Mar 28

ငလျင်များနှင့် နေထိုင်ခြင်း

Asia Disaster Preparedness Center (ADPC) နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ၂၀၀၉ ခုနှစ်တွင် ပူးပေါင်းထုတ်ဝေသည့် ငလျင်များနှင့် နေထိုင်ခြင်း (Living with Earthquakes) မြန်မာဘာသာဖြင့် စာအုပ်ကို ပိုမို ပျံ့နှံ့နိုင် စေရန်အတွက် Geolfriends မှ ဖော်ထုတ် တင်ပြအပ်ပါသည်။
အဆိုပါစာအုပ်တွင် ငလျင်နှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများနှင့် ဆောင်ရန်ရှောင်ရန်များကို ဖော်ပြထားသောကြောင့် အများပြည်သူ အတွက် အလွန်အသုံးဝင် မည်ဖြစ်ပါသည်။ အပေါ်မှ ပုံကို ကလစ်လုပ်ပြီး စာအုပ်ကို ရယူနိုင်ပါသည်။

Share
Mar 28

Earth Hour 2011

Earth Hour 2011 ကို မတ်လ (၂၆)ရက် စနေနေ့၊ ည ၈း၃၀ နာရီ အချိန်တွင် နိုင်ငံပေါင်း ၁၃၄ နိုင်ငံ၌ ဘီလီယံနှင့်ချီသော လူများက လျှပ်စစ်မီးများကို (၁)နာရီ ပိတ်ကာ အမှောင်ချထားခြင်းဖြင့် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရသည်။
Earth Hour အစီအစဉ်ဟာ World Wildlife Fund (WWF) က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ၂၀၀၇ က စတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “Earth Hour အတွက် မီးအမှောင်ချထားသလို ပါဝင်ဆင်နွဲသူတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိမိတို့ တတ်နိုင်သလောက် တနှစ်ပတ်လုံး ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြပါတယ်” လို့ သြစတြေးလျ ၀န်ကြီးချုပ် Julia Gillard ကပြောသည်။

ကမ္ဘာ့နာမည်ကျော် အထင်ကရ နေရာများနှင့် အခြားသော ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပြုလုပ်သည့် Earth Hour 2011 တွင် အာရှနိုင်ငံတော်တော်များများနှင့် နာမည်ကြီး ကုမ္ပဏီများ ပါဝင်ဆင်နွဲခဲ့ပြီး ကမ္ဘာမြေကြီး၏ ပျက်ဆီးယိုယွင်းလာသော ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် စုစည်းလှုံ့ဆော်နိုင်မှုမှာ ၀မ်းမြောက် ကြည့်နူးစရာပင် ဖြစ်သည်။
Earth Hour ၏ လှုပ်ရှားမှု အစီအစဉ်များကို http://www.earthhour.org တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

Share
Mar 27

တာလေငလျင်

၂၀၁၁ ခုနှစ် မတ်လ ဆန်း ဂျပန်ငလျင်ကြီးကို ငေးမော၍ မှင်သက်မိနေသော အင်ဒိုချိုင်းနားဒေသသားများ ကို မတ်လ ၂၄ ရက်နေ့ ညပိုင်း တာလေငလျင်က လှန့်နှိုးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ တာချီလိတ် – ကျိုင်းတုံ လမ်း ပေါ်ရှိ မိုင်းဖြတ်မြို့တောင်ဖက် ၁၁ မိုင်ခန့်အကွာ၊ တာလေမြို့ အနောက်ဖက် ၉ မိုင်ခန့်အကွာကို မြေပေါ် ဗဟိုချက် ပြု၍ အင်အားပြင်းထန်သောငလျင်ကြီးဖြစ်ပွားခဲ့သည်။ ပမာဏ ၆.၈ အင်အားသည် မြန်မာနယ်နိမိတ် အတွင်း မဖြစ်ပွားသည်မှာ ၂၀၀၃ ခု တောင်တွင်းကြီးငလျင် ပြီးနောက် ၈ နှစ် ကြာခဲ့ပြီ။ ယနေ့ထိ အတည်မပြု နိုင်သေးသော သတင်းအရ သေဆုံးသူပေါင်း ၁၄၀ ခန့်ရှိပြီဟု ကြားသိရပါသည်။ နောက်ဆက်တွဲငလျင်များ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သဖြင့် ဒေသတွင်း ပြည်သူအပေါင်း ဘေးအန္တရာယ်ကင်းရှင်းကြစေကြောင်း Geolfriends မှ ၀မ်းနည်းစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဖြစ်ပွားခဲ့သော ငလျင်နှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုမပြုနိုင်မီ ငလျင်ဘူမိဗေဒပညာရှင်တို့၏ ရှေ့ပြေး ရှင်းလင်းချက်များကို မြေပုံများဖြင့် ပူးတွဲတင်ပြလိုက်ပါသည်။

