ကိုသြဒိနိတ်တာ
(မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန၊ ရွှေရတုအထိမ်းအမှတ် (၁၉၅၃-၂၀၀၃) မဂ္ဂဇင်း မှ ကူးယူဖေါ်ပြပါသည်။)
ရုံးပိတ်ရက် တနင်္ဂနွေ တစ်နေ့မှာ အပေါင်းအသင်းတစ်စု စကားပြောကြရင်းနဲ့ ၂၀၀၂ ခုနှစ် နိုဝင်ဘာလထုတ် “မိုး” ဂျာနယ်ထဲက စာအုပ်အညွှန်း ဆောင်းပါးတစ်ခု အကြောင်းကို ပြောဖြစ်ကြပါတယ်။ ဆောင်းပါးမှာ ဖော်ပြထားတာကတော့ တို့လူမျိုးကို ညံ့တယ်လို့ ပြောတာကို လုံးဝသည်းမခံနိုင်ဘူးဆိုတဲ့ ဆိုလိုရင်းပါ။ ဒီစကားဝိုင်းနဲ့ ဆောင်းပါးက ကျွန်တော့်အတွေးစကို ရှည်စေပါတယ်။ အတွေးစက ၀င်ပြောဖြစ်တာကတော့ “ကိုယ် ဘာတော်ပြီး ဘယ်မှာညံ့သလဲ ဆိုတာကို သိသင့်တယ်ဆိုတာကိုပါ”၊ ကိုယ့်အားသာချက် အားနည်းချက်ကို သိမှသာ ရေရှည် တည်တံမယ့် အမျိုးသားရေးလက္ခဏာ တစ်ရပ်ကို တည်ဆောက်နိုင်မယ် ဖြစ်ပါတယ်။
စကားဝိုင်းဆုံးသွားပေမယ့် ကျွန်တော့်ရဲ့ အတွေးစဉ်ဟာ ၁၉၉၆ ၀န်းကျင်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးဆောင် (ဘူမိဗေဒဌာန) တောင်ပိန္နဲပင်အောက်က လက်ဖက်ရည်ဝိုင်းတစ်ခုကို သတိရ အောက်မေ့မိပါတယ်။
အဲဒီဝိုင်းမှာ အငြိမ်းစား ပါမောက္ခဆရာကြီးတစ်ဦး၊ ၀ါရင့်ကထိကနှစ်ဦးနဲ့ ကျွန်တော် ပါပါတယ်။ စကားစပ်မိရာကို ပြောကြရင်းနဲ့ တို့မြန်မာတွေ တော်ကြတယ်ဆိုတာကို အကြောင်းဆိုက်ပါတယ်။ ထူချွန်ထင်ရှား သမိုင်းဝင်၊ သမိုင်းတင်ကြတဲ့ မြန်မာပုဂ္ဂိုလ်ကျော် အစုစုကို ဂုဏ်ပြု ပြောဆို ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်က “ကျွန်တော်တို့ မြန်မာတွေ တော်တယ်ဆိုတာ ထွင်ဥာဏ်ထက် မှီဥာဏ်မှာ တော်တာပါ။ Creation ထက် Simulation မှာ ကောင်းတာပါ” ဆိုတော့ ကထိကဆရာတစ်ဦးက “မောင်ရင်နှယ် ပြောရော့မယ်” လို့ ဆိုပါတယ်။ ကျွန်တော် ဥပမာတစ်ခု ဆွဲပြတယ်၊ ဆရာသာဓုရဲ့ “သာဓု လူဝါးဝတယ်” စာအုပ်ထဲက ရောင်စုံပုံနှိပ်စက် တစ်ခုကို Catalogue နဲ့ Manual ကိုကြည့်ပြီး အောင်အောင်မြင်မြင် တပ်ဆင်ခဲ့ကြတဲ့ အကြောင်းပါ။ တပ်ဆင်ပေးဖို့ နောက်ကျပြီးရောက်လာတဲ့ နိုင်ငံခြားသား အင်ဂျင်နီယာက တအံ့တသြနဲ့ ချီးကျူး ပြောဆို သွားတယ်ဆိုတာကိုပါ။ ဆရာသာဓုတို့ တကယ်ကို ကောင်းကောင်းလုပ်ခဲ့ ကြပါတယ်။ သူတို့ရဲ့ စွမ်းဆောင်မှုကို ကောက်ချက်ဆွဲကြည့်ရင် -
- သူတို့မှာ အရင်ကတည်းက ပုံနှိပ်စက် အတွေ့အကြုံရှိတယ်။
- ရောင်စုံပုံနှိပ်စက်ရဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ အပြည့်အစုံ ရှိနေတယ်။
- တပ်ဆင်ဖို့ အညွှန်းနဲ့ လက်စွဲ (Catalogue & Manual) ရှိနေတယ်။
