Jan 24

ပညာရှင် ဘိုးဘွား တို့အား ဂါရ၀ပြုကြခြင်း နှင့် ဘူမိ ဆရာကန်တော့ပွဲများ

မြန်မာ ဘူမိပညာရှင် များ ဘူမိဗေဒဘွဲ့ရများတို့သည် ယမန်နှစ်က အစဉ်အလာကိုထိန်းသိမ်းလျက် သက်ကြီးဘူမိဗေဒပညာရှင်များ ကန်တော့ပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၂၂ ရက် ၂၀၁၁ (စနေနေ့) က Excel Treasure Hotel တွင် ကျင်းပခဲ့ကြကြောင်းသိရသည်။ ယင်းအခန်းအနားသို့ အသက် ၇၀ အထက် ဘူမိပညာရှင်ကြီးများ ၆၀ ဦးခန့်တက်ရောက်ခဲ့ကြသည်။ မြန်မာဘူမိပညာရပ်ကို စတင်တည်ထောင်ခဲ့ သူ ဆရာသာလှ မရှိတော့ သည့်နောက် ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာညီညီနှင့် အတူ ဒေါက်တာဦးသိန်း၊ ဦးသန်းဗိုလ်၊ ဦးသန်းဌေး၊ ဦးတင်အောင် စသည့် အဘိုး တို့က သြ၀ါဒ ပေးခဲ့ကြသည်။ လူကြီးများအား ကန်တော့ငွေ များ ပေးအပ်ကြပြီး ကော်ဖီ ၊ မုန့်တို့ဖြင့်ဧည့်ခံကြကြောင်းသိရှိရသည်။ မင်္ဂလာ တရားတော်မှ (၆) ပါးနှင့် ညီညွတ်သော ဤပူဇော်ပွဲသို့ ဘူမိအသိုင်းအ၀ိုင်းများ တက်တက်ကြွကြွ ပါဝင် ကန်တော့ကြခြင်းဖြင့် ဘူမိဗေဒမိသားစု၏ ကောင်းမြတ်သော အစဉ်အလာ တစ်ရပ်အဖြစ် Geolfriends မှ ၀မ်းမြောက်စွာ မျှဝေ လိုက်ပါသည်။

အလားတူပင် ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခု နှစ်ဆန်းပိုင်းတွင် ဘူမိဗေဒ အတန်းအဆက်ဆက် ၏ Batch အလိုက် Gathering များနှင့် အာစရိယ ပူဇော်ပွဲများကို ဆက်တိုက်ကျင်းပခဲ့၊ ကျင်းပလျှက်ရှိကြသည်။ Geolfriends မှ စုဆောင်းရရှိသမျှ ယခုနှစ်ပိုင်း ပြန်လည်တွေ့ဆုံကန်တော့ပွဲများမှာ -

ဒီဇင်ဘာ ၄၊ ၂၀၁၀ – မန္တလေးတက္ကသိုလ် ဘူမိဗေဒ မိသားစု (Batch ပေါင်းစုံ) အာစရိယပူဇော်ပွဲ

ဒီဇင်ဘာ ၁၈၊ ၂၀၁၀ – ရန်ကုန်တက္ကသိုလ် (1980 Batch)

ဒီဇင်ဘာ ၂၄၊ ၂၀၁၀ – ရန်ကုန်တက္ကသိုလ် (1985-92 Batch)

ဒီဇင်ဘာ ၂၆၊ ၂၀၁၀ – ရန်ကုန်တက္ကသိုလ် (1984-1991 Batch)

ဒီဇင်ဘာ ၂၈၊ ၂၀၁၀ – ရန်ကုန်တက္ကသိုလ် (1984-85 Batch)

ဇန်န၀ါရီ ၁၊ ၂၀၁၁ – ရန်ကုန်တက္ကသိုလ် (1993-95 Batch)

ဇန်န၀ါရီ ၂၊ ၂၀၁၁ – ရန်ကုန်တက္ကသိုလ် (1973-74-75 Batch)

ဇန်န၀ါရီ ၅၊ ၂၀၁၁ – ရန်ကုန်တက္ကသိုလ် (1971 Batch)

ဇန်န၀ါရီ ၁၅၊ ၂၀၁၁ – ရန်ကုန်တက္ကသိုလ် (1986-87 Batch)

ဖေဖော်ဝါရီ ၅၊ ၂၀၁၁ – ရန်ကုန်တက္ကသိုလ် (1982 Batch)

မှတ်တမ်း မတင်မိသော တွေ့ဆုံကန်တော့ပွဲသတင်းများအားလည်း ဖြည့်စွက်ပြင်ဆင်ပေးကြရန်၊ ဓာတ်ပုံများ ပေးပို့ကြရန် နှင့် ဘူမိဗေဒ ဆရာဆရာမ၊ သူငယ်ချင်းများ အားလုံး ၀မ်းမြောက်ဂုဏ်ယူနိုင်ကြရန် Geolfriends မှ ကြိုးစားတင်ပြအပ်ပါသည်။

