Feb 06

မဂ္ဂမာ သို့မဟုတ် ကျောက်ရည်ပူ (အပိုင်း -၁)

ဦးခင်ဇော်
(ဘူမိဗေဒသရုပ်ပြဆရာ၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(ပညာပဒေသာစာစောင် အတွဲ (၉)၊ အပိုင်း (၄)၊ ၁၉၇၄ နိုဝင်ဘာမှ ကူးယူဖော်ပြပါသည်။)

ကျောက်ရည်ပူ သို့မဟုတ် မဂ္ဂမာ (magma) ဟုခေါ်သော ဝေါဟာရကို ဘူမိဗေဒကျောင်းသားတိုင်း သိကြပေမည်။ ယင်းစကားလုံးသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍ နှယ်ထားသော ဂျုံမှုန့်ကဲ့သို့သော ဒြပ်နှောတခုဟူ၍ မူလဆိုလိုရင်း အဓိပ္ပါယ်ရှိ၏။ ဘူမိဗေဒဆိုင်ရာ စာအုပ်စာတန်းများတွင်မူ ယင်းဝေါဟာရကို မီးသင့်ကျောက်များ ဖြစ်ပေါ်စေသည့် မိခင်ကျောက်ဖြစ် ဒြပ်ဝတ္တုပင် ဖြစ်သည်ဟူ၍ ယေဘုယျအားဖြင့် သိနားလည်ရန် ဖေါ်ပြ၏။ သို့သော် ယင်းသို့ ဖေါ်ပြရုံဖြင့် ကျောက်ရည်ပူတစ်ခုကို အဓိပ္ပါယ် သတ်မှတ်ရာ၌လည်းကောင်း ကျောက်ရည်ပူတစ်ခု၏ ဂုဏ်သတ္တိများကို ဖေါ်ပြရာ၌လည်းကောင်း မလုံလောက်ပေ။ အမေရိကနိုင်ငံ ဘူမိဗေဒဆိုင်ရာအဖွဲ့ (American Geological Institute (A.G.I) က ထုတ်သော Glossary of Geology and Related Sciences တွင် ကျောက်ရည်ပူတခု၏ အဓိပ္ပါယ် သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ သဘာဝအလျောက် ဖြစ်ပေါ်သော လှုပ်ရှားရွေ့ရှားနိုင်သည့် ကျောက်ဖြစ်ဒြပ်ဝတ္တုများ ဖြစ်ရမည်။
၂။ ဆီလီကိတ် (silicate) ပျော်ရည် ဖြစ်ရမည်။
၃။ ကမ္ဘာ့အတွင်းပိုင်းမှာ ဖြစ်ပေါ်ရမည်။
၎။ တိုးထွက်ခြင်း (extrusion)၊ တိုးဝင်ခြင်း (intrusion) ဖြစ်နိုင်ရမည်။
၅။ အရည် သို့မဟုတ် အရည်နီးပါးရှိသော ဒြပ်ဝတ္တုများ ဖြစ်ရမည်။ သင့်တင့်သော အပူချိန် ရရှိလျှင် တခါတရံ ယင်းအရည်တွင် အခဲများအဖြစ် ပေါလောပေါ်နေသော အော်လီဗင်း (olivine)၊ ပိုင်ရောဆင်း (pyroxene)၊ ပလေဂျီအိုကလေ့ ဖယ်လစပါ (plagioclase feldspar) စသော ပုံဆောင်ခဲများနှင့် တခါတရံ ဓာတ်ငွေ့များ ပါဝင်သည် ဟူ၍ ဖြစ်သည်။

ကျောက်ရည်ပူတို့၏ ထူးခြားသော ဂုဏ်သတ္တိများ

ဤနေရာတွင် ကျောက်ရည်ပူတို့၏ ထူးခြားသော ဂုဏ်သတ္တိများအကြောင်းကို တင်ပြလိုပါသည်။ ကျောက်ရည်ပူတို့၏ အပူဒိုင်နမစ် (thermodynamic) နှင့် ဓာတုဖွဲ့စည်းပုံ (chemical composition) ဆိုင်ရာ ဂုဏ်သတ္တိများနှင့် အခြား အရေးကြီးသည့် ရုပ်ဂုဏ်သတ္တိများဖြစ်သော အလင်းယိုင်ညွှန်းကိန်း (refractive index)၊ အပူချိန်၊ စေးပျစ်နှုန်း (viscosity rate) အကြောင်းတို့ကို ဖန်ချက်လုပ်ငန်းမှ သိရသော အချက်အလက်များ၊ သဘာဝဖြစ် ချော်ရည်များကို လေ့လာရချက်များနှင့် လက်တွေ့စမ်းသပ်ချက်များအရ သိရ၏။ အခြားဂုဏ်သတ္တိများဖြစ်သည့် သံလိုက်နှင့်လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိများ၊ ရုန်းပြန်သတ္တိ (elasticity) ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ရေဒီယိုသတ္တိကြွ (radioactivity) ခြင်းဆိုင်ရာ ဂုဏ်သတ္တိများ အကြောင်းကိုမူ အနည်းအကျဉ်းသာ သိရသေးသည်။ အောက်တွင် ကျောက်ရည်ပူတို့၏ ထူးခြားသော ဂုဏ်သတ္တိများအကြောင်းကို တခုချင်း ဖေါ်ပြထားပါသည်။