ပစ္စည်းအပြည့်အစုံနဲ့ တပ်ဆင်နည်းအညွှန်း၊ လက်စွဲတွေ ရှိနေတော့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး အောင်အောင်မြင်မြင် တပ်ဆင်နိုင်တာပါ။ မြင်သာတဲ့အချက်ကတော့ စက်အစိတ်အပိုင်းနဲ့ အညွှန်းလက်စွဲ တစ်ခုခုသာ မရှိခဲ့ရင် ဒီလုပ်ရပ် အကောင်အထည် မပေါ်နိုင်ဘူး။ အဲဒါတွေ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော် ဆက်ပြောပါတယ်။ “ကမ္ဘာ့အဆင့်နဲ့ ယှဉ်ပြီး ပေါက်ရောက်ထင်ရှား အောင်မြင်နေတဲ့ မြန်မာတွေရှိတယ်။ ကိန်းဂဏန်းအရ ကြည့်ရင် သူတို့တွေဟာ “စွန်းချွန်” (anomalous peak) တွေပါ။ ဆိုပါစို့ ကြီးလေးတဲ့ ကမ္ဘာ့အရေးအရာတွေကို တာဝန်ခံ ထမ်းဆောင်ရတဲ့ လက်နှစ်ဘက် ချိုးရေလို့ မပြည့်တဲ့ UN “ထွေချုပ်” တွေထဲမှာ မြန်မာလူမျိုး ဦးသန့် ပါပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုရဲ့ Iq, Eq စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကျွန်တော်တို့ ယှဉ်ကြည့်ရင် သူတို့ဆီမှာ Peak နဲ့ Mean value ကွာဟမှု နည်းတယ်၊ ကျွန်တော်တို့ဆီမှာ ကွာဟမှုကြီးတယ် ဆိုတာတွေကို ဆက်ပြောဖြစ်ပါတယ်။
စကားဝိုင်းမှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေက ဆက်ပြီး အခြေအတင် မလုပ်ကြတော့ပါဘူး။ မင်းသဘောနဲ့မင်း ရှိစေတော့လို့ သဘောထားဟန် ရှိပါတယ်။ အမှတ်တရ စကားဝိုင်းလေးလည်း ဒီလိုနဲ့ ပြီးပါတယ်။ ဆက်ပြီးတော့ ကျွန်တော်ရဲ့ ပုံတူကူ (Simulation) ရတဲ့ အတွေ့အကြုံတစ်ခု တင်ပြပါရစေ၊ ၁၉၉၇ နှောင်းပိုင်းမှာ ဘူမိအင်ဂျင်နီယာ (Engg Geologist) အနေနဲ့ စင်္ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ရောက်ခဲ့ပါတယ်။ ကုမ္ပဏီတွေက အသေးသား၊ Boss က အင်္ဂလိပ်လူမျိုး၊ Dames & More လို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးမှာ ဆယ်နှစ်လောက် လုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိသူပါ။ ကံအကြောင်း မသင့်ပုံက “ငနီပါတဲ့ အခေါက် လှေမှောက်” ဆိုသလို ”၉၈ အာရှ စီးပွားရေး ကျဆင်းမှုဂယက်” ကြောင့် ကုမ္ပဏီဝန်ထမ်းတွေ ထွက်သူထွက်၊ ပြောင်းသူပြောင်း ရှိချိန်မှာ ပြေးစရာ မြေမရှိတဲ့ ကျွန်တော်တို့အဖို့တော့ ဆိုးမွေ ကောင်းမွေခံရင်း ကျန်ခဲ့ပါတယ်။
ကျွန်တော် တာဝန်ယူရတဲ့အပိုင်းက reporting ပါ။ site ထဲက တိုင်းတာလို့ရတဲ့ ကွင်းဆင်း အချက်အလက်တွေကို geotechnical parameters အဖြစ် processing လုပ်ပေးရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်တိုင်းတာရတဲ့ vibration and noise monitoring ဆိုတာတွေရှိပါတယ်။ သက်ဆိုင်ရာ software တွေကို ကိုင်တွယ်တတ်သွားရင် ပြီးပြီဆိုပါစို့၊ ပြဿနာ အထူအထွေမရှိဘူး။