Share
Jan 24

တက်တိုးနစ်နှင့် ဘူမိအင်ဂျင်နီယာ

စကာင်္ပူ SIL တွင် ဦးဆောင်နေသော ဒေါက်တာခင်မောင်လတ် (ဘူမိဆရာဟောင်း) ကဘူမိပညာလေ့လာသူများအတွက် တက်တိုးနစ် ဆိုင်ရာ ခေါင်းစဉ်တစ်ခု၊ ဘူမိအင်ဂျင်နီယာ စိတ်ဝင်စားကြသူများအတွက် ခေါင်းစဉ်တစ်ခု တို့ဖြင့်  မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ၂၀၁၁ နှစ်ဆန်း ပညာရပ် ဆိုင်ရာဟောပြောပွဲ တစ်ရပ်အဖြစ် ဇန်န၀ါရီ ၈ ရက်နေ့ တွင် ဆည်မြောင်းဦးစီးဌာန ရန်ကုန်ရုံးချုပ်ခန်းမ၌ ဟောပြောပို့ချခဲ့ရာ တက္ကသိုလ် ဆရာဆရာမမျာ၊နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘူမိအင်ဂျင်နီယာ သင်တန်းသားများ၊ ဆည်မြောင်းမှ ဘူမိအင်ဂျင်နီယာများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက် လေ့လာ ဆွေးနွေးခဲ့ကြကြောင်း ကြားသိရပါသည်။ ခေါင်းစဉ်များမှာ -

(1)   Tectonic evolution of Asian continental margin during Mesozoic and early Tertiary in Myanmar Region

(2)   Understanding the rock for engineering purposes

Share
Jan 21

မြန်မာ့ပတ္တမြား၏ တွင်းထွက်ဗေဒ (အပိုင်း-၁)

(ပဌမအကြိမ်၊ မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွင် ၁၉၆၆ခု မတ်လ (၂၃)ရက်နေ့၌ ဖတ်ကြားသည့်စာတမ်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ သိပ္ပံနှင့် စက်မှုပညာဂျာနယ် (၁၉၆၈) ၁။ ၁၂၅-၁၄၂ မှ ကူးယူဖော်ပြပါသည်။)

ဦးဥာဏ်သင်း (ဘူမိဗေဒဌာန) နှင့် ဦးထင်အောင် (ရူပဗေဒဌာန)၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်။

စာတမ်းအကျဉ်း

မြန်မာ့ပတ္တမြား၏ ပုံဆောင်ခဲ ဓလေ့နှင့် ပုံဆောင်ခဲ သွင်ပြင်တို့ကို ဖော်ပြထားသည်။ စက္ခုနှင့်ဆိုင်သော ကိန်းသေများကို တင်ပြသည်။ ဒြပ်စင်များစစ်စုပုံကို စပက်ထရိုဖိုတိုမက်ထရစ် နည်းဖြင့် စုံစမ်း စစ်ဆေးထားသည်။ အရောင်နှင့် အလင်းယိုင် အညွှန်းကိန်းများ စနစ်တကျ ပြောင်းလဲခြင်းကို ခရိုမီယံ ဒြပ်စင်နှင့် သံဒြပ်စင် ပါဝင်သည့် ရာခိုင်နှုန်းအလိုက် ဆွေးနွေးထားသည်။ မိုးကုတ် ပတ္တမြား၏ အတွင်းအောင်းဝင်များနှင့် အခြား ထူးခြားသည့် ၀ိသေသများကို ဖော်ပြထားသည်။

နိဒါန်း

စာရေးသူသည် ၁၉၆၅ခု နွေရာသီ ကွင်းဆင်းချိန် ကာလအတွင်း မိုးကုတ်ရတနာမြေ ဒေသသို့ သွားရောက်၍ ဤသုတေသန လုပ်ငန်းအတွက် ပတ္တမြား နမူနာများကို နေရာ အမျိုးမျိုးတို့မှ ကောက်ယူခဲ့ပါသည်။ ရတနာမြေ ဒေသတွင် တလခန့်မျှ ရှိနေစဉ်အတွင်း မိတ်ဆွေများထံတွင်၎င်း၊ ကျောက်ကုန်သည်များ၊ တွင်းပိုင်ရှင်များ ထံတွင်၎င်း ရှိသော အရိုင်းနှင့် သွေးပြီး ပတ္တမြားများကို ကြည့်ရှုလေ့လာခွင့် ရခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပတ္တမြားအရိုင်းဟု ဂုဏ်ယူနိုင်လောက်သည့် သုံးပေါင်လေးအောင်စ အလေးချိန်ရှိ ပတ္တမြားပုံဆောင်ခဲကြီးကိုလည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်း (၁၉) ကျောက်မျက်ရတနာဌာနမှ ငှားရမ်း၍ ၄င်း၏ ပုံဆောင်ခဲဆိုင်ရာ အချက်အလက်များကိုလည်း လေ့လာနိုင်ခဲ့ပါသည်။ ၄င်းပြင် ဘူမိဗေဒဌာနရှိ တွင်းထွက်ဆိုင်ရာ ဓာတ်ခွဲခန်းသို့ မကြာခဏ လာရောက်၍ တင်ပြကြသော မိတ်ဆွေများ၏ အရိုင်းနှင့် သွေးပြီး ပတ္တမြားများကိုလည်း သုတေသန ပြုလုပ်ခွင့် ရခဲ့ပါသည်။ စာရေးသူသည် ၁၉၆၅ခု စက်တင်ဘာလတွင် တော်လှန်ရေး အစိုးရ ပညာရေးဌာန၏ စေလွှတ်ချက်အရ သီဟိုနိုင်ငံသို့ သွားရောက်၍ ဘူမိရုပ်သွင် သင်တန်းအတွက် သုံးပါတ်မျှ နေခဲ့ရစဉ်အတွင်း သီဟိုနိုင်ငံထွက် ပတ္တမြားများကို လေ့လာကြည့်ရှုခွင့် ရခဲ့သည့်အပြင် သီဟိုနိုင်ငံမှ သုတေသနပညာရှင်အချို့နှင့်လည်း ဆွေးနွေးခွင့် ရခဲ့ပါသည်။

