ဦးဉာဏ်သင်း (ဘူမိဗေဒ၊ ကထိက၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)
(တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၃၊ ၁၉၆၉ မှ ကူးယူဖေါ်ပြပါသည်။)
ကျောက်မျက်များ၏ အရောင်ပြောင်းလက္ခဏာ (pleochroism)
ပုံဆောင်ခဲကျောက်မျက်များကို အုပ်စုကြီးခုနှစ်စု ခွဲခြားထားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းအုပ်စု ခုနှစ်စုအနက် ကုဗအုပ်စုတွင် ပါဝင်သော ကျောက်မျက်များ (ပုံစံ။ ။ အညံ့ဇီး၊ ဥဒေါင်၊ စိန်၊ ဖလူအိုရိုက် စသည်တို့) တွင် အရောင်ပြောင်းခြင်း လက္ခဏာကို မတွေ့ရပေ။ အကြောင်းမူကား၎င်း ကျောက်မျက်များ အတွင်းသို့ အလင်းဖြတ်ဝင် သွားအခါ အလင်း၏ အလျင်နှုန်းသည် ကျောက်မျက်၏ မည်သည့်လားရာဖက်တွင်မျှ အလျင်နှုန်း ပြောင်းလဲခြင်းမရှိပဲ တသမတ်တည်းသာ ရှိမည်ဖြစ်၏။ ၄င်းပြင် အလင်းသွားရာလားရာ ဖက်အလိုက် အရောင်ခွဲခြား စုပ်ယူခြင်းလည်း မရှိပေ။ ကျန်အုပ်စုကြီး ခြောက်စုတွင် ပါဝင်သော ကျောက်မျက်များသည် အလင်းလှိုင်းများ သွားရာလားရာအလိုက် အရောင်ခွဲခြား စုပ်ယူခြင်းလက္ခဏာကို တွေ့ရှိရ၍ အရောင်ပြောင်းခြင်းကိုလည်း တွေ့ရသည်။ ဤအရောင်ပြောင်းခြင်း လက္ခဏာသည် ဒိုင်ခရိုစကုပ် (dichroscope) (ပုံ ရ ရှု။) ဟု ခေါ်သော ကရိယာဖြင့် ကြည့်၍ မှတ်သားနိုင်သည်။

ဒိုင်ခရိုစကုပ်တွင် တဖက်စွန်း၌ မျက်စိဖြင့် ကပ်၍ ကြည့်ရသော အပေါက်ကလေး တစ်ခုပါ၍ ၄င်းအပေါက်ကလေးမှ ကပ်၍ကြည့်လျှင် အခြားတဖက်စွန်း၌ အရိပ်နှစ်ခု ထွက်ပေါ်၍ နေသည်ကို တွေ့ရသည်။ အရောင်ပါရှိသော ကျောက်မျက်တစ်ခုကို ပုံရိပ်နှစ်ခု၏ ရှေ့တွင်ထား၍ ကြည့်ရှုစစ်ဆေးလျှင် အရောင်နှစ်မျိုးကို ပုံရိပ်တစ်ခုစီတွင် တပြိုင်တည်း ပေါ်နေသည်ကို တွေ့ရမည်။ ပုံစံ။ ။ နီလာကျောက်မျက်တွင် ပုံရိပ်တစ်ခု၌ အပြာရင်ရောင်ကို တွေ့ရမည် ဖြစ်ပြီးလျှင် အခြားပုံရိပ်တစ်ခုတွင် အပြာနုရောင်ကို တွေ့ရမည်ဖြစ်သည်။ နှစ်ဖြာအလင်းယိုင်သော ကျောက်မျက်များ၏ အလင်းဝင်ရိုး (optic axis) တလျှောက်တွင် အရောင်ပြောင်းခြင်း လက္ခဏာကို တွေ့ရှိရမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အလင်းဝင်ရိုးတလျှောက်တွင် နှစ်ဖြာအလင်းယိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျောက်မျက်၏ အရောင်ပြောင်းခြင်း လက္ခဏာကို စစ်ဆေးသောအခါ ကျောက်မျက်ကို လှည့်၍ လားရာအမျိုးမျိုးဖက်မှ ဒိုင်ခရိုစကုပ်ဖြင့် စစ်ဆေးရန်လိုအပ်လေသည်။
