင်လယ်ရေ၏ ဓာတုဗေဒ အကြောင်းတို့ကို သိနားလည် ထားခြင်းကြောင့် အောက်ပါ ဖွဲ့စည်းမှု စနစ် သုံးခု၏ အလားအလာကို အကဲဖြတ်ရန်ကား ဆောင်ရွက်နိုင်လေသည်။
ထိုစနစ် သုံးခုတို့မှာ
(က) မျက်နှာပြင်ထိုင်အနည် (surficial deposit) များ
(ခ) ကြမ်းပြင်အောက်ခံ ကျောက်ထိုင်အနည် (sub-bottom bed rock deposit) များနှင့်
(ဂ) ပင်လယ်ရေထုအတွင်း ပျော်ဝင်နေသော အစိုင်အခဲများ ဖြစ်သည်။
ပင်လယ်၏ ဟိုက်ဒရို ကာဗွန်လွတ် တွင်းထွက်များကို ဤစနစ်သုံးရပ်ဖြင့် ထုတ်ယူနိုင်ပေသည်။
Read more »
Scridb filter
Apr 02
အင်ဂျင်နီယာဘူမိပညာရှင်များအတွက် Structure Geology ဆိုင်ရာကောက်နှုတ်ချက်များ (၅)
ဦးစိုးသူရထွန်း (ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ လက်ထောက်ကထိကဟောင်း)
Fault နှင့်ပတ်သက်သော သိမှတ်ရန် အချက်အချို့
ဤအပိုင်းတွင် ပြတ်ရွေ့များနှင့်ပတ်သက်၍ နားလည်ထားသင့်သော အချက်အချို့ကို ဖော်ပြထားပါသည်။ ယင်းတို့မှ အချို့သည် ရှေးယခင်ကတည်းက သတ်မှတ်နားလည်ပြီး အယူအဆများ ဖြစ်ပြီး အချို့မှာ အမြင်သစ်များဖြစ်ပါသည်။
Normal fault
Normal fault များသည် ကမ္ဘာ့အပေါ်ယံလွှာတွင် ရေပြင်ညီအတိုင်း ဆွဲဆန့်မှု၏ ရလဒ်များ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် σ3 သည် ရေပြင်ညီအတိုင်းရှိပြီး အနှုတ်တန်ဖိုး ဆောင် (သုညထက်ငယ်) သည်။ σ1 သည် ထောင်လိုက် vertical ဖြစ်သည်။ အဆိုပါအခြေအနေများသည် ကျောက်များအပေါ် သက်ရောက် သည့် confining pressure (lithostatic နှင့် hydrostatic pressure ပေါင်းလဒ်) နည်းငယ်သည့်အခါ ဖြစ်ပေါ်သည်။ မြေမျက်နှာပြင်ပေါ်တွင် confining pressure သည် သုည ဖြစ်ပြီး နက်လာသည်နှင့်အမျှ တိုးတက်လာသည်။ သို့ဖြစ်၍ normal fault များသည် ကမ္ဘာ့ အပေါ်ခွံလွှာ၏ အပေါ်ဆုံး ကီလိုမီတာ အနည်းငယ်တွင် တွေ့ရအများဆုံးဖြစ်ပေသည်။
ပိုနက်လာသည်နှင့်အမျှ normal fault တို့သည် ရေပြင်ညီဖက်သို့ တဖြည်းဖြည်း ကွေးလာသည်။ တစ်နည်းအားဖြင့် အောက်သို့အခုံးပုံသဏ္ဍန် အဖြစ် တွေ့လာရသည်။ ဤပုံကို litric ဟုခေါ်ကြပြီး ယင်းသည် normal fault တို့၏ ပုံမှန် character တစ်ရပ် ဖြစ်ပေသည်။ confining pressure သည် အနက်အလိုက် တိုးတက်လာခြင်း၏ ရလဒ် လည်း ဖြစ်ပါသည်။ normal fault တို့ အလွှာရှိကျောက်များ (bedded rocks) အတွင်း ဖြစ်ပေါ်သည့်အခါ ပြား သွားသည့် အပိုင်း (ရေပြင်ညီနှင့်နီးစပ်လာ သည့် အပိုင်း) သည် bedding plane အတိုင်း ဖြစ်ပေါ်သည့် shearing ဖြစ်ရာ zone နှင့်ပေါင်းစပ်သွား တတ်သည်။ အဆိုပါ zone ကို decollement zone ဟု ခေါ်ဝေါ်ကြသည်။ ရေပြင်ညီအတိုင်း ဖြစ်ပေါ်သည့် normal fault ကို detachment fault သို့မဟုတ် detachment zone ဟု အမည်ပေးကြပါသည်။
Read more »
Scridb filter
Apr 01