တစ်ခုဘဲ ရှိတာကတော့ Foundation Testing အပိုင်းပါပဲ။ အတွက်အချက် အဆင့်တွေများတာမို့ ဂရုစိုက် သတိထားလုပ်ရမယ့် ကိစ္စပဲလို့ အောက်မေ့မိပါတယ်။ ထင်တဲ့အတိုင်းဘဲ Pile Test Report လုပ်ဖို့ ကြုံလာတဲ့အခါ AIT (Asian Inst of Tech, Thailand) က M.Engg (Civil) နဲ့ဆင်းလာတဲ့ သီရိလင်္ကာ အင်ဂျင်နီယာကို ရှန်တိန် (shunting) လုပ်ရပါတယ်။ သူတွက်တဲ့အချိန်မှာ ကိုယ့်ဘာသာလည်း တွက်တယ်၊ Client ကိုတင်တော့မှ သူ့ရဲ့ data ကိုကြည့်ပြီး ညှိတင်တယ်၊ နောက်ပိုင်း test တွေကိုတော့ ကျွန်တော်ပဲ ဆက်လုပ်ဖြစ်ပါတယ်။ အရင်လူတွေ တွက်ထားတဲ့ ပုံစံ (Format) က Excel ထဲမှာ ရှိပြီးသားပါ။ ဘယ် Parameter ကို ဘာကြောင့် ဘယ်နေရာမှ ထည့်တယ်ဆိုတဲ့ အချက်ကို သိဖို့လိုပါတယ်။
အမှတ်တရ ဖြစ်စေခဲ့တာကတော့ H-Pile test တစ်ခု စမ်းရတာပါပဲ၊ အရင် တောက်လျှောက် လုပ်ခဲ့ရတာတွေက bored pile (တွင်းတူးပြီး ကွန်ကရိဖြည့်ရတဲ့) အမျိုးအစားတွေပါ။ အဲဒီ Test ကတော့ H-Pile (H ပုံစံ သံမဏိချောင်းကို မြေကြီးထဲကို ရိုက်သွင်းပြီးမှ စမ်းသပ်ဝန် အတင်အချ (loading & unloading) အချိန်မှာ ၀န်ခံနိုင်မှု (bearing capacity) ကို တွက်ချက်ဖို့ပါပဲ။ load အတက်အကျကို သိဖို့ H-Pile ရဲ့ သံယက်မ (beam) အဆင့်ဆင့် (interval) မှာ strain gauge တွေ ကို ဆင်ပါတယ်။ ပတ်ပတ်လည် မြေသားထုမှာလည်း စိမ့်ရေဖိအား (Pore water pressure) ကို သိရဖို့ Pneumatic Piezometer တွေကို ဆင်ပါတယ်။ H-Pile ရဲ့ထိပ်မှာ ကျွံဆင်းမှု (settlement) ကို သိရဖို့ scale ruler တွေကို ဆင်ပါတယ်။ ရုန်းပြန်ကွေးညွှတ်မှု (elastic shortening) ကို သိရဖို့ extensometer တွေကို သံယက်မ (beam) တစ်လျှောက် ဆင်ပါတယ်။ တိုင်းလို့ရတဲ့ အချက်အလက်တွေကို main contractor က ချက်ချင်း copy ဆွဲပြီးယူတယ်၊ သူတို့ ကိုယ်တိုင်လည်း တွက်တယ်။ ကျွန်တော်နဲ့ သူတို့ရဲ့ result နှစ်ခုစလုံးမှာ အဖြေအတူတူ ထွက်ပါတယ်။ ပြဿနာကတော့ H-Pile ရဲ့ depth level တစ်ခုမှာ negative skin friction (nsf) (သို့) Pile ကြံ့ကျမှု ဖြစ်နေတယ်။ အဲဒီအနက်မှာ ရှိနေတဲ့ မြေသားက အပေါ်က သက်ရောက်တဲ့ ၀န်အားကို တောင့်မခံနိုင်ပဲ H-Pile လျှောဆင်းသွားတယ်လို့ ဆိုလိုတာပါ။
