Jul 31
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining Geology)
ပဏာမစူးစမ်းလေ့လာမှုနည်းလမ်းများ (Reconnaissance Techniques)
ယင်းနည်းလမ်းများကို အသုံးချရာတွင် အပေါ်ယံဖုံးအုပ်နေသည့် အရာများ၏ မူလဇစ်မြစ်ပေါ် အခြေခံရသည်။ အကယ်၍ အပေါ်ယံဖုံးအုပ်နေသည့် အရာများသည် အောက်ခံကျောက်သားမှ ဖြစ်ပေါ်လာပါက ပြဿနာဖြေရှင်းရန် လွယ်ကူသော်လည်း အခြားတစ်နေရာမှ သယ်ယူပို့ဆောင်ခံထားရပါက နည်းလမ်းပေါင်း များစွာဖြင့် လေ့လာစူးစမ်းရပေမည်။ အသုံးချဘူမိဓါတုဗေဒနည်းပညာရပ်များကို ဇယား (၂) တွင် ဖော်ပြထားသည်။

Read more »
Scridb filter
Jul 26
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
စာရင်းအင်းပညာ (Statistics)
တွင်းထွက်ရှာဖွေရေး ဘူမိဓါတုဗေဒလုပ်ငန်း၏ရည်ရွယ်ချက်မှာ အရေးပါဆုံး စံကွဲဇုံများ (anomalous zones) သတ်မှတ်ရန် ဖြစ်သည်။ အရှင်းဆုံးဆိုရသော် ဒြပ်စင်အမြင့်ဆုံး ပါဝင်မှုကို ရှာဖွေရန်ဖြစ် သည်။ စံကွဲမှု (anomaly) များကို သတ်မှတ်ရာတွင် စာရင်းအင်းပညာဖြင့် အုပ်စုအလိုက်ရရှိသော အချက် အလက်များကို ဘူမိဗေဒနှင့် နမူနာကောက်ယူမှုဆိုင်ရာ သတင်းအချက်အလက်များဖြင့် ယှဉ်တွဲကာ သတ်မှတ် ကြသည်။ သာမန်အားဖြင့် ဓါတ်ခွဲရလာဒ်များကို စာရင်းအင်းဆိုင်ရာ ကွန်ပျူတာပရိုဂရမ်များဖြင့် အသုံးပြု ဆောင်ရွက်ရာတွင် MINITAB, SYSTAT နှင့် STATGRAPHICS စသည့် ပရိုဂရမ်များ အသုံးပြုကြသည်။ ယင်း ပရိုဂရမ်များ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ မှ ၅၀၀ အထိ ရှိကြသည်။
စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ဂရပ်ပုံများ (graphs)၊ ဘားကုပ်များ (bar graphs)၊ ဘောက်(စ်)ပလော့များ (box plots) ဖြင့် ရေးဆွဲစစ်ဆေးသင့်သည်။ ယင်းတို့နှင့်တွဲ၍ စာရင်းအင်းဆိုင်ရာ ပျံ့နှံ့မှု (statistical dispersion) အထူးသဖြင့် စံသွေလွဲမှု (standard deviation) များကို ဖော်ပြ လေ့ရှိသည်။ ဟစ်စတိုဂရမ် (histograms) ပုံများရေးဆွဲကြည့်ခြင်းဖြင့် အချက်အလက်များသည် သာမန်ပျံ့ချက် (normal distribution) သို့မဟုတ် လော့စကေးအရ သာမန်ပျံ့ချက်ရှိခြင်း (log-normal distribution) တို့ကို သိရှိနိုင်ပေမည်။ အကယ်၍ ရရှိလာသော အချက်အလက်များသည် အုပ်စုကွဲများရှိနေပါက စံပုံစံ (multi-model) အမျိုးမျိုးတွေ့ရပေမည်။ Sinclair (၁၉၉၁) ဖော်ပြခဲ့သော မြေဆီလွှာနမူနာများအတွင်း ကြေးနီဒြပ်စင်ပျံ့နှံ့ပုံကို ဥပမာပြထားပေသည်။ ပုံ (၁) ယင်း ဟစ်စတိုဂရမ် အရ ဒြပ်စင်ပါဝင်နှုန်းသည် ၉၀ နှင့် ၂၁၀ ပီပီအမ်တို့၌ အုပ်စု ၂-ခုအဖြစ် ကွဲထွက်လျက်ရှိကြောင်း တွေ့ရမည်။