အလင်းယိုင်ညွှန်းကိန်း

ကျောက်ရည်ပူတို့၏ အလင်းယိုင်ညွန်းကိန်းသည် ဆီလီကာ ပါဝင်နှုန်းနှင့် အကြမ်းအားဖြင့် ပြောင်းပြန် ဆက်သွယ်နေကြောင်း တွေ့ရ၏။ ဆိုလိုသည်မှာ ဆီလီကာ ပါဝင်နှုန်း များလာသည်နှင့်အမျှ အလင်းယိုင်ညွှန်းကိန်း နည်းလာ၍ ဆီလီကာပါဝင်နှုန်း နည်းလာသည်နှင့်အမျှ အလင်းယိုင်ညွှန်းကိန်း များလာကြောင်း တွေ့ရ၏ (ပုံ ၁ ရှု)။

fig1_web

ထို့ကြောင့် ဆီလီကာပါဝင်နှုန်းများသော (၆၆%အထက်) အက်ဆစ် မီးသင့်ကျောက်တို့တွင် အလင်းယိုင်ညွှန်းကိန်း နိမ့်၍ (၁.၅ ခန့်) ဆီလီကာ ပါဝင်နှုန်းနည်းသော (၄၅% မှ ၅၂% ထိ) ဗေ့မီးသင့်ကျောက်တို့တွင် အလင်းယိုင်ညွှန်းကိန်း မြင့်ကြောင်း (၁.၆ခန့်) သိရ၏။

အပူချိန်

လက်တွေ့စမ်းသပ်ချက်များနှင့် ကွင်းဆင်းလေ့လာ တိုင်းထွာချက်များအရ ကျောက်ရည်ပူတို့၏ အပူချိန်သည် ဆင်တီဂရိတ် ၉၀၀° – ၁၀၀၀° ခန့်ထိ ရှိကြောင်း သိရ၏။ ကျောက်ရည်ပူတို့၏ အပူချိန်ကို မီးတောင်များမှ ထွက်ခဲ့သည့် ချော်ရည်များကို တိုက်ရိုက်တိုင်းပြီး သိနိုင်၏။ ဇယား(၁)တွင် ကမ္ဘာပေါ်ရှိ မီးတောင်အချို့မှ ထွက်လာသော ချော်ရည်များ၏ အပူချိန်တို့ကို ထွက်လာသော ခုနှစ်နှင့် ယှဉ်တွဲဖေါ်ပြထားသည်။