ပုံ(၁) မတ်လ ၂၄ ရက်ငလျင်၊ ယင်း၏ နောက်ဆက်တွဲငလျင်ငယ်များနှင့် လွန်ခဲ့သော ၆ နှစ်အတွင်း လှုပ်ရှားခဲ့သော ငလျင်များ။ (IRIS Earthquake Browser)

 

 

 

ပုံ (၂) ငလျင်ဖြစ်ပွားခဲ့သော ရွှေတြိဂံပြတ်ရွေ့ဇုံ မှ နမ်းမ ပြတ်ရွေ့၊ ရွေ့ပြတ်သွားခဲ့သည် ဟု ယူဆရ သော ၂၂ ကီလိုမီတာခန့်ရှည်သည့် အပိုင်းကို အနီရောင် ဖြင့်ပြထားသည်။ ယင်းသည် Sinistral Strike Slip Fault မျိုး ဖြစ်ပြီး စစ်ကိုင်း shear system ၏ antithetic fault များတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

(မှတ်ချက်။ မြန်မာနိုင်ငံ၏ မျက်မှောက် ခေတ် ဖြစ်စဉ်ဖြစ်သော တောင်မြောက် အလျားလိုက် simple shear ကို Sagaing Shear ဟု ပညာရှင်တို့က အမည်တပ်ကြသည်။ Editor)

Share
Mar 26

ဂျပန်ဆူနာမီနှင့် ငလျင်တို့အပေါ် ပညာရှင်တို့၏ သုံးသပ် သင်ခန်းစာယူမှုများ

Eos, Vol. 92, No. 12, 22 March 2011

ပမာဏ ၉.၀ ရှိ ဂျပန် တိုဟိုကူ ငလျင်ကြီး နှင့် ဆူနာမီအပြီး တစ်ပတ်အကြာတိုင်အောင် နောက်ဆက်တွဲ ဖြစ်ရပ်များ က မပြီးဆုံးသေး။ အင်အား ပြင်းထန်သော နောက်ဆက်တွဲငလျင်များ (ပမာဏ ၆ ထက်ကြီးသည့် ငလျင် ပေါင်း ၅၀ ခန့်) အကြား ပျောက်ဆုံးနေသူတို့ကို ရှာဖွေနေကြရ ဆဲ။ ခန့်မှန်းခြေ ၁၀၀၀၀ ထိ သေဆုံးသည်ဟု တွက်ဆကြသည်။ အိုးမဲ့အိမ်မဲ့ ၄ သိန်းခန့်နှင့် ရေပြတ်လတ်နေသူ တစ်သန်း ကျော်တို့အတွက် အကူအညီ များလိုအပ်နေဆဲ။ တိုကျို ၏ အနောက်မြောက် ၂၂၅ ကီလိုမီတာ မှ ဖူကူရှီးမား ဒိုင်ချီ အဏုမြူဓာတ်ပေါင်းဖို ပျက်ယွင်းမှုကလည်း ပတ်ဝန်းကျင် ကို ပြင်းထန်စွာထိခိုက်စေလျက်ရှိသည်။
ဂျပန်ပြည် အရှေ့မြောက်ဖက် ဟွန်ရှုးကျွန်း ကမ်းလွန်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြီး (ပုံ -၁) သည် ဂျပန် subduction zone တလျှောက် မြေထုချပ် အနားစွန်းရွေ့ပြတ်မှုကြီးဖြစ်သည်။ ငလျင်ရင်းမြစ်သည် ၄၀၀ မှ ၅၀၀ ကီလိုမီတာ ခန့်ရှည်လျား ပြီး  အများဆုံး ရွေ့ပြတ်သွားသောနေရာတွင် မီတာ ၂၀ ခန့်ထိရှိသည်။ ယင်းကို GPS နှင့် ငလျင်တိုင်းစက် မှတ်တမ်းများ မှရရှိကြောင်း တိုကျိုတက္ကသိုလ် ငလျင်သုတေသနဌာနမှ ပါမောက္ခ Kenji Satake က ရှင်းပြခဲ့သည်။ ဆူနာမီ လှိုင်းအမြင့်သည် အချို့နေရာတွင် ၇ မီတာ ထိ မြင့်မားခဲ့ကြောင်း ကမ်းခြေ ဒီရေတိုင်းကရိယာများ တွင် ရရှိကာ အချို့နေရာများတွင် ကုန်းတွင်းသို့ ၅ ကီလိုမီတာ ထိ ၀င်ရောက်ခဲ့သည်။ နိုင်ငံတကာ ဆူနာမီ သတင်းအချက်အလက် ဌာန (ITIC) ကမူ မျက်မြင်အထောက်အထားအရ အမြင့်ဆုံး ဆူနာမီလှိုင်းသည် ၁၃ မီတာထိ မြင့်ကြောင်း ဆိုခဲ့သည်။ Satake က အချိန်ပြည့် GPS station များက ငလျင်ဗဟိုချက်မှ ၁၃၀ ကီလိုမီတာ ဝေးသော ဆန်ဒိုင် ကမ်းခြေအနီး တွင် ဘေးတိုက် ၄ ကီလိုမီတာ ရွေ့ခဲ့ပြီး ၀.၈ မီတာ နိမ့်ဆင်းခဲ့ကြောင်း ထုတ်ပြန်ပါသည်။
လေယာဉ်ဖြင့် ရှေ့ပြေးလေ့လာချက်များအရ ဆူနာမီရေလွှမ်းဧရိယာသည် ၈၆၉ ခုနှစ်က ဖြစ်ပွားခဲ့သော ဂျိုဂန်ငလျင်ကြီး နှင့် ဆူနာမီ နှင့် တူညီနေသည်။ တိုဟိုကူ ငလျင် သည် ဂျပန်ကမ်းခြေတလျှောက် အကြီးဆုံးငလျင်ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနမှ Brian Atwater က ဆိုခဲ့သည်။ ဂျပန် မိုးလေ၀သဌာန နှင့် အခြား ဌာနများက ဤငလျင်သည် ၁၉၀၀ ပြည့်နောက်ပိုင်း တွင် ကမ္ဘာတွင် စတုတ္ထမြောက် အကြီးဆုံးငလျင်ဖြစ်ပြီး ငလျင်တိုင်းစက်များ ပေါ်ပေါက် လာခဲ့သည့် လွန်ခဲ့သော် နှစ်ပေါင်း ၁၃၀ အတွင်း ဂျပန်ဒေသအတွက်အကြီးဆုံးဖြစ်ကြောင်း ဖော်ပြကြသည်။