Read more »
Scridb filter
Jul 25
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
ဓါတ်ခွဲစမ်းသပ်မှုနည်းလမ်းများ (Analytical Methods)
ဓါတ်ခွဲစမ်းသပ်ခြင်း၏ရည်ရွယ်ချက်မှာ နမူနာများ၌ ပမာဏလွန်စွာ နည်းပါးသည့် ဒြပ်စင် (trace element) များ ပါဝင်မှုကို သိရှိရန်ဖြစ်သည်။ ယခင်က လိုအပ်သော အဆင့်များအလိုက် ဒြပ်စင်အားလုံးကို ဓါတ်ခွဲစမ်းသပ်ရန်မှာလည်း မဖြစ်နိုင်ချေ။ အခြေခံသတ္တု (base metal) များကို ရှာဖွေသည့်လုပ်ငန်းစဉ်၌ ပင် ဒြပ်စင်ပေါင်းများစွာကို ဓါတ်ခွဲစမ်းသပ်သင့်သည်။ ဥပမာ ကြေးနီသတ္တုရိုင်းသိုက် (copper deposit) ရှာဖွေရာတွင် ကြေးနီဒြပ်စင်အပြင် အခြားအသုံးဝင်သော ဒြပ်စင်များကို ဓါတ်ခွဲတိုင်းတာရပေမည်။ ယခုအခါ ခေတ်မှီ ဓါတ်ခွဲနည်းပညာများဖြင့် တခါတရံ ဒြပ်စင်အမျိုးအစား (၂၀) မှ (၃၀) အထိ တိုင်းတာရရှိ နိုင်ပြီဖြစ်သည်။ ယင်းတို့ထဲမှ အချို့သော ဒြပ်စင်များမှာ အချက်အလက် အနည်းငယ် ရရှိသော်လည်း အဓိပ္ပါယ် ပြန်ဆိုရန်အတွက် အထောက်အကူများစွာ ရရှိနိုင်ပေသည်။ အဓိက ဘူမိဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှု နည်းပညာများကို ဇယား(၁) တွင် ဖော်ပြထားသည်။
Read more »
Scridb filter
Jul 24
Source: Quaternary geologists win timescale vote by Amanda Leigh Mascarelli, Nature, vol 459
အဓိပ္ပာယ်ဖွင့်ချက်အသစ်က ပျောက်ဆုံးတော့မည့် အခေါ်အဝေါ်တစ်ခုကို ကယ်တင်လိုက်သည်။
၂၀၀၆ တွင် နက္ခတ္တပညာရှင်တို့က ပလူတိုဂြိုဟ်၏အဆင့်အတန်းကို ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့တွင် ဘူမိဗေဒပညာရှင်တို့က လူသားတို့ ဖွံ့ဖြိုးဖြစ်ပေါ်ရှင်သန်ရာ Quaternary အချိန်၏ နှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ပလူတို ဆုံးဖြတ်ချက် မှာကဲ့သို့ပင် နှစ်များစွာကြာခဲ့သော အငြင်းအခုန်အတွက် သဘောမတူသူများကျန်ရစ်နေဆဲပင်။
နိုင်ငံတကာထရဗေဒကော်မရှင် (ICS) သည် Quaternary ၏ base ကို 2.6 million years မှ ယနေ့အထိ အဖြစ်သတ်မှတ်ခဲ့သည်။ သို့ဖြစ်၍ နောက်ဆုံး ရေခဲခေတ်ဖြစ်သော Pleistocence သည် နှစ်သန်းပေါင်း 2.6 မှ 1.8 အထိ ဖြစ်လာခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူကာ တစ်လနှစ်လအတွင်း ကျင်းပမည့် နိုင်ငံတကာ ဘူမိသိပ္ပံအစည်းအရုံး (IUGS) အစည်းအဝေးသို့ အတည်ပြုချက် ရယူမည် ဖြစ်သည်။