ကျောက်မျက်များ၏ အရောင်ပြောင်းခြင်းလက္ခဏာသည် ကျောက်မျက်များကို ခွဲခြားရာ၌ အရေးကြီးသော ဂုဏ်သတ္တိတစ်ရပ် ဖြစ်သည်။ ပုံစံ။ ။ ပတ္တမြားသည် အ၀ါရောင်သမ်းသော အနီရောင်မှ အနီရင့်ရောင်သို့ အရောင်ပြောင်းခြင်း လက္ခဏာပြသည်။ ပတ္တမြားနှင့် ခပ်ဆင်ဆင်တူသော ဥဒေါင်ကျောက်မျက်သည်မူကား ကုဗပုံဆောင် စနစ်တွင် ပါဝင်၍ အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အရောင်ပြောင်းခြင်း လက္ခဏာ မပြချေ။ အရောင်အသွေး ခပ်ဆင်ဆင်တူသော ပတ္တမြားနှင့် ဥဒေါင်အနီတို့ကို ဖေါ်ပြပါအချက်ကို အသုံးပြု၍ ဒိုင်ခရိုစကုပ်ဖြင့် လျင်မြန်စွာ ခွဲခြားနိုင်သည်။
အရောင်ပြောင်းခြင်း လက္ခဏာသည် ကျောက်မျက်သွေးရာတွင်လည်း အရေးတကြီးထည့်သွင်း စဉ်းစားရသော အချက်ဖြစ်လေသည်။ ပုံစံ။ ။ ပတ္တမြားတစ်လုံးကို ၄င်း၏အလင်းဝင်ရိုး လမ်းကြောင်းအတိုင်းကြည့်လျှင် အလှပဆုံးသော အရောင်အသွေးကို တွေ့ရှိရမည်။ အလင်းဝင်ရိုးနှင့်ထောင့်မတ်ကျကြည့်လျှင် ကောင်းမွန်သော အရည်အသွေးကို မတွေ့ချေ။ ထို့ကြောင့် ပတ္တမြားရိုင်းကို သွေးရာ၌ ကျောက်၏ အတိုင်မျက်နှာပြင်ကို အလင်းဝင်ရိုးနှင့် ထောင်မတ်ကျအောင် သွေးရလေသည်။ သို့မှသာလျှင် ပတ္တမြားတွင်ရှိသော အကောင်းဆုံးသော အရောင်ကို မြင်ရပေမည်။
ကျောက်မျက်၏အလင်းလက္ခဏာ
ကျောက်မျက်၏ အလင်းလက္ခဏာကို မှတ်သားရာ၌ ကျောက်မျက်သည် အလင်းပိတ် သို့မဟုတ် အလင်းပွင့် သို့မဟုတ် အလင်းဝင်ရိုးတစ်ခုတည်းပါ ကျောက်မျက် သို့မဟုတ် နှစ်ခုပါ အမျိုးအစား၊ အလင်းလက္ခဏာ အဖိုအမ စသည့်အချက်ကို စစ်ဆေးကြည့်ရှုရာသည်။ ဤလက္ခဏာများကို လင်းသန့်အဏုရှု ခေါ် ပိုလာရီစကုပ် (polariscope) ခေါ် ကရိယာများဖြင့် စစ်ဆေးကြည့်ရှုနိုင်ပေသည်။ တွင်းထွက်များ၏ အလင်းလက္ခဏာများ သည်လည်း ကျောက်မျက်ကို အမျိုးအစားခွဲခြားရာတွင် အရေးသောအချက်ဖြစ်လေသည်။ ပုံစံ။ ။ အနီရောင်အညံ့ဇီးနှင့် ပတ္တမြားသည် သဘာဝအားဖြင့် အတူတွဲ၍ တွေ့ရလေ့ရှိပြီး သာမန်အားဖြင့် ဆင်တူသော တွင်းထွက်နှစ်မျိုးဖြစ်သည်။ သို့ရာတွင် အညံ့ဇီးသည် ကုဗစနစ်တွင် ပါဝင်၍ အလင်းပိတ်လက္ခဏာ ဖြစ်ပြီးလျှင် ပတ္တမြားသည် တရိဂံစနစ်တွင် ပါဝင်၍ နှစ်ဖြာအလင်းယိုင်သော လက္ခဏာရှိသည်။ ဤအချက် တစ်ချက်တည်းဖြင့်ပင် အညံ့ဇီးနှင့် ပတ္တမြားကို ခွဲခြားနိုင်သည်။
ဗိုင်ရီဖရင်းဂျင်း
ကုဗအုပ်စုမှလွဲ၍ ကျန်အုပ်စု၌ ပါဝင်သော ကျောက်မျက်များအတွင်းသို့ အလင်းတန်းများ ဖြတ်ဝင်သွားသောအခါ နှစ်ဖြာအလင်းယိုင်ခြင်း ဖြစ်ပေါ်၍ လင်းတန်းနှစ်ခု၏ အလျင်နှုန်းသည်လည်း လားရာအလိုက် ပြောင်းလဲသည်ကို တွေ့ရသည်။ ခြွင်းချက်အနေဖြင့် စတုဂုဏ်အုပ်စုနှင့် လေးဝင်ရိုးအုပ်စုတွင် ပါဝင်သော ကျောက်မျက်များသည် ၀င်ရိုးမတ်လားရာတလျှောက်၌ အလျင်နှုန်းပြောင်းလဲခြင်း မရှိသည်ကို တွေ့ရသည်။ ၄င်းလားရာကို အလင်းဝင်ရိုး လားရာဟု ခေါ်သည်။ ရွမ်းဗတ်အုပ်စု၊ တရိုးစောင်း (monoclinic) အုပ်စုနှင့် သုံးရိုးစောင်း (triclinic) အုပ်စုတွင်ပါဝင်သော ကျောက်မျက်များတွင် အဆိုပါ အလင်းဝင်ရိုးနှစ်ခု ရှိလေသည်။ ဤအလင်းဝင်ရိုး လားရာတလျှောက်မှအပ အခြားသော လားရာ ဖက်များတွင် အလင်း၏ အလျင်နှုန်းသည် လားရာအလိုက် ပြောင်းလဲလေသည်။ အလင်း၏ အလျင်နှုန်း လားရာအလိုက် ပြောင်းလဲခြင်းကြောင့် ကျောက်မျက်၏ အလင်းယိုင်ညွှန်းကိန်းသည်လည်း လားရာအလိုက် ပြောင်းလဲရလေသည်။ နှစ်ဖြာ အလင်းယိုင်သော ကျောက်မျက်မျိုးတွင် အနည်းဆုံး အလင်းယိုင်ညွှန်းကိန်းနှင့် အများဆုံး အလင်းယိုင်ညွှန်းကိန်းနှစ်ခုတို့၏ ခြားနားချက်သည် ကျောက်မျက်၏ ဗိုင်ရီဖရင်းဂျင်း (birefringence) ဖြစ်သည်။ ဗိုင်ရီဖရင်ဂျင်းမြင့်သော ကျောက်မျက်များတွင် နောက်မျက်နှာပြင် စောင်းများနှစ်ဆတိုးခြင်း (doubling of back facets) လက္ခဏာကို ထင်ရှားစွာ တွေ့ရသည်။ ဤလက္ခဏာကို ကောင်းစွာ တွေ့မြင်နိုင်ရန် တာပလာမြကွက် သွေးထားသော ကျောက်မျက်ကို လက်ကိုင် မှန်ဘီလူးဖြင့် ကပ်၍ ကြည့်ရှုပါက ကျောက်မျက်၏ နောက်ဖက်ရှိ မျက်နှာပြင်စောင်းများ နှစ်ဆတိုး၍ နေသည်ကို တွေ့ရမည် (ပုံ ၈ ရှု။)။

ဤလက္ခဏာကို မိုးကုတ်မြို့နယ် ပြောင်ခေါင်းအရပ်မှ ထွက်သော ပြောင်ခေါင်းစိမ်း (peridote) နှင့် ဂေါ်မိတ်တို့တွင် ထင်ရှားစွာ တွေ့မြင်ရသည်။ ဤလက္ခဏာကို အသုံးပြု၍ စိန်နှင့် ဂေါ်မိတ်ကို ခွဲခြားနိုင်လေသည်။ စိန်နှင့် ဂေါ်မိတ်နှစ်ခုစလုံးသည် အလင်းယိုင်ညွှန်းကိန်းများ ၁.၈၁၀ ထက်များ၍ အလင်းယိုင်ညွှန်းကိန်းတိုင်း ကရိယာပေါ်တွင် တိုင်း၍ ရမည်မဟုတ်ချေ။ ၄င်းတို့နှစ်ခုစလုံးသည် ပုံပန်းသဏ္ဍာန်အားဖြင့် ခပ်ဆင်ဆင်ရှိမည်။ အိတ်ဆောင် မှန်ဘီလူးဖြင့် သေချာစွာ စစ်ဆေးပါက ဂေါ်မိတ်တွင် နောက်မျက်နှာပြင်စောင်းများ နှစ်ဆတိုးခြင်း လက္ခဏာကို ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။ စိန်တွင်မူ ယင်းလက္ခဏာကို လုံးဝ မတွေ့ရပေ။
မီးအား
ရိုးရိုးလင်းတန်းများသည် ကျောက်မျက်၏ အတွင်းသို့ ဖြတ်ဝင်သွားသောအခါ အလင်း၏ အလျင်နှုန်းသည် လျော့ကျသွားပြီး မူလလားရာ လမ်းကြောင်းမှလည်း ယိုင်၍ သွားသည်။ ဤသို့သွေဖည်၍ ယိုင်သွားသော အတိုင်းအတာ ပမာဏသည် ကျောက်မျက်၏ ပင်ကိုယ် အလင်းယိုင်ညွှန်းကိန်းပေါ်တွင် မူတည်သည်။ တဖန် ကျောက်မျက်၏ အလင်းယိုင်ညွှန်းကိန်းများသည် လင်းတန်း၏ လှိုင်းအလျား အမျိုးမျိုးပေါ်တွင် အမှီပြု၍ ပြောင်းလဲသည်။ ထို့ကြောင့် ရိုးရိုးလင်းတန်းသည် ကျောက်မျက်၏ စောင်းနေသော မျက်နှာကွက်ပေါ်သို့ ကျရောက်၍ အတွင်းသို့ ဖြတ်ဝင်သွားရာတွင် ယင်း၏ လှိုင်းအလျားအသီးသီးတို့သည် ခွဲဖြာထွက်လာပြီးနောက် ယိုင်သွားလေသည် (ပုံ ၉ ရှု။)။

