တင့်လွင်ဆွေ
ရန်ကုန်မြို့ဝန်းကျင်၌ လှုပ်ခဲ့သောလှုပ်နိုင်သောငလျင်များအကြောင်းပြောလိုပါသည်။
၁၉၃၀ ခုနှစ် မေလ (၅) ၌ဖြစ်သော အင်အား ပမာဏ (၇.၃) ရှိသည့် ပဲခူးငလျင်ကြီးသည် ၁၉၀၀ ပြည့်လွန်နောက်ပိုင်းတွင် အင်အား အပြင်းဆုံးငလျင်များ တွင်ပါဝင်သည်။ ပဲခူးမြို့တစ်ခုလုံး အိမ်ခြေအဆောက်အဦအများအပြား ပျက်စီးခဲ့ရပြီး လူ (၅၀၀) ခန့် သေဆုံးကြောင်း မှတ်တမ်းများရှိခဲ့သည်။ ထိုစဉ်က လူဦးရေ သိန်းဂဏန်းမျှပင်မရှိသေးသော ရန်ကုန်မြို့တွင်လည်း လူ (၅၀) ခန့် ပျက်စီးရကြောင်း သိရသည်။ ပဲခူးဒေသသည် ငလျင်ဒဏ်ကို ဤတစ်ကြိမ်တည်းသာ ခံခဲ့ရသည် မဟုတ်ပေ။ ရွှေမောဓော စေတီတော်သမိုင်းအရ ဆိုလျှင် ဘီစီ (၁၉၇)မှ အေဒီ (၁၃၄၈)ထိ နှစ်ပေါင်း (၁၅၄၅)နှစ်အတွင်း ငလျင်ဖြစ်ရပ်ပေါင်း(၂၂)ကြိမ် ရှိကြောင်း စေတီတော်ပြုပြင်မှု မှတ်တမ်းကျောက်စာ များ တွင်တွေ့ရသည်။ နောက်ပိုင်းတွင် စေတီတော်ကို (၂၇) မီတာအထိမြှင့်လိုက်သည်။ ထို နောက်ပိုင်းမှ ၁၉၃၀ ထိ ငလျင်မှတ်တမ်းပေါင်း (၁၂) ကြိမ်ရှိခဲ့သည်။ ထိုဖြစ်ရပ်များထဲမှ ၁၉၁၇ ငလျင်ကြောင့် စေတီတော်ကြီး ငှက်ပျောဖူး ပျက်၍မြေခခဲ့ရပုံကို ပုံတွင်တွေ့မြင်နိုင်သည်။
မြန်မာ့မျက်ရှုေ၇ွှတိဂုံစေတီတော်ကြီးကိုလည်း ငလျင်ကြောင့် ပျက်သဖြင့် ပြင်ဆင်ရကြောင်း မှတ်တမ်းများ၌ တွေ့ရပြန်သည်။ အေဒီ ၁၃၇၂ မှ စလျှင် (၁၇) ကြိမ်ခန့်ရှိသည်။ အစောပိုင်းနှစ်များကို မသိရချေ။ ထိုအထဲမှ (၈) ကြိမ်ခန့်မှာပြိုကျသွားသဖြင့် ပြန်လည် ပြုပြင်ရကြောင်းဆိုကြသည်။ ရန်ကုန်မြို့တောင်ဖက်ရှိ သံလျင်မြို့၌ ကျိုက်ခေါက်စေတီတော် ရှိသည်။ ထိုစေတီတော်၏ပြုပြင်မှုမှတ်တမ်းတွင်လည်း အချို့နှစ်များ၌ ငလျင်ကြောင့် ပျက်သဖြင့် ပြင်ရကြောင်း ပါရှိသည်။ အေဒီ (၁၃၈၄) မှစလျှင် (၁၀) ကြိမ်ခန့်ရှိကြောင်း တွေ့ရသည်။ အစောပိုင်း မှတ်တမ်းများကိုမူ မတွေ့ရချေ။
ထို စေတီတော်များ၏ငလျင်ဖြစ်ရပ်များကို ယှဉ်တွဲလေ့လာလျှင် တူညီသော နှစ်များကိုတွေ့ရသည်။ ငလျင်ဖြစ်ခဲ့သည့ှ်နှစ်များကို ဇယား (၁) တွင် ပြထားပါသည်။ သို့သော် စေတီတော်များ ပြုပြင်မှုမှတ်တမ်း များမှာ မြို့များ၏အချိန်ကာလအလိုက် အရေးပါမှုနှင့်ဆက်စပ် နေသောကြောင့် အချို့နှစ်အပိုင်းခြားများ ကျန်ရစ်နေနိုင်သည်ဟု ခန့်မှန်းရသည်။
ပဲခူးနှင့် သန်လျင်သည် တောင်-မြောက် တစ်တန်းတည်းခန့်ရှိပြီး ရန်ကုန်မြို့က အနောက်ဖက်ကျပေသည်။ ဤနေရာတွင် ဒေသတွင်း ငလျင်ဇစ်မြစ် ကို ကြည့်ရပေမည်။ နာမည်ကြီး စစ်ကိုင်းပြတ်ရွေ့သည် ပဲခူးရိုးမ အရှေ့ခြမ်း၊ ပဲခူးနှင့် သန်လျင်မြို့များအနီး ကပ်လျှက်တည်ရှိသည်။ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်နှင့် ဆိုလျှင် ၄၀ ကီလိုမီတာခန့်ဝေးပေသည်။ အကယ်၍ စစ်ကိုင်းပြတ်ရွေ့၌ ငလျင်ကြီးလှုပ်ခဲ့လျှင် ပဲခူးနှင့် သန်လျင်မြို့များက တစ်ဆက်တည်း ခံရဖွယ်ရာရှိသည်။ ထို့ကြောင့် ထို (၂) မြို့မှတ်တမ်းများသည် တူညီသင့်သည်။ ဤအယူအဆအတိုင်း ရွှေမောဓောစေတီတော်၏လစ်လပ်သော နှစ်များကို ကျိုက်ခေါက်စေတီတော်မှတ်တမ်းနှင့် ပေါင်းနိုင်ပေသည်။ မှတ်တမ်းများပါ အချက်အလက်များ ကိုယူ၍ ဆန်းစစ်ကြည့်သောအခါ ငလျင်ဖြစ်သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားများကို ပုံ(၂)တွင် ပြထားသည့်အတိုင်း တွေ့ရပေသည်။