ယခုမဲခွဲဆုံးဖြတ်ချက်တွင် Pliocene အဏုယုဂ်၏ နှစ် ၈ သိန်းကာလကို Pleistocene သို့ပြောင်းရွှေ့ခဲ့သည်။ ဤအဓိပ္ပာယ်ဖွင့်ချက် အသစ်အတွက် ၂၀၀၁ ကပင် ကြိုးစားလာခဲ့သော ကင်းဗရစ်တက္ကသိုလ်မှ Phillip Gibbard က ဒါဟာ မှတ်တိုင်တစ်ခုပါပဲ ဟု ဆိုခဲ့သည်။ “ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် အစိတ် သုံးဆယ်က အမှားကို ခုမှ တည့်ပေးနိုင်ခဲ့တာပါ” ဟု ဆိုသည်။
၁၉၈၅ တွင် Pleistocene ၏ အစ ကို အီတလီတောင်ပိုင်း ပင်လယ်ကျ ကျောက်လွှာများအား အခြေပြုကာ နှစ် ၁.၈ သန်း အဖြစ် သတ်မှတ်ခဲ့သည်။ ပညာရှင်အချို့ကမူ ယင်းသည် တကမ္ဘာလုံး ကိုကိုယ်စားမပြုနိုင်ဟု ယူဆခဲ့သည်။ ဂြိုလ်ကမ္ဘာ၏ အေးခဲသွားခဲ့မှု သည် နှစ်ပေါင်း ၂.၆ သန်းမှ စခဲ့သည်ဟု ယင်းတို့ကဆိုသည်။
၁၈၀၀ ပြည့်နှစ် များ အစောပိုင်းတွင် Quaternary အချိန်ပိုင်း ကို ဘူမိသမိုင်းအား Primary မှ Quaternary အထိ (၄) ပိုင်း ခွဲခြားရာမှ စတင် အသုံးပြုခဲ့ကြသည်။ ပထမအမည် နှစ်ခု (Primary နှင့် Secondary) ကို မသုံးတော့သည်မှာ ကြာပြီဖြစ်ပြီး Tertiary ကို ရံဖန်ရံခါ သုံးသေးသော်လည်း ယခုဆယ်စုနှစ်များတွင် ဘူမိပညာရှင်အချို့က Quaternary ကို ခေတ်ဟောင်းလက်ကျန် တစ်ရပ်အဖြစ် မြင်ခဲ့ကြသည်။ ၂၀၀၄ တွင် နိုင်ငံတကာထရဗေဒကော်မရှင် ICS ၏ စာစောင်၌ ယင်း သက်တမ်း ပါမလာတော့ရာ သိပ္ပံအမည်စာရင်းမှ မျိုးသုဉ်း ပျောက်ကွယ်သွားပြီလားဟုပင် ထင်ခဲ့ကြသည်။ Quaternary နေရာကို နှစ် ပေါင်း ၂၃ သန်းမှစတင်သည့် Neogene ကို ဆွဲဆန့် အစားထိုးခဲ့သဖြင့် Quaternary အုပ်စုက အကြီးအကျယ်တိုက်ပွဲဆင်ခဲ့ရသည်။
Read more »
Scridb filter
Jul 23
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
ယနေ့ကာလ၌ ဘူမိဓါတုဗေဒပညာရပ်အား တွင်းထွက်သယံဇာတ ရှာဖွေရေးဆိုင်ရာ လုပ်ငန်းရပ်များတွင် များစွာ အသုံးချလာကြသည်။ ရှာဖွေရေးဘူမိဗေဒပညာရှင် (exploration geologists) များသည် ဘူမိရူပဗေဒ (geophysics) လုပ်ငန်းရပ်များထက် ဘူမိဓါတုဗေဒ (geochemistry) ဆိုင်ရာ လုပ်ငန်းရပ်များတွင် ပိုမို၍ တိုက်ရိုက် ပါဝင်ဆောင်ရွက် ရလေ့ရှိသည်။ ဘူမိဓါတုဗေဒ အစီအစဉ်တစ်ခုဖြင့် သတ္တုရိုင်းသိုက်များ (ore deposits) ရှာဖွေရာတွင် အောက်ပါအတိုင်း ကဏ္ဍများပါရှိကြသည်။
၁။ စီမံကိန်း (planning)
၂။ နမူနာကောက်ယူခြင်း (sampling)
၃။ ဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှု (chemical analysis)
၎။ အဓိပ္ပါယ်ပြန်ဆိုမှု (interpretation)
၅။ အသေးစိတ်လေ့လာမှု (follow up) တို့ဖြစ်ကြသည်။
ကွင်းဆင်းဘူမိဗေဒပညာရှင် (field geologists) များအနေဖြင့် ကဏ္ဍ ၁၊ ၂၊ ၄ နှင့် ၅ တို့ကို တိုက်ရိုက်ဆောင်ရွက်နိုင်သော်လည်း ကဏ္ဍ (၃) ကိုမူ စီးပွားဖြစ် ဓါတ်ခွဲခန်းများမှ ဆောင်ရွက် ပေးရလေ့ရှိသည်။
Scridb filter