လှိုင်းအလျား အသီးသီးတို့နှင့် ကိုက်ညီသော အနီ၊လိမ္မော်၊ အ၀ါ၊ အစိမ်း၊ အပြာ၊ ခရမ်း စသော အရောင်စဉ်တန်းမှ အရောင်များလည်း ခွဲ၍ဖြာထွက်လာပြီးလျှင် ပကတိမျက်စိဖြင့် မြင်နိုင်လာသည်။ ဤသို့ စပက်ထရမ် (spectrum) ရောင်စဉ်များ ခွဲထွက်၍ မြင်လာနိုင်ခြင်းသည် အဓိကအားဖြင့် ကျောက်မျက်၏ အလင်းယိုင်ညွှန်းကိန်းပေါ်တွင် မူတည်သည်။ စိန်သည် မီးအားကောင်းသော ကျောက်မျက်ဖြစ်ပြီးလျှင် ဤလက္ခဏာသည်ပင်လျှင် နှစ်လိုဖွယ်ကောင်းသော လက္ခဏာတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ စိန်အပြင် အခြားမီးအားကောင်းသော ကျောက်မျက်များလည်း ရှိလေသည်။ ပုံစံ။ ။ စထရွန်တီယံတိုင်တနိတ် (strontium titanate) ချက်ကျောက်တွင် စိန်၏ မီးအားထက် ၄ဆမျှ ပိုရှိသည်။ စိန်ကဲ့သို့ ဗိုင်ရီဖရင်းဂျင်း မရှိပေ။ ၄င်းတို့နှစ်မျိုးကို ခွဲခြားရန်မှာ စထရွန်တီယံတိုင်တနိတ်၏ ကြီးမားလွန်းလှသော မီးအားနှင့် ၅.၅ မျှသာရှိသော မိုး၏ မာခြင်းစကေး လက္ခဏာနှစ်ရပ်ကို စစ်ဆေး၍ ခွဲခြားနိုင်သည်။ ရောင်မဲ့ဂေါ်မိတ်နှင့် ချက်ကျောက်ရူတိုင်းသည် စိန်နှင့်အလားတူး အတွင်းမီးအား ကောင်းသော ကျောက်များဖြစ်သည်။ သို့ရာတွင် ချက်ကျောက်ရူတိုင်း၏ မီးအားသည် စိန်၏မီးအားထက် ခုနှစ်ဆမျှရှိ၍ ဂေါ်မိတ်နှင့် ချက်ကျောက်ရူတိုင်း နှစ်မျိုးစလုံးသည် နောက်မျက်နှာပြင်စောင်းများနှစ်ဆ တိုးခြင်းလက္ခဏာကို ထင်ရှားစွာပြသည်။ ဥဒေါင်စိမ်း (demantoid gernet) သည်လည်း စိန်ကဲ့သို့ပင် မီးအားကောင်း၏။ သို့သော် ယင်း၏ အစိမ်းရောင်နှင့် မြင်မြီးသဏ္ဍာန်ရှိ အောင်းဝင်ပစ္စည်းများ အားဖြင့် စိန်နှင့်ခွဲခြားနိုင်သည်။
စုပ်ယူရောင်စဉ်
ရိုးရိုးလင်းတန်းတွင် အနီ၊ လိမ္မော်၊ အ၀ါ၊ အစိမ်း၊ အပြာ၊ ခရမ်း စသော ရောင်စဉ်များ ပါရှိ၍ ၄င်းတို့သည် ရောင်ရင့်ကျောက်များ အတွင်းသို့ ဖြတ်ဝင်သွားသောအခါ လှိုင်းအလျားအချို့တို့သည် အခြားသော လှိုင်းအလျားများထက် ပိုမို စုပ်ယူခြင်း ခံရလေသည်။ အနည်းဆုံး စုပ်ယူခြင်း ခံရသော လှိုင်းအလျားများ သို့မဟုတ် ၄င်းလှိုင်းအလျားနှင့် တူညီသော အရောင်များ ကျန်ရစ်ခဲ့၍ ဤကြွင်းကျန်ရစ်ခဲ့သော အရောင်များ ပူးပေါင်းသွားကာ ကျောက်မျက်၏ အရောင်ကွဲအမျိုးမျိုးကို ဖြစ်စေသည်။ ကျောက်မျက်များတွင် အရောင်ဖြစ်ပေါ်စေသော ဒြပ်စင်များမှာ ကြားဒြပ်စင်များ (transition) ဟု ခေါ်သော တိုင်တေနီယံ (titanium)၊ ဗနေဒီယံ (vanadium)၊ ခရိုမီယံ (chromium)၊ မန်းဂနိ (manganese)၊ ကိုဗော့ (cobalt)၊ နီကယ် (nickel)၊ ကြေးနီ၊ သံ တို့ဖြစ်သည်။ ရံဖန်ရံခါ ယူရေနီယံ (uranium) နှင့် ဒီဒေမီယံ (didymium) တို့သည်လည်း ကျောက်မျက်များတွင် အရောင်ဖြစ်ပေါ်စေသည်။ စိန်တွင်တွေ့ရှိရသော အရောင်များမှာမူ စိန်နှင့်ဖွဲ့စည်းထားသော ကာဗွန်အက်တမ်များ၏ အနေအထားချွတ်ယွင်းချက်များ ကြောင့်ဖြစ်ပေါ်သည်။ ခရိုမီယံဒြပ်စင်များတွင် လှပနှစ်လိုဖွယ်ကောင်းသော ပတ္တမြား၏ အနီရောင်ကိုလည်းကောင်း မြ၏အစိမ်းရောင်ကို လည်းကောင်း ဖြစ်စေပြီး ယင်းဒြပ်စင်ကြောင့် ဖြစ်ပေါ်သော စုပ်ယူရောင်စဉ်မှာလည်း ကြည်လင်ပြတ်သား၍ ကောင်းစွာ ထင်ရှားလေသည်။