Read more »

Share
Jan 13

ငလျင်ကြိုတင် ခန့်မှန်းခြင်း

တင့်လွင်ဆွေ
(၈၊ နိုဝင်ဘာ၊ ၂၀၁၀)

လွန်ခဲ့သည့် လအနည်းငယ်က ပဲခူးမြို့အနီး ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမပေါ်၌ ကြွက်အုပ်တစ်ခု တွေ့ခဲ့ပြီး ငလျင်နှင့်ပါတ်သက်၍ မေမြန်းပြောဆိုမှုများရှိခဲ့သည်။ တိရစ္ဆာန်များ ရုတ်တရက်ထူးထူးခြားခြား ပြုမူလျှင် ငလျင်ကဲ့သို့သဘာဝဘေး ဖြစ်ပေါ်နိုင်ကြောင်းကို ခန့်မှန်းပြောဆိုကြပြီး ကမ္ဘာ့အခြားအရပ်များ တွင် တွေ့ကြုံခဲ့ရဘူးကြောင်း စာပေရေးသားမှုများရှိခဲ့သည်။ တရုပ်ပြည်၏ တန်ရှမ်းငလျင်အကြိုဖြစ်ရပ်များ သည် လူသိများသည်။ မြွေများနှင့် တွင်းအောင်းသတ္တ၀ါများ အပြင်ထွက်လာခြင်း၊ ဘဲနှင့် အခြားအကောင် များ အုပ်လိုက်နေရာပြောင်းရွေ့ကြခြင်း၊ တိရစ္ဆာန်ရုံမှ ၀က်ဝံများ အော်ဟစ်နေကြခြင်း စသည်တို့ဖြစ်သည်။ ထိုအကြောင်းနှင့်ပါတ်သက်၍ ၂၀၀၄ ခုနှစ်က တရုတ်ယူနန်သို့ ငလျင်ပညာရပ်ဆိုင်ရာလေ့လာရေး ခရီး ရောက်ရှိခိုက် မေးမြန်းခဲ့ဘူးသည်။ ဖြစ်ရပ်များကို ဖေါ်ပြချက်မှန်ကန်သော်လည်း အားကိုးရသည့် ခန့်မှန်း နည်းမဟုတ်ကြောင်း ပြန်ဖြေပါသည်။

Read more »

Share
Jan 12

အင်ဗွိုင်းမှာ MGS လည်း ပြပြီ

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း (MGS) ၏ (၇) နှစ်တာသက်တမ်း အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ခုနှစ် နှစ်ဦး၊ ဇန်န၀ါရီလ ၈၊၉၊၁၀ နေ့များတွင် အင်ဗွိုင်းခန်းမ၌ကျင်းပသော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှစ်ပတ်လည် ကုန်စည်ပြပွဲတွင် ဘူမိသိပ္ပံပြခန်း တစ်ရပ် ပြသခဲ့ရာ ကြည့်ရှုလေ့လာသူများစွာဖြင့် စိတ်ဝင်တစား ရှိကြကြောင်းသိရှိရသည်။ မြန်မာပြည် ဘူမိအခြေပြ မြေပုံများကို ဆွေးနွေးမေးမြန်းသူများ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း (MGS)သို့ အသင်းဝင်ရန် စုံစမ်းသူများ၊ ဘူမိသိပ္ပံဂျာနယ် အတွဲ (၁၊၂၊၃) တို့ကို ၀ယ်ယူကြသူများ များစွာ ရှိကြောင်းကြားသိရပေသည်။ အသင်း၏ လှုပ်ရှားမှုများ၊ လုပ်ဆောင်ချက်များ၊ သင်တန်းနှင့် အကြံပေးဝန်ဆောင်မှုများ၊ မျက်မှောက်ခေတ် ဘူမိဆိုင်ရာသတင်းများကို လာရောက်မေးမြန်းသူ သတင်းထောက်များကိုလည်း တွေ့ရသည်။ အလားတူပြခန်းမျိုးကို လာမည့် အသင်းနှစ်ပတ်လည် အခန်းအနားတွင်လည်း ပြသမည်ဟု MGS တာဝန်ရှိသူများထံမှ ကြားသိရပေသည်။

Share
Page 1 of 212