Feb 18

မဂ္ဂမာ သို့မဟုတ် ကျောက်ရည်ပူ (အပိုင်း -၂)(နိဂုံး)

ဦးခင်ဇော်
(ဘူမိဗေဒသရုပ်ပြဆရာ၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(ပညာပဒေသာစာစောင် အတွဲ (၉)၊ အပိုင်း (၄)၊ ၁၉၇၄ နိုဝင်ဘာမှ ကူးယူဖော်ပြပါသည်။)

ဓာတုဖွဲ့စည်းပုံ

မီးသင့်ကျောက်များသည် ကျောက်ရည်ပူများမှ ဆင်းသက်သည်ဟု ဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မီးသင့်ကျောက်များတွင် ပါဝင်သော အဓိကအောက်ဆိုဒ် ဆယ်မျိုးခန့်ဖြင့် ကျောက်ရည်ပူများကို ဖွဲ့စည်းထားသည်ဟု ဆိုနိုင်၏။ ယင်းအောက်ဆိုဒ်တို့မှာ ဆီလီကွန်အောက်ဆိုဒ်၊ အလူမီနီယမ်အောက်ဆိုဒ်၊ သံအောက်ဆိုဒ်များ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်၊ ကယ်လဆီယမ်အောက်ဆိုဒ်၊ ဆိုဒီယမ်အောက်ဆိုဒ်၊ ပိုတက်ဆီယမ်အောက်ဆိုဒ်၊ တိုက်တေနီယမ်အောက်ဆိုဒ် နှင့် ရေတို့ဖြစ်သည်။ ကလပ် (Clarke) နှင့် ၀ါရှင်တန် (Washington) တို့က ကမ္ဘာပေါ်ရှိ မီးသင့်ကျောက်တို့၏ အောက်ဆိုဒ်များ ပျမ်းမျှ ပါဝင်ဖွဲ့စည်းမှုကို တွက်ချက်ထား၏ (ဇယား-၂ ရှု)။ ယင်းပါဝင်နှုန်းများသည် ကျောက်ရည်ပူတို့တွင် ပါဝင်သည့် အောက်ဆိုဒ် ပါဝင်နှုန်းများပင်ဟု ဆိုနိုင်၏။

tabel2_web

ကျောက်ရည်ပူများတွင် ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သွပ် စသော သတ္တုဒြပ်စင် (metallic element) များ အသင့်အတင့်မျှ ပါဝင်ကြောင်း သိရ၏။ ကျောက်ရည်ပူများ အေးခဲခြင်း ပြုရာတွင် ယင်းဒြပ်စင်များ အခြေအနေအရ အခါအားလျော်စွာ စုစည်းမှုကြောင့် မီးသင့်သတ္တုသိုက် (magmatic ore-deposit) များ ဖြစ်ပေါ်လာ၏။ ကျောက်ရည်ပူများတွင် အငွေ့ (volatile) များအဖြစ် ဓာတ်ငွေ့များနှင့် ရေငွေ့တို့ ပါဝင်သည်။ ယင်းတို့ ပါဝင်မှုသည် တွင်းထွက်များ ဖြစ်ပေါ်ပုံဆောင်ခြင်းကို ထိန်းချုပ်ကြောင်း စမ်းသပ်တွေ့ရှိရ၏။ မီးတောင်မှ ထွက်လာကြသည့် ချော်ရည်များနှင့် ကမ္ဘာ့မြေအောက်ပိုင်းရှိ ကျောက်ရည်ပူတို့၏ ဓာတုဖွဲ့စည်းပုံ အဓိကခြားနားချက်များမှာ ယင်းအခိုးအငွေ့များနှင့် ရေပါဝင်မှု အနည်အများပင် ဖြစ်သည်။