ကျောက်မျက်များ၏ စုပ်ယူရောင်စဉ်တန်းကို စပက်ထရိုစကုပ်ဟုခေါ်သော ကရိယာဖြင့် ကြည့်ရှု စစ်ဆေးရလေသည် (ပုံ ၁၀ ရှု။)။

အရောင်ရှိသော ကျောက်မျက်များကို အမျိုးအစား ခွဲခြားရာတွင် စုပ်ယူရောင်စဉ်တန်းများကို စစ်ဆေးခြင်းသည် အရေးကြီးသော စမ်းသပ်ချက်တစ်ရပ် ဖြစ်သည်။ ပုံစံ။ ။ ဂေါ်မိတ်ကျောက်မျက်၏ အလင်းယိုင်ညွှန်းကိန်းမှာ ၁.၈၁ ထက်များသဖြင့် အလင်းယိုင်ညွှန်းကိန်းတိုင်း ကရိယာဖြင့် တိုင်းတာ၍ ကျောက်မျက်ကို ခွဲခြားမရပေ။ ဤသို့သော ကျောက်မျက်များကို စပက်ထရိုစကုပ်ဖြင့် စုပ်ယူရောင်စဉ်တန်းများကို စစ်ဆေးကြည့်ရှုခြင်းဖြင့် လျင်မြန်လွယ်ကူစွာ ခွဲခြားစစ်ဆေးနိုင်သည်။
ပတ္တမြား၏ စုပ်ယူရောင်စဉ်တွင် အနီရင့်ရောင် အစွန်း၌ ပူးကပ်နေသော အမည်းစင်းကြောင်း နှစ်ကြောင်းရှိ၍ လိမ္မော်ရောင်သမ်းနေသော အနီအစွန်ဖက်တွင် ပို၍ မှေးမှိန်သော အမည်းစင်းကြောင်း နှစ်ကြောင်းရှိသည်။ ဤအစင်းကြောင်းများအားလုံးသည် ရောင်ပြောင်းတောက် (fluorescence) အစင်းကြောင်းများ ဖြစ်သည်။ ကျယ်ပြန့်သော စုပ်ယူရောင် အမည်းရိပ်များကို အစိမ်းရောင်ဒေသနှင့် ခရမ်းရောင်ဒေသတွင် တွေ့ရသည်။

ပုံ (၁၁)တွင် ပတ္တမြား၊ နီလာနှင့် မြ ၏ စုပ်ယူရောင်စဉ်တန်းကို ပြထားသည်။ စပက်ထရိုစကုပ်ဖြင့် စုပ်ယူရောင်စဉ်တန်းကို စစ်ဆေးခြင်းဖြင့် အချို့သော ဆင်တူတွင်းထွက်များကို လျင်မြန်စွာ ခွဲခြားနိုင်လေသည်။ ပုံစံ။ ။ စပင်နဲ ခေါ် အညံ့ဇီးနှင့် ဂါးနက်ခေါ် ဥဒေါင်တို့သည် နှစ်မျိုးစလုံးပင် ကုဗစနစ်တွင် ပါသော အနီရောင်ရှိ ကျောက်မျက်များ ဖြစ်ပြီးလျှင် အသွင်သဏ္ဍာန်အားဖြင့် ခပ်ဆင်ဆင် တူလေသည်။ သို့သော် စုပ်ယူရောင်စဉ်တွင် များစွာကွာခြားသဖြင့် စပက်ထရိုစကုပ်ဖြင့် လျင်မြန်စွာ ခွဲခြားနိုင်သည်။
ချယ်လဆီးအရောင်စစ်ကရိယာ
ချယ်လဆီးအရောင်စစ်ကရိယာ (Chelsea filter) သည် အနီရောင်ပိုင်းတွင်ရှိသော လှိုင်းများနှင့် အ၀ါ၊ အစိမ်းရောင်ပိုင်းတွင် ရှိသော လှိုင်းများကိုသာ လွှတ်ပေးနိုင်သော ဂုဏ်သတ္တိရှိလေသည်။ မြနှင့် အခြား အလားတူ အစိမ်းရောင်ရှိသော ကျောက်မျက်များ (ပုံစံ။ ။ ဖန်စိမ်း၊ တိုမလင်းစိမ်း၊ ကျောက်စိမ်း စသည်တို့)ကို ဤကရိယာဖြင့် လွယ်လွယ်ကူကူ ခွဲခြားနိုင်လေသည်။ ချယ်လဆီးအရောင်စစ် ကရိယာဖြင့် ကြည့်ရှုစစ်ဆေးသောအခါ မြ၏ အစိမ်းရောင်သည် အနီရောင်သို့ ပြောင်းသွားပြီးလျှင် အခြားအရောင်ရှိ ကျောက်မျက်သုံးမျိုးသည် မူလအစိမ်းရောင်အတိုင်းပင်ရှိ၍ အရောင်မပြောင်းပေ။ ခြွင်းချက်အနေဖြင့် အိန္ဒိယပြည်နှင့် တောင်အာဖရိကမှ ထွက်သော