table1_web

ဖေါ်ပြပါ အပူချိန်တို့သည် သဘာဝတွင် အမှန်ရှိမည့် အပူချိန်နှင့် အနည်းငယ် ကွဲလွဲမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မီးတောင်ဝတွင် အောက်စီဂျင်စသော ဓာတ်များနှင့် ဓာတ်ပြုလျက် အပူချိန်မြင့်လာမည်ဟု ခန့်မှန်ရသောကြောင့် ဖြစ်၏။ လာဆင် (Larson) ဆိုသူက ဗဆော့ကျောက်ရည်ပူ (basaltic magma) တို့၏ အပူချိန်သည် ၈၇၀° – ၁၀၀၀° ဆင်တီဂရိတ်အထိ ရှိနိုင်၍ ရိုင်အိုလိုက် ကျောက်ရည်ပူ (rhyolitic magma) တို့၏ အပူချိန်သည် ၆၀၀° – ၇၀၀° ဆင်တီဂရိတ်ထိ ရှိနိုင်သည်ဟု ယူဆသည်။ တန်းနား (Turner) နှင့် ဗဟူဂျင် (Verhoogen) ကလည်း ကျောက်ရည်ပူတို့၏ အပူချိန်သည် ၇၀၀° – ၁၀၀၀° ဆင်တီဂရိတ်အတွင်း ရှိကြောင်း ဖေါ်ပြခဲ့၏။
ကွင်းဆင်းလေ့လာချက်များမှ ရသော အထောက်အထားများအရ ဂရက်နစ် (granite) ကျောက်ရည်ပူတခု၏ အပူချိန်ထက် ဂဗ္ဗရိုကျောက်ရည်ပူ (gabbroic magma) တခု၏ အပူချိန်ကများကြောင်း သိနိုင်သည်။ မီးသင့်ကျောက်ရည်ပူများ တိုးဝင်ခြင်းကြောင့် ပတ်ပတ်လည်ရှိ တိုးဝင်ကျောက်များတွင် အပူရိုက်အသွင်ပြောင်းခြင်း (thermal metamorphism) (တနည်း) ထိတွေ့အသွင်ပြောင်းခြင်း (contact metamorphism) ဖြစ်ပေါ်၏။ ထိုသို့ အသွင်ပြောင်းသွားသော ကျောက်များရှိရာ ဘေးပတ်ပတ်လည်ကို ၀န်းရံနယ် (aureole) ဟု ခေါ်၏။ အရွယ်ပမာဏချင်းတူလျှင် ဂဗ္ဗရို ကျောက်စိုင်တခု ပတ်လည်ရှိ ၀န်းရံနယ်သည် ဂရက်နစ်ကျောင်စိုင်တခု ပတ်လည်ရှိ ၀န်းရံနယ်ထက် ပိုကြီးကြောင်း တွေ့ရလေ့ရှိသည်။ ဤအချက်က ဂရက်နစ်ကျောက်ရည်ပူတခု၏ အပူချိန်ထက် ဂဗ္ဗရိုကျောက်ရည်ပူတခု၏ အပူချိန်က ပိုမြင့်ကြောင်း ပြ၏။
ကျောက်ရည်ပူတို့၏ စေးပျစ်ခြင်း တန်ဖိုးများကို ဖန်ချက်လုပ်ငန်းမှ အချက်အလက်များအရ ခန့်မှန်းသိရ၏။ ဖန်ချက်လုပ်ငန်းတွင် မည်မျှစေးပျစ်နှုန်းရှိလျှင် မည်သည့် ဖန်ရည်ကို ရမည်ဖြစ်ကြောင်း သိနိုင်၏။ ကျောက်ရည်ပူတို့၏ စေးပျစ်နှုန်းသည် အပူချိန်၊ ဖိအား၊ ဓာတုဖွဲ့စည်းပုံ၊ အခိုးငွေ့ပါဝင်မှု စသည့် အချက်များပေါ် မူတည်လျက် အပြောင်းအလဲ ရှိကြောင်း တွေ့ရ၏။
ကျောက်ရည်ပူတခု၏ အပူချိန်တိုးမြင့်လာသောအခါ ယင်းကျောက်ရည်ပူ၏ စေးပျစ်နှုန်းသည်လည်း သိသိသာသာ ကျဆင်းလာကြောင်း တွေ့ရ၏။ အပူချိန်လျော့သောအခါ စေးပျစ်နှုန်း တိုးလာ၏။ အပူချိန်နှင့် ကျောက်ရည်ပူ စေးပျစ်နှုန်းသည် ပြောင်းပြန် ဆက်သွယ်မှု ရှိသည်ဟု ဆိုလိုသည် (ပုံ-၂ ရှု)။ အပူချိန်ကို ကိန်းသေထားလျက် ကျောက်ရည်ပူတခုအပေါ် သက်ရောက်သော ဖိအားကို တိုးလိုက်သောအခါ ယင်းကျောက်ရည်ပူ၏ စေပျစ်နှုန်းသည် များလာကြောင်း တွေ့ရ၏။ ဖိအားလျော့လာလျှင် ကျောက်ရည်ပူ၏ စေးပျစ်နှုန်းသည်လည်း လျော့လာ၏။ တိုက်ရိုက်ဆက်သွယ်မှု ရှိသည်ဟု ဆိုလိုသည်။ ဤသို့ဖြင့် ကမ္ဘာ့အတွင်းပိုင်း ရောက်လေလေ ကျောက်ရည်ပူ၏ စေးပျစ်နှုန်း များလေလေ ဖြစ်သည်ဟု ယူဆရသည်။ ထုထည်ကို ကိန်းသေပြုလျက် အပူချိန်နှင့် ဖိအားတပြိုင်တည်း မြှင့်လိုက်လျှင် ကျောက်ရည်ပူတခု၏ စေးပျစ်နှုန်း ကျလာကြောင်း တွေ့ရသည်။