ချော်ရည်များ ကမ္ဘာ့မြေပြင်ပေါ်သို့ ရောက်လာသောအခါ အခိုးအငွေ့များ ထွက်လာ၍ ရေများသည်လည်း ရေခိုးရေငွေ့အဖြစ် ထွက်သွားပေသည်။ ချော်ရည်များတွင် ပါဝင်သော အခိုးအငွေ့များကို ပါဝင်နှုန်းအလိုက် (H2O, H2, HCL, H2S, CO, CO2, HF) စသည်တို့ဖြင့် စီစဉ်ဖေါ်ပြနိုင်သည်။ ဂရေတွန် (Graton) (၁၉၄၅) က ဟာဝိုင်ယီ (Hawaii) ရှိ ကီလောယာ မီးတောင်မှ ထွက်သော ဓာတ်ငွေ့များကို စမ်းသပ်ကြည့်ရာမှ ရသော အချက်အလက်များကို ဇယား (၃)တွင် ဖေါ်ပြထားသည်။

table3_web

မြေအောက် အတော်နက်နက်တွင် ရေပါဝင်မှုသည် အခိုးအငွေ့အနေနှင့် မရှိနိုင်။ ရေသည် ဆီလီကာပျော်ရည်ထဲတွင် ပျော်ဝင်နေပေမည်။ မြေအောက်ရောက်လေ ဖိအားများလာသောကြောင့် ဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် ကျောက်ရည်ပူတခု၏ ရေပါဝင်မှုသည် ချော်ရည်တို့တွင် ပါဝင်လေ့ရှိသော (၁-၂) ရာနှုန်းထက် များသွား၏။ ဂေါ်ရန်ဆွန် (Goranson) (၁၉၃၁) ၏ စမ်းသပ်ချက်အရ ဂရက်နစ်ကျောက်ရည်ပူတခုတွင် ရေ ၁၀% ခန့်အထိပင် ပျော်ဝင်နိုင်ကြောင်း သိရ၏ (ပုံ-၄ ရှု)။