(Source: AFP, 2 Mar 2009)
ရေနံဈေးနှုန်း မိုးပျံအောင်မြင့်တက်စဉ်က အခြားသော လောင်စာရင်းမြစ်ကိုရှာဖွေခဲ့သည့် အရှေ့တောင် အာရှတွင် ဇီဝလောင်စာအပေါ် အားကိုးထားခဲ့ခြင်းများသည် တစ်ကမ္ဘာလုံး၏ ရေနံဈေးနှုန်းများ ကျဆင်းသွားခြင်းကြောင့် မျှော်လင့်ချက်များ မှေးမှိန်လာခဲ့ရသည်။
ကမ္ဘာ့ စားအုန်းဆီထုတ်လုပ်မှုအများဆုံး မလေးနှင့် အင်ဒိုနီးရှားတို့သည် သူတို့၏ ဒီဇယ် နှင့် စားအုန်းဆီ ၅ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝလောင်စာ တစ်မျိုးကို ဈေးကွက်တင်ခဲ့ကြသည်။
သို့သော် ၂၀၀၈ ခုနှစ် ဇူလိုင်လက ဒေါ်လာ ၁၄၇ ရှိသော ရေနံဈေးနှုန်းသည် ယခုအချိန်တွင် ၃၇ ဒေါ်လာအောက်သို့ ကျဆင်းသွားသောကြောင့် မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။
ထို့အပြင် စားအုန်းဆီ ဈေးသည် လွန်ခဲ့သော တစ်နှစ်ကျော်က တစ်တန်လျှင် ၁၂၄၅ ဒေါ်လာမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ၄၀၅ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။
ယခုအခါ စားအုန်းဆီ ဈေးနှုန်းမှာ ၅၂၆ ဒေါ်လာသို့ ပြန်တက်လာသော်လည်း ရေရှည် ခန့်မှန်းရန် မသေချာသောကြောင့် ထုတ်လုပ်မှုတော်တော်များများကို လျှော့ချခဲ့ကြသည်။
မလေးရှား အစိုးရက ဇီဝလောင်စာ ထုတ်လုပ်သော စက်ရုံ ၉၁ ရုံ၏ လိုင်စင်များကို ပြန်လည် စီစစ်သွားမည်ဖြစ်ပြီး အများစုမှာလည်း မလည်ပတ်တော့ ဟု ဆိုသည်။ လွန်ခဲ့သော ၂၀၀၆ ခုနှစ်က ဆိုလျှင် မလေးရှားသည် ဇီဝလောင်စာ ထုတ်လုပ်ရေးတွင် ကမ္ဘာထိပ်ဆုံး၌ ရပ်တည်နိုင်ရန် ရည်ရွယ်ခဲ့သည်။ အာရှ၏ ပထမဆုံးသော ဇီဝလောင်စာ စက်ရုံကို ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုတော့ မလေးရှား အစိုးရသည် ဒီဇယ်သုံး ယာဉ်များမှာ ဇီဝလောင်စာကို အသုံးပြုဖို့ ကြိုးစားနေပါသည်။
ဇီဝလောင်စာဈေးနှုန်း ကျဆင်းနေမှုကတော့ စိုးရိမ်စရာဖြစ်ပေမယ့် မကြာခင်ကလေးကမှ အင်ဒိုနီးရှားအစိုးရဟာ ဇီဝလောင်စာထုတ်လုပ်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဒေါ်လာ ၇၀.၆ မီလီယံ တန် ထောက်ပံမှု တစ်ခုကို ပြုလုပ်ခဲ့ပါသည်။
“ဘယ်လို အခက်ခဲတွေရှိနေပါစေ ဇီဝလောင်စာ ထုတ်လုပ်ရေး ကျယ်ပြန့်လာအောင် လုပ်ဆောင်သွားမှာပါ” လို့ အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့် သဘာဝ သယံဇာတ ရင်းမြစ် ၀န်ကြီးဌာနမှ ရေနံနှင့် ဓါတ်ငွေ့ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ Evita Legowo က ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၏ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ ယခင်နှစ် အစီရင်ခံစာအရ စိုက်ပျိုးရေး ထွက်ကုန်များမှ ဇီဝလောင်စာ ထုတ်လုပ်ခြင်းဟာ အစားအစာ ဈေးနှုန်းများကို ပိုမိုမြင့်တက် လာစေတယ်လို့ ဖေါ်ပြထားပါတယ်။
Scridb filter