မြအချို့သည် ချယ်လဆီးအရောင်စစ်အောက်တွင် အရောင်မပြောင်းပေ။ နီလာပြာ၊ ဂေါ်မိတ်ပြာ၊ မျက်ရွဲပြာ စသည့် အပြာရောင်ရှိ တွင်းထွက်ကျောက်မျက် အစစ်များကို ယင်းတို့နှင့်တူအောင် ပြုလုပ်ထားသော ချက်ကျောက်အညံ့ဇီးနှင့် လွယ်ကူစွာ ခွဲခြားနိုင်သည်။ အပြာရောင် တွင်းထွက်အစစ်များသည် အရောင်မပြောင်းပေ။ ချက်ကျောက်အညံ့ဇီးသည် အနီရောင် သို့မဟုတ် ပန်းရောင်သို့ ပြောင်းသွားပေမည်။ အကြောင်းမူကား ချက်ကျောက်တွင် အပြာရောင် ဖြစ်စေအောင် အသုံးပြုသော ကိုဗော့ဒြပ်စင်ကြောင့် ချယ်လဆီးအရောင်စစ်အောက်တွင် အနီရောင်ပြောင်းသွားပေသည်။
အိတ်စရေးရောင်ခြည်
အိတ်စရေးရောင်ခြည် (x-ray) သည် ကျောက်မျက်များကို ခွဲခြားရာတွင် များစွာ အသုံးဝင်လေသည်။ ပုံစံ။ ။ စိန်၊ ပယင်း စသည်တို့သည် အိတ်စရေးရောင်ခြည်တွင် အလင်းပေါက် ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ စိန်နှင့် ခပ်ဆင်ဆင်တူသော ရောင်မဲ့ ဂေါ်မိတ်သည်လည်းကောင်း၊ ဖန်သားသည်လည်းကောင်း အိတ်စရေးရောင်ခြည်တွင် အလင်းပေါက်၍ ထိုးဖေါက် မမြင်နိုင်။ ဤအချက်ဖြင့် စိန်ကို ရောင်မဲ့ဂေါ်မိတ်နှင့် အခြားအဖြူရောင် အလားတူ ကျောက်များမှ လွယ်ကူစွာ ခွဲခြားနိုင်သည်။ အိတ်စရေးရောင်ခြည်ကို အသုံးပြု၍ တွင်းထွက်ပတ္တမြားနှင့် ချက်ကျောက်ပတ္တမြားကို ခွဲခြားနိုင်သည်။ အိတ်စရေးရောင်ခြည်ကို အသုံးပြု၍ တွင်းထွက်ပတ္တမြားနှင့် ချက်ကျောက်ပတ္တမြားကို ခွဲခြားနိုင်သည်။ မှောင်နေသော အခန်းတွင်း၌ ချက်ကျောက်ပတ္တမြားနှင့် တွင်းထွက်ပတ္တမြားနှစ်လုံးကို နီးကပ်စွာ ယှဉ်ထားပြီး အိတ်စရေးရောင်ခြည်များကို ရပ်တန့်စေရမည်။ ထိုအခါ ချက်ကျောက်ပတ္တမြားသည် စက္ကန့်အနည်းငယ်ကြာအောင် မီးစုန်းတောက် နေသည်ကို တွေ့ရပြီး ပတ္တမြားအစစ်တွင် လုံးဝမတွေ့ရပေ။
အိတ်စရေးရောင်ခြည်ကို အသုံးပြုပြီး မွေးပုလဲနှင့် ပုလဲအစစ်ကို ခွဲခြားနိုင်သည်။ စမ်းသပ်လိုသော ပုလဲကို ဓာတ်မှန်ရိုက်သောအခါ ဓာတ်မှန်ပေါ်လာသော သဏ္ဍာန်ကို ကြည့်၍ ခွဲခြားနိုင်သည်။ ပုလဲအစစ်တို့ကို မည်သည့်လားရာဖက်မှ မဆို ဓာတ်မှန်ရိုက်ကြည့်လျှင် ခြောက်ထောင့်ဆဌဂံပုံ ရရှိမည်ဖြစ်သည်။ မွေးပုလဲတွင် တစ်စုံတစ်ခုသော လားရာမှလွဲ၍ ကျန်သောလားရာများမှ ရိုက်သော ဓာတ်မှန်တွင် လေးထောင့် စတုရန်းဆန်ဆန် ပုံရရှိလေသည် (ပုံ ၁၂ ရှု။)။

အလင်းတောက်ခြင်း
အချို့ကျောက်မျက်များသည် ခရမ်းလွန်ရောင်ခြည် (luminescence) အောက်တွင် အရောင်တောက်ခြင်းကို ပြသည်။ ယင်းအရောင်တောက်ခြင်း၏ အတိုင်းအတာ အမျိုးအစား စသည်တို့သည် အချို့သော ကျောက်မျက်အမျိုးအစားတို့အတွက် ထူးခြားသော လက္ခဏာဖြစ်လေသည်။ ပုံစံ။ ။ ပတ္တမြားနှင့် စပင်နဲခေါ် အညံ့ဇီးတို့သည် ခရမ်းလွန် ရောင်ခြည်အောက်တွင် အနီရောင်တောက်ပြီး ဂါးနက်ခေါ် ဥဒေါင်သည် လုံးဝအရောင် မတောက်ချေ။