fig4_web

ထိုသို့ ကျောက်ရည်ပူတခုသည် အနက်ပိုင်းသို့ ရောက်လေ ရေပါဝင်နှုန်း များလာလေဖြစ်သဖြင့် ရေငွေ့ဖိအား (water vapour pressure (Ph2O)) လည်း များလာသည်ဟု ဆိုရသသည်။ ဤအကြောင်းကြောင့် ကျောက်ရည်ပူ အမျိုးအစား တူသော်လည်း အပေါ်ယံ၌ဖြစ်သော ကျောက်နှင့် အနက်ပိုင်း၌ဖြစ်သော ကျောက်တို့တွင် တွင်းထွက်များ ပါဝင်ပုံ ခြားနားရခြင်း ဖြစ်သည်။ အနက်ပိုင်း၌ဖြစ်သော ကျောက်များတွင် (OH) ပါသော တွင်းထွက်များ ပိုမို ဖြစ်ပေါ်၏။ ထို့ကြောင့်ပင် ကျောက်ရည်ပူ အမျိုးအစားတခုတည်းမှ ဖြစ်ပေါ်လာသော်လည်း အနက်ပိုင်း၌ဖြစ်သော ဂရက်နက်ကျောက်တွင် အပေါ်ယံ၌ဖြစ်သော ရိုင်အိုလိုက်ကျောက် (rhyolite) တွင်ထက် (OH)ပါဝင်သော တွင်းထွက်ဖြစ်သည့် လချေးညိုကို ပိုတွေ့ရခြင်း ဖြစ်သည်။ အက်ဆစ်ကျောက်ရည်ပူများတွင် ဗေ့ကျောက်ရည်ပူများထက် ရေပါဝင်မှု ပိုများသည်ဟု ခန့်မှန်းရ၏။ အဘယ့်ကြောင့်ဆိုသော် အက်ဆစ်မီးသင့်ကျောက် (acid igneous rock) များတွင် ဗေ့မီးသင့်ကျောက် (basic igneous rock) များထက် (OH) ပါဝင်သော တွင်းထွက်များ ပိုတွေ့ရခြင်းကြောင့် ဖြစ်သည်။ ကျောက်ရည်ပူတို့၏ ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားစရာကောင်းသော အချက်တခုကို တင်ပြလိုပါသည်။
တွင်းထွက်အမျိုးမျိုးတို့ဖြင့် ကမ္ဘာပေါ်ရှိ မူလဖြစ်ကျောက်များဟု ယူဆနိုင်သော မီးသင့်ကျောက်များကို ဖွဲ့စည်းထားကြောင်း သိပြီးဖြစ်သည်။
ကမ္ဘာပေါ်တွင် ယခုအချိန်ထိ တွင်းထွက်အမျိုးပေါင်း နှစ်ထောင်ကျော် တွေ့ပြီး ဖြစ်သည်။ ယင်းတို့အနက် များစွာသည် အထက်က ဇယား (၂)တွင် ဖေါ်ပြခဲ့သော အောက်ဆိုဒ်ဆယ်မျိုးတို့ အချိုးအမျိုးမျိုးဖြင့် ပေါင်းစပ်ဖြစ်ပေါ်လာသော ဆီလီကိတ်တွင်းထွက်များ ဖြစ်ကြသည်။ ကျောက်ရည်ပူများ အေးခဲစဉ် ပါဝင်သော အောက်ဆိုဒ်များ အချိုးအမျိုးမျိုးဖြင့် ပေါင်းစပ်နိုင်သည်ဟု ယူဆရသည်။ ဤသို့ဖြစ်လျှင် ဖြစ်ပေါ်လာသော မီးသင့်ကျောက်များထဲတွင် တွင်းထွက် အမြောက်အမြား တွဲဖက်ပါဝင်လာသင့်ပေသည်။ သို့ရာတွင် သဘာဝတွင် မီးသင့်ကျောက် တမျိုးမျိုး၌ မည်သည့်အခါမျှ တွင်းထွက် ဆယ်မျိုးထက် ပို၍ ပါဝင်ဖွဲ့စည်းမှု မတွေ့ရပေ။ ဤသို့ဖြစ်ရခြင်းမှာ ကျောက်ရည်ပူများသည် တွင်းထွက် ရုပ်ခြေပြ စည်မျဉ်း (mineralogical phase rule) ကို လိုက်နာသောကြောင့် ဖြစ်သည်။ ရှင်းဦးအံ့-