Main Com. မန်နေဂျာက ကျွန်တော်နဲ့ Boss ကို ခေါ်တွေ့ပြီး အဲဒီပြဿနာ ဖြစ်ရခြင်း အကြောင်းရင်းကို ရှင်းလင်းထားတဲ့ report တပ်ဆင်ဖို့ ပြောပါတယ်။ ပြန်ခဲ့ရတယ်ဆိုပါတော့။ ကိုယ်နဲ့ခင်မင်တဲ့ NUS (National Univ. Of Spore) မှာ Civil နဲ့ ဘွဲ့လွန်တက်နေတဲ့ မိတ်ဆွေတစ်ဦးကို အကူအညီတောင်းရပါတယ်။ သူလည်း တတ်နိုင်သလောက် ဖြေရှင်း ဆွေးနွေးပေးပါတယ်။ နောက်တော့ ဒီလိုပြဿနာတွေကို စုံစုံလင်လင် ရေးထားတဲ့ MJI Tomilison ရဲ့ Pile Design and Construction Practice (4th Ed. 1997) ကို သွားတွေ့ပါတယ်။ အခြားသော စာအုပ်တွေက Foundation အကြောင်းကို အခန်းတစ်ခု၊ နှစ်ခုစ အနေနဲ့သာ ဖေါ်ပြပေမယ့် သူ့ရဲ့စာအုပ်ကတော့ ဒီ Pile Foundation အကြောင်းကိုပဲ ဖေါ်ပြ ရှင်းလင်းထားပါတယ်၊ ဒီလိုနဲ့ Pile ကျွံကျမှု (NSF) နဲ့ ပတ်သက်တာတွေကို field data နဲ့ ကိုယ်ရှာဖွေ မှတ်သားရတဲ့ အချက်အလက်တွေကို ကိုးကားပြီး report ကို ပြန်တင်ပါတယ်။ ကျွန်တော့်ကို အစည်းအဝေး တစ်ကြိမ် ထပ်ခေါ်ပါတယ်။ အဲဒီအခေါက်မှာ စင်္ကာပူလူမျိုး မန်နေဂျာအပြင် NUS မှာ Civil နဲ့ ဘွဲ့လွန်တက်နေတဲ့ မြန်မာ အင်ဂျင်နီယာတစ်ယောက်ပါ တက်ပါတယ်။ မန်နေဂျာက ကျွန်တော် ရှင်းလင်းချက်ကို လက်မခံဘူး၊ အဲဒီ Pile interval မှာ ရှိနေတဲ့ strain gauge တွေ အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုတဲ့ ကောက်ချက်နဲ့ ပြင်ရေးဖို့ ပြောတဲ့ ကိုယ့်ရဲ့ Main Com. လက်ခံရင်ပြီးရောဆိုတဲ့ စိတ်နဲ့ သူပြောတဲ့ သူလိုချင်တဲ့ အချက်တွေကို ဖြည့်စွက်ဖို့ ယူပါတယ်။ အစည်းအဝေးက ပြီးတော့မှာပါ၊ အဲဒီအချိန်မှာ ကျွန်တော်က အလိမ္မာကြက်တွန့်ကလေး တက်ပါတယ် “မစ္စတာလင်း ဒါ ငါ့ရဲ့စိတ်ကူးနဲ့ ရေးတာမဟုတ်ဘူး၊ Tomilison ရဲ့ အာဘောအတိုင်း ရေးရတာ” လို့။
Tomilison ဆိုတာ Foundation & Piling မှာ ကျမ်းအဆူဆူ ပြုစုထားတဲ့ ဆရာကြီးပါ။ သူက ဘာပြောသလဲ ဆိုတော့ သူ့လေသံအတိုင်းဆိုရင် “Actually you don’t understand what he means” တဲ့၊ ကျွန်တော် အစည်းဝေးခန်းထိပ်က white board ကိုသွားတယ်၊ negative SKF ဖြစ်ရခြင်း အတွက် Tomilison ရဲ့ အကြောင်းရင်း လေးခုကို field data တွေနဲ့ ထောက်ပြတယ်။ အဲဒီလို မထောက်ပြခင် သူဖြည့်စွက်ဖို့ ပေးထားတဲ့ comments တွေကို သူ သဘောတူ ကျေနပ်ရဲ့လားဆိုတာ အရင်မေးပါတယ်။ ပြီးတော့မှ အဲဒီအချက်အလက်တွေ ကိုယ်တိုင်ကပဲ Pile ကျွံကျမှုကို ထောက်ပြနေတယ်ဆိုတာ ရှင်းပြလိုက်ပါတယ်။ (NSF) ဖြစ်ရတဲ့ mechanism ကိုလည်း ပုံတွေဆွဲပြီး