Read more »

Share
Mar 10

လေးမျက်နှာ၊ အနောက်ရိုးမ တောင်ပိုင်း မှသည် ဂွကမ်းခြေသို့

ဘူမိသိပ္ပံ၏ သုတေသန ကွင်းဆင်းခရီးစဉ် ၁/၂၀၁၁

Western Outcrop ခေါ် မြန်မာပြည်အလည်ပိုင်း တတိယကပ် ကျောက်လွှာ များ ပေါ်ထွက်ရာ ဒေသကြီး၏ တောင်ဖက် အဆက် ကို လေ့လာရန် လည်းကောင်း၊ ကဘော်ပြတ်ရွေ့၏ ပေါ်ထွက်ပိုင်းများနှင့် ဆာပင်တင်နိုက်များ ဆက်စပ်မှု ကို သုတေသနပြုရန် လည်းကောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဆရာကြီး ဒေါက်တာဦးသိန်း ခေါင်းဆောင် သော အဖွဲ့ဝင် ၁၄ ဦးပါ ကွင်းဆင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၆ ရက် အတွင်း ဟင်္သာတ အနောက်ဖက် ကညင်ချောင်း ရေလှောင်တမံနှင့် ဂွ-ကမ်းသာယာ အနီး မှော်ရုံချိုင်ကမ်းခြေ တို့ကို အခြေပြု၍ ခရီးထွက်ခဲ့ကြကြောင်းကြားသိရသည်။ အငြိမ်းစား ဆရာကြီးများ ဖြစ်သော ဦးသန်းထွတ် (ရေနံ)၊ ဦးကြိုင်စိန်၊ ဦးညွန့်ဌေး၊ ဦးသန်းထွန်း (ဘဓရ) တို့နှင့် ဘူမိသိပ္ပံမှ တာဝန်ရှိ ပုဂ္ဂိုလ်များအပြင် ရန်ကုန်နှင့် ဧရာဝတီ တိုင်း အတွင်း တက္ကသိုလ်များမှ ဆရာများ လိုက်ပါကြကြောင်းကြားသိရပါသည်။

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ သက်တမ်း ၇ နှစ် အတွင်း ပြင်ဦးလွင် – နောင်ချို ဒေသ သို့ တစ်ကြိမ်၊ ဖားအံ – မော်လမြိုင်ဒေသသို့ တစ်ကြိမ် ထရဗေဒ သုတေသနကွင်းဆင်းခဲ့ပြီး၊ ရှမ်းပြည်တောင်ပိုင်း ကားလမ်း တိုးချဲ့စဉ် outcrop သစ်များကို ဓာတ်ပုံမှတ်တမ်း တင်ခဲ့သည်။ လွန်ခဲ့သော ၂၀၁၀ အတွင်း ဆည်မြောင်းနှင့် ရေအားလျှပ်စစ် အတွက် မဏိပူရ၊ ရာဇဂြိုဟ်နှင့် ရွှေလီ -၃ ဆည်တည်ဆောက်ရေးဒေသများသို့ ကွင်းဆင်းပေးခဲ့ကြောင်း သိရှိရ ပါသည်။

Share