အခြေခံ ရုပ်ခြေပြစည်းမျဉ်း P + F = C + 2 ဖြစ်သည့် P= ရုပ်ခြေ (phase)၊ F= လွတ်လပ်ဒီဂရီ (degree of freedom) တနည်း အချုပ်အချယ်ကင်းမှု အတိုင်းအတာ၊ C = ပါဝင်ကိန်း တို့ဖြစ်သည်။ လွတ်လပ်ဒီဂရီဆိုသည်မှာ စနစ် (system) တခုရှိ အပူချိန်၊ ဖိအားဖွဲ့စည်းပုံ စသည့် ထိန်းချုပ်ချက်တို့၏ အချုပ်အချယ်ကင်းမှု မကင်းမှုကို တိုင်းတာသော ကိန်းဖြစ်၏။ ဘူမိစနစ် (geological system) များတွင် ယင်းသုံးခုသည် အရေးကြီးသော ထိန်းချုပ်ချက်များအဖြစ် ပါဝင်လေ့ရှိ၏။ ယင်းသုံးမျိုးအနက် တမျိုးတည်းကိုသော်လည်းကောင်း၊ နှစ်မျိုးကိုသော်လည်းကောင်း၊ သုံးမျိုးကိုသော်လည်းကောင်း ကိန်းသေပြုနိုင်၏။ ဆိုလိုသည်မှာ စနစ်တခုတွင် လွတ်လပ်ဒီဂရီမှာ ၁ သို့မဟုတ် ၂ သို့မဟုတ် ၃ တခုခု ဖြစ်နိုင်၏။ ဤတွင် စဉ်းစားရမည့် အချက်တခု ရှိလာသည်။ ကျောက်ရည်ပူများ အေးခဲခြင်း အပါအ၀င် ဘူမိဖြစ်စဉ် များတွင် အပူချိန်နှင့် ဖိအား ကိန်းသေဖြစ်နေသည့် အခါမျိုး အလွန်ရှား၏။ ယင်းဖြစ်စဉ်တို့၏ အပူချိန်နှင့် ဖိအားသည် အတော်ပင် ပြောင်းလဲနိုင်၏။ ဤသို့ အပူချိန်နှင့် ဖိအား ပြောင်းလဲနေတတ်သဖြင့် ဘူမိစနစ်များတွင် လွတ်လပ်ဒီဂရီသည် အနည်းဆုံး ၂ခု ရှိနေတတ်၏။ တခါတရံ ၂ခုထက်ပင် ပိုတတ်သည်။
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဘူမိစနစ်များတွင် လွတ်လပ်ဒီဂရီ နှစ်ခုထက်မနည်းတတ်သဖြင့် ညီမျှခြင်း ၂ နှင့် ၃ ကို ပေါင်းယူသောအခါ (P ≤ C) ဆိုသော ညီမျှခြင်း ရလာ၏။ ဆိုလိုသည်မှာ ဖြစ်ပေါ်လာသော ရုပ်ခြေများသည် ပါဝင်သော ပါဝင်ကိန်းများနှင့် ညီနိုင်၏။ သို့မဟုတ် နည်းရမည်ဟူ၍ ဖြစ်သည်။ မည်သည့်အခါမျှ မပိုနိုင်ပေ။ ဤသို့ဖြင့် သဘာဝ၌ ကျောက်ရည်ပူတခု အေးခဲသောအခါ ကျောက်တစ်ခုစီတွင် ရုပ်ပြတွင်းထွက် အရေအတွက်သည် ဆယ်ခုထက် ပိုမပါဝင်ခြင်း ဖြစ်သည်။ အကြောင်းမှာ အထက်ကဆိုခဲ့သည့်အတိုင်း ကျောက်ရည်ပူများတွင် အဓိကအောက်ဆိုဒ် ဆယ်မျိုးခန့်သာ ပါဝင်နေ၍ ဖြစ်သည်။ ဤအချက်ကြောင့် သဘာဝ၌ တွင်းထွက်အမျိုးပေါင်း နှစ်ထောင်ကျော် ရှိနေသော်လည်း မီးသင့်ကျောက် တမျိုးမျိုးတွင် တွင်းထွက် ဆယ်မျိုးထက် ပိုမပါခြင်း ဖြစ်သည်။