ရန်ကုန်မြို့အတွက်မူ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားသဖြင့် ဖြစ်သော ငလျင်များကြောင့်ချည်းဟု ယူရန် မသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့အနောက်ဖက် (၂၀) ကီလိုမီတာခန့်အကွာတွင် ဒေးဒရဲ ပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့နှင့် အပြိုင် တောင်-မြောက်အတန်းလိုက်ရှိနေပြီး အင်းအား အသင့်အတင့်ရှိ သော ငလျင်များလှုပ်တတ်သည်။ ၁၉၇၀ ကဖြစ်ခဲ့သော ရန်ကုန်ငလျင်သည် ထိုပြတ်ရွေ့လှုပ်ရှားမှုကြောင့်ဟု ယူဆရသည်။ သို့သော် (၈)ကြိမ်ခန့် ပြိုကျသဖြင့် ပြင်ရကြောင်းမှတ်တမ်းများက ပြသဖြင့် ၎င်းတို့မှာ စစ်ကိုင်း ပြတ်ရွေ့ကဖြစ်သော ငလျင်များကြောင့်ဟု ယိုးစွပ်ပေမည်။ အထက်တွင် ပြခဲ့သည့်သဘောအတိုင်းပင် ငလျင်ဖြစ်သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားတို့ကို ပုံ (၃)တွင် ပြထားသည်။
ငလျင်အကြိမ်အရေအတွက်ကို ပြထားသည့် ပုံများကို နှိုင်းယှဉ်ကြည့်လျှင် ခပ်စိပ်စိပ်ငလျင်နှစ်များ (၁၀နှစ်၊ ၂၀ နှစ်)၊ ခပ်ကျဲကျဲနှစ်များ (၁၀၀ နှစ်နှင့် အထက်) နှင့် ကြားနှစ်အပိုင်းအခြား များကို တွေ့ရသည်။ ရန်ကုန်မြို့အတွက်မူ ခပ်စိပ်စိပ်ဖြစ်ရပ်များသည် အနီးအပါးကငလျင်များ (ဒေးဒရဲပြတ်ရွေ့လှုပ်မှု) ဖြစ်နိုင်ပြီး၊ အခြားနှစ်များမှာ စစ်ကိုင်းပြတ်ရွေ့လှုပ်မှုကြောင့်ဖြစ်သော ငလျင်များ ဖြစ်ပုံရသည်။ မှတ်တမ်းများမှ ငလျင် ပြင်းအားကို ခန့်မှန်းမရချေ။ သို့သော် စစ်ကိုင်းပြတ်ရွေ့သည် ငလျင်ကြီးများသာလှုပ်တတ်သော ဇစ်မြစ် ဖြစ်သည်ကို တင်ပြလိုက်ပါသည်။
ဇယား (၁) မြို့ကြီး (၃) မြို့ရှိ စေတီတော်ကြီးများ၏ ငလျင်မှတ်တမ်းများ နှိုင်းယှဉ်ချက်။
၂၈ စက်တင်ဘာ ၂၀၀၉ (tintlwinswe.blogspot.com)




စက်တင်ဘာ ၅ ရက်နှင့် ၆ ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် ပုံမှန် တစ်နှစ် (၂) ကြိမ် ကျင်းပနေကျ စာတမ်းဖတ်ပွဲများနှင့်တွဲဖက်၍ ဖိတ်ခေါ် ပညာရှင် (၂) ဦး၏ Economic Geology ဆိုင်ရာ Lecture များကို ပို့ချမည်ဟုသိရသည်။ ပို့ချမည့်ပညာရှင်များမှာ Society of Economic Geology မှ ပညာရှင် Douglas Kirwin နှင့် မြန်မာပြည်ဘူမိဗေဒကို ၈၀စုနှစ်များကပင် ဆက်တိုက်လေ့လာခဲ့သူ Andrew Mitchell တို့ဖြစ်ကြသည်။
ယင်းတို့၏ ပို့ချချက်များအပြီး Society of Economic Geology (SEG) နိုင်ငံတကာအသင်းကြီးတွင် အသင်းဝင်လိုသူများအားလည်း တစ်ပါတည်း လက်ခံပေးသွားမည် ဖြစ်ကြောင်းဝမ်းမြောက်ဖွယ်ကြားသိရပေသည်။