fig2_web

ကျောက်ပညာဆိုင်ရာ စမ်းသပ်ချက်များအရ မဂ္ဂနီဆီယမ်၊ သံနှင့် ကယ်လဆီယမ်တို့ များစွာ ပါဝင်သော ဗေ့ကျောက်ရည်ပူ (basic magma) တို့သည် အရည်ကျဲကြောင်း တွေ့ရ၏။ ဆီလီကာနှင့် အလူမီနီယမ်တို့ များစွာပါဝင်သော အက်ဆစ်ကျောက်ရည်ပူ (acid magma) တို့နှင့် အယ်လကာလီကြွယ် ကျောက်ရည်ပူတို့သည် စေးပျစ်ကြောင်း သိရ၏။ တနည်းအားဖြင့် ကျောက်ရည်ပူတခု၏ စေးပျစ်နှုန်းသည် ဆီလီကာပါဝင်နှုန်းပေါ်တွင် တည်သည်ဟုလည်း ဆိုနိုင်၏။ ကျောက်ရည်ပူ၏ ဆီလီကာ ပါဝင်နှုန်းသည် စေးပျစ်နှုန်းနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိ၏။ ဆီလီကာပါဝင်နှုန်း များလာလျှင် စေးပျစ်နှုန်း များလာ၏။ ဆီလီကာပါဝင်နှုန်း နည်းလာလျှင် စေးပျစ်နှုန်း နည်းလာကြောင်း တွေ့ရ၏။ ဤသို့ဖြင့် ဆီလီကာပါဝင်နှုန်းများသော ဂရက်နစ် သို့မဟုတ် ရိုင်အိုလိုက် ကျောက်ရည်ပူများသည် ဆီလီကာ ပါဝင်နှုန်းနည်းသော ဂဗ္ဗရို သို့မဟုတ် ဗဆော့ ကျောက်ရည်ပူများထက် ပို၍ စေးပျစ်သည်။ ထိုသို့ စေးပျစ်ခြင်း ကွာခြားမှုကို ယင်းကျောက်ရည်ပူများ ကမ္ဘာ့မြေပြင်ပေါ်သို့ ထိုးထွက်အေးခဲရာမှ ဖြစ်ပေါ်လာသော မီးတောင်ခမောက် (volcanic cone) များကို နှိုင်းယှဉ်ကြည့်၍ သိနိုင်၏ (ပုံ-၃ ရှု)။

fig3_web

ဆီလီကာပါဝင်မှုများသော ရိုင်အိုလိုက်ချော်ရည်များသည် ပိုမိုစေးပျစ်သဖြင့် အဝေးသို့ မစီးနိုင်ပဲ အလျင်အမြန် အေးခဲသောကြောင့် ဖြစ်ပေါ်လာသော မီးတောင်ခမောက်များသည် မတ်စောက်၏။ ဆီလီကာပါဝင်နှုန်းနည်းသော ဗဆော့ကျောက်ရည်များသည် စေးပျစ်မှု နည်းသဖြင့် အရည်ကြဲပြီး ဘေးပတ်ဝန်းကျင်သို့ အလျင်အမြန် စီးဆင်းသွားသောကြောင့် ပြေလျှော့သော မီးတောင်ခမောက်များ ဖြစ်လာ၏။
ကျောက်ရည်ပူတခု ပုံဆောင်အေးခဲခြင်းနှင့် ယင်း၏ စေးပျစ်နှုန်းတို့ ဆက်သွယ်မှု ရှိကြောင်းကိုလည်း သိရ၏။ စေးပျစ်မှုများလျှင် ကျောက်ရည်ပူထဲရှိ အနုမြူများ ရွှေ့ရှားသွာလာရန် နှေးကွေး၏။ ထို့ကြောင့် တိကျသော အနုမြူဖွဲ့စည်းပုံရရန် ခဲယဉ်းမည်။ ပုံဆောင်ခဲများအဖြစ် ကြီးထွားရန်လည်း ခဲယဉ်း၏။ ထို့ကြောင့် အေးခဲချိန်တူလျှင် စေးပျစ်သော ကျောက်ရည်ပူမှ ဖန်ကျောက်များ ပို၍ ဖြစ်ပေါ်တတ်သည်။ ဤအချက်က မည်သည့်အတွက်ကြောင့် သဘာဝ၌ အက်ဆစ်ဖန်သားကျောက်ဖြစ်သော အောဗဆီဒီယန် (obsidian) လို ကျောက်မျိုးကို ဗဆော့ ဖန်သားကျောက်ဖြစ် တက်ခီလိုက် (tachylite) လို ကျောက်မျိုးထက် ပိုမို၍ အတွေ့ရများကြောင်းကို ရှင်းပြသည်။

အပိုင်း (၂)ကို ဆက်လက် ဖတ်ရှုရန်။

Share/Save/Bookmark

Scridb filter

Leave a Reply