ဖြစ်ပေါ်ပုံနှင့် ဖြစ်ပေါ်နိုင်သည့် နေရာ

ကျောက်ရည်ပူများရှိသည်ဟု ဆိုနိုင်သော အကြောင်းရပ် များစွာရှိသည်။ သိမြင်လွယ်သော အထောက်အထားတရပ်မှာ ကမ္ဘာပေါ်တွင် ချော်ရည်များ မကြာခဏ စီးထွက်လေ့ရှိသော မီးတောင်ရှင်များ ဖြစ်သည်။ ယင်းချော်ရည်များသည် အခြားမဟုတ်၊ ကမ္ဘာမြေ အတွင်းရှိ အက်ကြောင်းများအတိုင်း ထိုးထွက်လာသည့် ကျောက်ရည်ပူများ ဖြစ်သည်။ ဤနေရာတွင် ကျောက်ရည်ပူများ မည်သို့ ဖြစ်ပေါ်လာသနည်း ဆိုသော အချက်ကို ဦးစွာ စဉ်းစားရပေမည်။
ကျောက်ရည်ပူများ ဖြစ်လာရန် အပူရှိန် များစွာလိုမည်။ ယင်းလိုအပ်သော အပူရှိန်ကို ပေးစွမ်းနိုင်သည့် အကြောင်းအချက် များစွာရှိ၏။ ကမ္ဘာမြေကြီးသည် အစဦး၌ ပူသော အစိုင်အခဲ အလုံးကြီး ဖြစ်သည်ဟု ယူဆကြ၏။ သို့ဖြစ်လျှင် ယခုထက်တိုင် အပူရှိန် ကျန်နေသေးသည်ဟု တွေးတောဖွယ်ရှိ၏။ ကမ္ဘာမြေကြီး၏ အတွင်းပိုင်းရောက်လေလေ အပူရှိန် တိုးသွားလေလေ ဖြစ်ကြောင်းကို သတ္တုမိုင်းများ အတွင်းသို့ ဆင်းကြည့်ဖူးသူတိုင်း သိပေမည်။ ယေဘုယျအားဖြင့် ပေသုံးရာအောက် ဆင်းတိုင်း အပူရှိန် ၁ ဒီဂရီဆင်တီဂရိတ် တိုးသွားကြောင်း တွေ့ရ၏။ ထိုသို့ ကမ္ဘာ့အတွင်းပိုင်းသို့ အပူရှိန်တိုးသွားမှုကို ဘူမိအပူရှိန် လျှောစောက် (geothermal gradient) ဟု ခေါ်၏။ ယင်းဘူမိအပူရှိန် လျှောစောက်ကြောင့် အပူရှိန်များ ရနိုင်၏။
ကမ္ဘာ့အတွင်းပိုင်း၌ အပူရှိန်တိုးစေသည့် အခြားအကြောင်းများ ရှိသေးသည်။ ဤတွင်အခြေခံအားဖြင့် အဓိကဖြစ်သော ဓာတ်ပြုမှု (endothermic reaction) နှင့် အပူထုတ်ဓာတ်ပြုမှု (exothermic reaction) တို့ပင် ဖြစ်သည်။ ပုံစံအားဖြင့် ရေခဲအရည်ပျော်ခြင်းသည် ဘေးပတ်ဝန်းကျင်မှ အပူကို စုပ်ယူအသုံးပြု၍ ဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှုမျိုးသည် အပူစုပ် ဓာတ်ပြုမှုတမျိုး ဖြစ်၏။ အပူချိန် ၁၀၀၀ ဒီဂရီဆင်တီဂရိတ် ရှိသော ပျော်ရည်တခုကို အပူချိန် ၈၀၀ ဒီဂရီဆင်တီဂရိတ်သို့ လျှော့ချလိုက်သောအခါ ပုံဆောင်ခဲများ အချို့ဖြစ်ပေါ်လျက် ဘေးပတ်ဝန်းကျင်သို့ အပူချိန် ၂၀၀ ဒီဂရီဆင်တီဂရိတ်မျှ ရှိသော အပူရှိန်ကို ပေးစွမ်းနိုင်၏။ ယင်းကို အပူထုတ်ဓာတ်ပြုမှုဟု ခေါ်၏။ ကမ္ဘာ့ အတွင်းပိုင်း၌ အပူထုတ် ဓာတ်ပြုမှုများ ဖြစ်မှုကြောင့် အပူရှိန်များလည်း ရနိုင်၏။ နေမှ အပူစွမ်းအင်သည်လည်း ကမ္ဘာပေါ်သို့ ကျရောက်သောအခါ မပြောပလောက်ဟု ဆိုနိုင်သော်လည်း တနည်းအားဖြင့် ကမ္ဘာ့အတွင်းပိုင်းရှိ အပူရှိန်ကို တိုးမြင့်စေနိုင်၏။
