ကိုသြဒီနိတ်တာ
တောင်တရုတ်ပင်လယ်ရဲ့နံဘေးတောအုပ်တက္ကသိုလ်ကို သဘာဝတရားရဲ့ သင်ကြားမှုအသစ်တွေကို သင်ယူဖို့ ဒုတိယအရွယ် (၂၀၀၄) ခု မှာ ရောက်ခဲ့ရတယ်။ အဲဒီမှာဘဲ Prof. C.S. Hutchison ကို တွေ့ကြုံခွင့်ရခဲ့တာပါ။ သူ့နာမည်ကို လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်ကတည်းကဘဲ ကြားခဲ့တာ အခုတော့ တကယ့်ကို ကြုံရပြီပေါ့။
အရှေ့တောင်အာရှ ဘူမိသိပ္ပံ (Geoscience) နှင့် ပတ်သက်လာရင် သုတေသန စာအုပ်စာတမ်းနဲ့ ပို့ချချက်တွေ အမြောက်အများ ထုတ်ဝေခဲ့သူ တစ်ဦးမို့ လူသိများ ထင်ရှားတဲ့ ပုဂ္ဂိုလ် တစ်ဦးပဲ ဆိုပါတော့။ အထူးသဖြင့် Geological Evolution of South- East Asia (1989, 1996) စာအုပ်ဟာ သူ့ရဲ့ နှစ်သုံးဆယ်ကျော် အတွေ့အကြုံတွေကို အိတ်သွန်ဖာမှောက် တင်ပြထားလို့ပါဘဲ။
ကျွန်တော်တက်ရောက်နေတဲ့ ဘရူနိုင်းတက္ကသိုလ်၊ ရေနံဘူမိသိပ္ပံ (Petroleum Geoscience) ဌာနကို ဧည့်ပါမောက္ခ အဖြစ် လာရောက် ပို့ချနေတာဆယ်နှစ်ကျော်နေပါပြီ။ အသက် ခုနှစ်ဆယ်ကျော်၊ အရပ်ခြောက်ပေကျော်၊ နှဖူးနဲ့မေးရိုးကျယ်ကျယ်၊ ဒုတ်ကောက် တစ်ဖက်နဲ့ တစ်စုံတစ်ခုကိ စွဲစွဲမြဲမြဲနဲ့ စိုက်လိုက်မတ်တတ်လုပ်တတ်တဲ့ ဥပဓိရုပ်ရှိသူမျိုးပါ။ တွေ့ဖူးသမျှနိုင်ငံခြားသားတွေထဲမှာ မြန်မာ (MYANMAR) ဆိုတာကို ပီပီသသအသံထွက်တတ်တဲ့ သူတစ်ဦးပါ။
Power Point Slides တွေ တစ်ခုပြီးတစ်ခု ထိုးရင်း အရှေ့တောင်အာရှ ဘူမိပုံပြင် ကို ဟောပြောလေ့ ရှိပါတယ်။ သုံးနာရီအတန်းကို နားချိန်တစ်ခါပေးပြီးသင်ပါတယ်။ နားချိန်မှာ ဆေးတံတစ်ဆုံခဲရင်း ကျောင်းသား/သူ တွေနဲ့ စကားလက်ဆုံကျလေ့ရှိပါတယ်။
တစ်ပတ်ကျော်ကြာတဲ့ သင်တန်းရဲ့နောက်ပိုင်းရက်တွေမှာ Semester Exam ကလဲ နီး၊ သူ့အတန်း ကလည်း non-credit ဆိုတော့ ကျောင်းသား/သူတွေ အတန်းပျက်ကြ ပါတယ်။ ကျွန်တော့်ကိုတော့ တစ်ရက်၊ နှစ်ရက်အတွင်းမှာဘဲ စကားလက်ဆုံကျရင်း ကောင်းကောင်း မှတ်မိ သွားဟန်တူပါတယ်။ အတန်းနောက်ကျရင်တောင် ‘‘မင်း ဘာလို့နောက်ကျတာလဲ’’ ဆိုတာမျိုး မေးတတ်တော့ သူ့ရဲ့အတန်းကို မပျက်မကွက်တက်ခဲ့ပါတယ်။ သူ သင်ကြားပုံ အယူအဆတွေက ကျွန်တော်တို့ရဲ့ လက်ရင်းအငြိမ်းစား ပါမောက္ခဆရာကြီးနဲ့ တော်တော် တူပါတယ်။ ချဉ်းကပ်တွေးခေါ်ပုံတွေက သက်တူရွယ်တူတွေဖြစ်ပြီး တူညီတဲ့သဘောတရား တွေကို လက်ခံခဲ့ကြပုံရပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ဆရာကြီးနဲ့ ဆရာ အပေါင်းကို လည်း ပိုမိုသတိရမိပါတယ်။
ASEAN ဒေသတွေကို တစ်ခုခြင်း ရှင်းချိန်မှာ ဆိုင်ရာဒေသက ကျောင်းသား/သူကို လှမ်းပြီး အတည်ပြုတဲ့ မေးခွန်းမျိုး မေးတတ်ပါတယ်။ စေတနာအပြည့်အ၀နဲ့ အဆီအနှစ်တွေကို ပို့ချတော့ စာမေးပွဲနီး အိပ်ပျက်ကြတဲ့ ကျောင်းသား/သူတွေ အလှည့်ကျ အိပ်ငိုက်ကြ ပါတယ်။ သူပြောလေ့ရှိတဲ့ စကားတစ်ခွန်း ကတော့ ‘‘Geology is finished up with cartoon’’ တဲ့။
Scridb filter