ကျောက်သွေးခြင်း
သဘာဝအတိုင်းတွေ့ရသော ကျောက်မျက်အရိုင်းသည် အပြစ်အနာများပါ၍ မျက်နှာပြင်များမှာ ချောမွေ့ခြင်းမရှိ။ ကြမ်းတမ်းခက်ထရော်တတ်လေသည်။ အရောင်မှာလည်း မှေးမှိန်နေတတ်၍ လှပသင့်သလောက် မလှမပပေ။ ကျောက်မျက်၏ တောက်ပခြင်း၊ အရောင်လက်ခြင်း၊ မီးအား၊ အရည်အသွေး စသည့်အချက်များသည် ကျောက်မျက်ကို သွေး၍ အရောင်တင်အချောကိုင်ပြီးသော အခါမှသာ ရာခိုင်နှုန်းပြည့် ပေါ်ထွက်လာလေသည်။ ကျောက်မျက်များကို အမျိုးအစား အရည်အသွေး အပြစ်အနာ၊ အလေးချိန် အများဆုံး စီးရန်နှင့် ကျောက်မျက်၏ ထူးခြားသော ဂုဏ်သတ္တိများကို ဖေါ်ထုတ်ရန် စသည့် အချက်အလက်များကို ထည့်သွင်း စဉ်းစားကာ အမျိုးမျိုး သွေးကြလေသည်။
လုံးချောသွေးခြင်း
အိုပယ် (opal) ကဲ့သို့ အရောင်ပြေးသော ကျောက်မျက်များကိုလည်းကောင်း၊ မျော (moonstone) ကဲ့သို့ အခိုးပါသော ကျောက်မျက်များကိုလည်းကောင်း၊ ဂေါ်ကြိုးပါသော နီလာ၊ ပတ္တမြားကဲ့သို့သော ကျောက်မျာက်များကိုလည်းကောင်း အပြစ်အနာများပါသော ကျောက်များကိုလည်းကောင်း၊ အရောင်ရင့်လွန်းသော ကျောက်မျက်များကိုလည်းကောင်း သွေးရာတွင် လုံးချောသွေးရလေသည်။ ကျောက်မျက်၏ ပုံသည် ရှည်မျောမျောပုံ၊ ဘဲဥပုံ စသည်ဖြင့် ရှိပြီးလျှင် အပေါ်ထိပ်ပိုင်းသည် ခုံးသောမျက်နှာပြင်ရှိ၍ အောက်ခံမျက်နှာပြင်သည် ပြားလိုက်ရှိတတ်သည်။ ကျောက်၏အရောင်သည် ရင့်လွန်းပါက အလင်းရောင် ပိုမို ထိုးဖောက်နိုင်၍ အရောင်နုသွားစေရန် အောက်ခံမျက်နှာပြင်ကို ခွက်နေအောင် သွေးကြသည် (ပုံ ၁၃ ရှု။)။

ဤသို့ လုံးချောသွေးခြင်း (cabochon cut) ဖြင့် ဂေါ်ကြိုးပါသော ကျောက်မျက်များတွင် နေထားမှန်မှန်သွေးပါက ဂေါ်ကြိုးသည် ပိုမိုထင်ရှားစွာ ပေါ်လာပြီး အရောင်ညံ့၍ အပြစ်ပါသော ကျောက်မျက်မျိုးတွင်လည်း အပြစ်အနာကို အတော်အတန် ဖုံးကွယ်နိုင်သည်။
မြကွက်သွေးခြင်း (emerald cut)
အရည်အသွေး၊ အရောင်ကောင်း၍ အပြစ်စင်သောကျောက်မျက်များကို မြကွက်သွေးလေ့ရှိသည်။ မြကွက်သွေးရာတွင် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အများဆုံး သွေးလေ့ရှိသော ပုံတမျိုးတွင် ကျောက်မျက်၏ အကြမ်းဖျင်း ပုံသဏ္ဍာန်သည် စတုဂံ သို့မဟုတ် စတုရန်းပုံရှိပြီးလျှင် ထောင့်လေးထောင့်မှ အနားများကို ချိုး၍ သွေးထားသဖြင့် မျက်နှာပြင်ငယ်ကလေးများ လေးခု ပေါ်နေသည်။ ထို့ကြောင့် အများအားဖြင့် မြကွက်သွေးထားသော ကျောက်မျက်တွင် ရှစ်နားပါရှိသည်။ မြကွက်၏ မျက်နှာပြင် အသီးသီးတို့သည် အတန်းလိုက် အပြိုင်နေထားရှိပြီး ကျောက်၏ ခါးပတ်စောင်းနှင့်လည်း အပြိုင် နေထားရှိသည်။ မြကွက်သွေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျောက်မျက်၏ လှပသော အရောင်ကို ဖေါ်ထုတ်ရန် ဖြစ်လေသည်။ မြ၊ မျက်ရွဲစိမ်း၊ ပြောင်ခေါင်းစိမ်း ဆင်ဟာလိုက် (Sinhalite) စသည့် ကျောက်မျက်များကို မြကွက်သွေးလေ့ရှိသည် (ပုံ ၁၄ ရှု)။