ကမ္ဘာအတွင်းပိုင်း၌ အပူရှိန် တိုးစေသော အရေးကြီးသည့် အကြောင်းတရပ်မှာ ရေဒီယိုသတ္တိကြွသော ဒြပ်စင်များ ကျေပျက်မှုပင် ဖြစ်၏။ ကမ္ဘာမြေပြင်မှ ဆယ်မိုင်ခန့် အနက်အထိ ကမ္ဘာ့အပေါ်ယံအလွှာ (earth’s crast) အတွင်း၌ပင် ပျံ့နှံ့နေသော ယူရေနီယမ် (uranium) နှင့် သိုရီယမ် (thorium) သတ္တုများ၏ အလေးချိန်သည် တန်ပေါင်း သန်းတရာခန့် ရှိမည်ဟု ဘူမိရူပဗေဒ ပညာရှင်များက ခန့်မှန်းကြ၏။ ယင်းတို့ ကျေပျက်နေမှုကြောင့် ကြီးမားသော အပူရှိန်များကို ဖြစ်ပေါ် နေစေသည်ဟုလည်း ဆို၏။ သွယ်ဝိုက် အပူရှိန်ရမှုများလည်း ရှိသည်။ ကမ္ဘာမြေကြီး ကျုံ့ခြင်း (contraction) ၊ စန့်ခြင်း (expansion) တို့ကြောင့် ပွတ်ခြင်း (friction) ဖြစ်ပြီး အပူရှိန်များ ထွက်လာရပြန်သည်။
ဤနည်းများဖြင့်ရသော အပူရှိန်ကို စုစည်းမိရုံဖြင့် ကျောက်ရည်ပူများ ဖြစ်ပေါ်ရန် မလုံလောက်သေး၊ အဘယ့်ကြောင့်ဆိုသော် လုံလောက်သည်ဆိုပါက ကမ္ဘာ့နေရာအနှံ့၌ ကျောက်ရည်ပူများ ဖြစ်ပေါ်ရ၏။ ဤသို့ဖြစ်သည်ကို မတွေ့ရ။ တွန့်ခေါက်တောင်တန်းကြီးများ ဖြစ်ပေါ်ခဲ့သော နေရာများ တောင်ဖြစ်ရန်ဝန်း (orogenic belt) များတွင်သာ အဓိက ဖြစ်ပေါ်ခဲ့ပြီး တိုးဝင် တိုးထွက်ခဲ့ကြောင်း တွေ့ရ၏။ ယင်းသို့ ဖြစ်ရခြင်း အကြောင်းမှာ တောင်ဖြစ်ရပ်ဝန်းများဖြစ်သော နေရာတို့၌ ကမ္ဘာ့ အပေါ်ယံလွှာ အထက်ပိုင်း ဆိုင်ယယ် (sial) လွှာ ထူလာသောကြောင့် ဖြစ်၏။ ရေဒီယို သတ္တိကြွရှိသော တွင်းထွက်များသည် ဆိုင်ယယ်လွှာတွင် အဓိက စုဝေးနေကြောင်း တွေ့ရ၏။ ထို့ကြောင့် ထိုနေရာမျိုး၌ ရေဒီယိုသတ္တိကြွ ပျက်ပြုန်းမှု အကြီးအကျယ်ဖြစ်၍ အပူရှိန် အတော်မြင့်မားလာ၏။ တချိန်တည်းမှာပင် တောင်ဖြစ်ရပ်ဝန်းတို့သည် မြေတွင်းလှုပ်ရှားမှု (diastrophism) များရာ နေရာ ဖြစ်ကြရာ ဖိအား တွန်းအား၊ ပွတ်တိုက်အား တို့ကြောင့်လည်း၊ အပူရှိန် တက်လာ၏။ ထို့ပြင် ပြတ်ရွှေ့အက်ကွဲမှုများကြောင့် တောင်ဖြစ်ရပ်ဝန်းအောက်ခြေတွင် ဖိအား ရုတ်တရက် လျော့သွားတတ်သည်။ ထိုအခါ အရည်ပျော်အပူချိန် (melting temperature) လည်း ရုတ်တရက် ကျဆင်းသွားရ၏။ (အကြောင်းမူကား အရည်ပျော် အပူချိန်သည် သက်ရောက်နေသော ဖိအားနှင့် တိုက်ရိုက် ဆက်သွယ်နေသောကြောင့် ဖြစ်သည်။) ဤအခြေအနေ၌ ကျောက်များ အရည်ပျော်ရန် အပူချိန်သိပ်မြင့်မားရန် မလိုတော့ပေ။ ယင်း အကြောင်းများကြောင့် တောင်ဖြစ်ရပ်ဝန်း အောက်ပိုင်းနေရာများတွင် ဒြပ်ဝတ္တုများ ရွေးချယ် အရည်ပျော်ခြင်း (selective melting) ဖြစ်ပြီး ကျောက်ရည်ပူများ ဖြစ်ပေါ်သည်ဟု ဆိုနိုင်၏။ အချုပ်အားဖြင့် ကျောက်ရည်ပူများသည် အချိန်တိုင်း နေရာတိုင်း မဖြစ်ပေါ်နိုင်။
တောင်ဖြစ်စဉ်ရှိသော အချိန်များအတွင်းနှင့် တောင်ဖြစ်ရပ်ဝန်း နေရာများ၌သာ အဓိက ဖြစ်ပေါ်၏။ ထို့ပြင် ကမ္ဘာ့အပေါ်ယံလွှာ အောက်ပိုင်း ဆီမာ (sima) လွှာအထိ အက်ကွဲသွားသည့် သမုဒ္ဒရာအလယ်ပိုင်း ကျွန်းတန်းများ တလျှောက်တွင်လည်း အနည်းအကျဉ်း ဖြစ်ပေါ်နိုင်၏။ ကျောက်ရည်ပူများသည် ကမ္ဘာမြေကြီး၏ နက်သောနေရာများ၌ ဖြစ်ပေါ်ကြပေမည်။ တန်နာနှင့် ဗဟူဂင် (၁၉၅၉) တို့၏ တွက်ချက် ခန့်မှန်းချက်များ အရ ဟာဝိုင်ယီကျွန်းစု နေရာမျိုး၌ ဗဆော့ ကျောက်ရည်ပူများသည် ကီလိုမီတာ (၅၀)မှ (၁၀၀) အတွင်း အနက်တွင် ဖြစ်ပေါ်နိုင်ကြောင်း သိရ၏။

