တောင်ကိုရီးယားနိုင်ငံမှ သတ္တုတွင်း ပညာရှင် ငါးဦးခန့်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်းရှိ ရတနာသိင်္ဂီသတ္တုတွင်းသို့ အောက်တိုဘာ (သို့) နိုဝင်ဘာလတွင် လာရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ ကောင်စစ်ဝန်၏ ပြောချက်ကို ကိုးကား၍ ယခုအပတ်ထုတ် The Voice ဂျာနယ်တွင် ဖေါ်ပြထားသည်။
သုံးလခန့်ကြာမည့် လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် ပညာရှင်များမှာ အစိုးရဌာနမှ ပညာရှင်များဖြစ်ကာ ၄င်းတို့၏ တွေ့ရှိချက်များကို ကိုရီးယားနိုင်ငံအစိုးရ မှတဆင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ဆက်လက် ဖြန့်ဝေသွားမည် ဟုဆိုသည်။ အဆိုပါလေ့လာရေး ခရီးစဉ်အတွက် ကိုရီးယားနိုင်ငံ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့် H.C Company မှ ထောက်ပံ့ကူညီမှုများ ရယူခဲ့ကြောင်းသိရသည်။
အဆိုပါ ကုမ္ပဏီသည် ယခုနှစ် ဇွန်လအတွင်းတွင် သတ္တုတူးဖေါ်ရေးလုပ်ငန်း အတွက် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက အခြားသတ္တုတူးဖေါ်ရေးလုပ်ငန်း လုပ်ဆောင်မည့် IL San နှင့် နည်းပညာရင်းနှီး မြှုပ်နှံမည့် TECH Data တို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်သည်။
Oct 25

