မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နမိတ် သတ်မှတ်ရေး အငြင်းပွားနေမှုကို ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံး (ITLOS) က ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ရက်နေ့ တွင် အပြီးသတ် စီရင်ချက် ချမှတ်ပေးခဲ့သည်။
နှစ်ပေါင်း ၃၈နှစ်ကျော် အငြင်းပွားမှုတွင် ၁၉၇၄ခုနှစ်မှ ၁၉၈၆ခုနှစ်အထိ ၀န်ကြီးအဆင့် နှစ်ကြိမ်၊ ကျွမ်းကျင်သူအဆင့် ခြောက်ကြိမ် ဆွေးနွေးခဲ့ပြီး၊ ၂၀၀၈ခုနှစ် မတ်လမှ ၂၀၀၉ခုနှစ် ဇူလိုင်လအထိ ကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲ လေးကြိမ် ထပ်မံပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုများမရရှိဘဲ ၂၀၀၉ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံတကာခုံရုံးသို့ တင်သွင်း ဖြေရှင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှ နိုင်ငံတကာရှေ့နေများနှင့် တိုင်းတာရေးပညာရှင်များကို ငှားရမ်းခဲ့ပြီး ပထမအဆင့်အနေဖြင့် အဆိုပြုလွှာများနှင့် ပြန်လည်တုန့်ပြန်ချေပမှုများကို ပြုလုပ်ခဲ့ကြသည်။ ဒုတိယအဆင့်အနေဖြင့် နိုင်ငံတကာခုံရုံးမှ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ၂၀၁၁ခုနှစ် စက်တင်ဘာ ၈ရက်နေ့မှ ၂၄နေ့အထိ အမှုအားကြားနာ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။ ထိုနောက် အပြီးသတ်စီရင်ချက်ကို ယခုချမှတ်ခဲ့ခြင်း ဖြစ်သည်။
သဘာဝဓါတ်ငွေ့အမြောက်အများထွက်ရှိနိုင်သော အဆိုပါဧရိယာ၏ Tectonic ဘူမိဗေဒအချက်အလက်များဖြင့် တုန့်ပြန်ရှင်းလင်းမှုများနှင့် အခြားသော အသေးစိတ်အချက်အလက်များကို www.itlos.org ၏ case no.16 တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Mar 19