နှင်းဆီပန်းပုံသွေးခြင်း
စံထား နှင်းဆီပန်းပုံသွေးခြင်း (Rose cut) တွင် အောက်ခံ မျက်နှာပြင်အထိုင်သည် ပြားလိုက်ဖြစ်၍ အပေါ်ဖက်ချွန်းပိုင်းတွင် တရိဂံပုံသဏ္ဍာန် ရှိသော မျက်နှာပြင်များ ၂၄ ခု ပါရှိပြီး အချိုးကိုက်ညီစွာ တည်ရှိသည်။ (ပုံ ၁၅ ရှု။)။

ရှေးခေတ်အခါက စိန်များကို နှင်းဆီပန်းပုံ သွေးကြသည်။ သို့သော် ယခုခေတ်တွင် ဤသွေးနည်းကို များစွာ မသုံးကြတော့ပေ။ နှင်းဆီပန်းပုံ သွေးခြင်းဖြင့် ကျောက်သွေးရာ၌ ပွန်းစား၍ လေလွင့်ခြင်း နည်းပါးလေသည်။ သို့ရာတွင် စိန်ကို ဤနည်းဖြင့် သွေးရာ၌ စိန်၏ မီးအားကောင်းစွာ မတောက်ပသဖြင့် ယခုခေတ်တွင် ဤနည်းကို အများအားဖြင့် မသုံးကြတော့ချေ။
အရောင်တောက်သွေးခြင်း
စံထား အရောင်တောက်သွေးခြင်း (brilliant cut) တွင် ကျောက်မျက်၌ အကွက်များ စုစုပေါင်း ၅၈ကွက် ရှိလေသည်။ ခါးပတ်၏ အထက်ပိုင်းတွင် စုစုပေါင်း အကွက် ၃၃ ကွက် ပါရှိပြီး ခါးပတ်၏ အောက်ပိုင်းတွင် အကွက်ပေါင်း ၂၅ ကွက် ပါရှိသည်။ ဤသွေးနည်းကို အသုံးပြုခြင်းဖြင့် ကျောက်၏ မီးအားကို ထူးကဲစွာ ပိုမိုတောက်ပစေသည်။ စိန်ကိုသွေးရာတွင် အများအားဖြင့် ဤနည်းကို အသုံးပြုသည် (ပုံ ၁၆ ရှု။)။

အပြစ်စင်၍ အရည်အသွေးကောင်းသော နီလာနှင့် ပတ္တမြားစသည့် ကျောက်မျက်များကို အရောင်ဆောင်ပုံရော (mixed cut) ဖြင့် သွေးလေ့ရှိသည်။
ကျောက်မျက်အရိုင်းကို သွေး၍ အချောကိုင်၊ အရောင်တင်ခြင်း၌ ကျောက်သွေးပညာရှင်၏ ကျွမ်းကျင်မှုသည် များစွာ လိုအပ်လေသည်။ အပြစ်အနာကို ရှောင်ကွင်းသွေးခြင်း၊ အရည်လမ်းကြောင်းတည့်အောင်ထားခြင်း၊ မီးအားအကောင်းဆုံးနေထားရှာခြင်း၊ သွေးပြီးကျောက်မျက် အလေးချိန် အများဆုံးရအောင် ကျောက်မျက်အရိုင်းကို လျာထားခြင်း စသည်တို့ကို အလေးအနက် သေချာစွာ စဉ်းစားပြီး သွေးရလေသည်။
ကျမ်းကိုးစာရင်း
၁။ ဥာဏ်သင်း၊ ဦး နှင့် ဦးထင်အောင်။ “မြန်မာ့ပတ္တမြား၏ တွင်းထွက်ဗေဒ”၊ ၁၉၆၆ ခု၊ သုတေသနကွန်ဂရက်စာတန်း။
၂။ ဥာဏ်သင်း၊ ဦး။ “နီလာဂေါ်ကြိုးနှင့် ပတ္တမြားဂေါ်ကြိုး”၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ တွဲ ၃၊ ပိုင်း ၁ (၁၉၆၈ ဇန်န၀ါရီ) ၂၁-၃၃။
၃။ Anderson, B.W. Gem Testing, 7th ed. London, Temple Press, 1964.
၎။ Liddicoat, Jr. R.T. Handbook of Gem Identification, 6th ed. Los Angeles, San Vincente Boulevard, 1940.
၅။ Webster, R. Gems, vol. I & II. London, Butterworths, 1962.
အပိုင်း (၂) ကို ပြန်လည် ဖတ်ရှုရန်။
Scridb filter