နိဂုံး

အထက်ပါ အကြောင်းရပ်များသည် ကျောက်ရည်ပူတို့၏ ထူးခြားသော ဂုဏ်သတ္တိများ ဖြစ်ပေါ်ပုံ၊ ဖြစ်ပေါ်နိုင်သည့်နေရာ စသည်တို့ အကြောင်းဖြစ်၏။ ကျောက်ရည်ပူများ အေးခဲကြရာတွင် အဆင့်ဆင့်ဖြစ်စဉ် ဖြစ်ရပ် များစွာရှိ၏။ ကျောက်အသွင်ကွဲခြင်း၊ ကျောက်မျိုးရောယှက်ခြင်း စသော အကြောင်းများသည် ကျောက်ရည်ပူတို့၏ ဖြစ်စဉ် ဖြစ်ရပ်တို့တွင် ပါဝင်၏။ ယင်းအကြောင်းရပ်များနှင့် ပတ်သက်၍ အလျဉ်းသင့်သလို တင်ပြသွားပါဦးမည်။

ကျမ်းကိုးစာရင်း

၁။ Mason, Brain. Principles of Geochemistry, 3rd ed. Tokyo, Toppan, 1966.
၂။ Turner, F.J and J.Verhoogen. Igneous and Metamorphic Petrology, 2nd ed. New York, McGraw-Hill, 1959.
၃။ Thein, M. Lectures on Advanced Igneous and Metamorphic Petrology, 1970.
၎။ Williams, H and others. Petrography, 1st ed, by H. Williams, F.J. Turner and C.M. Gilbert. San Francisco, W.H. Freeman and Company, 1954.

အပိုင်း (၁) ကို ပြန်လည် ဖတ်ရှုရန်။

Share/Save/Bookmark

Scridb filter

Leave a Reply