ထပ်ရှင်းပြပါတယ်။ “OK Mr.Naing” ဒီ report ကို တို့ရဲ့အလုပ်ရှင်ဆီကို တင်မယ်၊ သူက NUS Professor ဆီ ဆက်တင်မယ်၊ အဲဒီကနေ လီကွမ်းယူး (Lee Kwan Yew) ဆီကို ဆက်တင်မယ်၊ ‘You go and see Lee Kwan Yew’ ဆိုပြီး ကျွန်တော်ကို စည်းချက်လျှော့ပေးပါတယ်။ ကျွန်တော်လည်း လေပူတွေ ထုတ်လိုက်ရတဲ့အတွက် အစာမကြေ ရင်ခံတာတွေ လျော့သွားပါတယ်၊ သူတို့ လိုချင်တာကို သူတို့ရတယ်။ ကျွန်တော်လည်း ကိုယ်ပြောချင်တာကို ပြောခွင့်ရတယ်၊ အစည်းအဝေးလည်း ပြီးသွားပါတယ်။
သူတို့ ရုံးကအပြန် မြန်မာအင်ဂျင်နီယာလေးက ကျွန်တော့်ကို အအေးတိုက် ပြုစုရင်း သူ့အတွက် ဒါဟာ ပထမဆုံးအကြိမ် Geologist တစ်ယောက် ဒီအလုပ်လုပ်တာ တွေ့ဖူးတာပါလို ထောပနာပြုပါတယ်။ ကျွန်တော်က “တို့ရဲ့ seniors တွေထဲမှာ လုပ်တဲ့သူတွေ ရှိပါတယ်၊ အခု တွက်ချက်တာတွေကလည်း သူတို့ format ကိုကြည့်ပြီး လုပ်ရတာပါ” လို့ ပြန်ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ကောက်ချက်ဆွဲကြည့်ရင် ကျွန်တော့်အရင်က လုပ်ခဲ့တဲ့သူတွေရဲ့ Format ထဲမှာ တိုင်းလို့ရလာတဲ့ အချက်အလက်တွေကို အဆာသွတ်၊ ပုံတူကူးပြီး ဆရာကြီးတွေရဲ့ အဆိုတွေကို ကိုးကားပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ၊ ပုံတူမှီးတာနဲ့ ယှဉ်ပြတာပဲ ပါပါတယ်။ ကျွန်တော့်ကိုယ်ပိုင် (originality) တစ်ခုမှ မပါပါဘူး။
NUS မှာ ကွန်ပြူတာ သိပ္ပံနဲ့ ပါရဂူဘွဲ့အတွက် ကျမ်းပြုနေတဲ့ မြန်မာလူငယ်တစ်ဦးကလည်း “ကျွန်တော်တို့ အာရှသားအများစုရဲ့ တူညီတဲ့ လက္ခဏာကတော့ မှီးတာနဲ့ ယှဉ်ပြတာတွေပါပဲ” ကဲ ရေခြားမြေခြားရောက် မြန်မာတွေဟာ လုပ်ငန်းခွင်ထဲမှာ မခိုမကပ်၊ အရိပ်ပြ အကောင်ထင်၊ မြင်ရုံနဲ့ တတ်ကြပြီး ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့်လည်း ကျွန်တော်တို့က simulation အားကောင်းတယ် ဆိုတဲ့ အချက်ကို သိသာစေပါတယ်။ အားနည်းတဲ့ အချက်ကတော့ ကိုယ်ပိုင် တီထွင်မှု (originality & creativity) ပါပဲ၊ ကျွန်တော်တို့ အဲဒီကို ဘယ်လို ရောက်အောင် သွားကြမလဲ။
ကြားဖူးရင်လည်း ကြားဖူးကြမယ့် ဇာတ်လမ်းတစ်ခု ပြေပါရစေဦး။ ညသန်းခေါင် မိုးမှောင်ကြနေတုန်း လူရွယ်တစ်ယောက် ကားမောင်းလာတယ်။ လူသုံးယောက်က ကားကို တားတယ်။ အဘွားအိုတစ်ဦး၊ ကားမောင်းသူ လူရွယ်ကို စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင် သူငယ်ချင်းနဲ့ အမျိုးသမီးငယ်တစ်ဦးပါပဲ၊ ကားကလည်း တစ်ယောက်ပဲ အပိုတင်လို့ရတယ်။ ဘယ်သူ့ကို တင်မလဲဆိုတဲ့ မေးခွန်းပါ။
မေးတဲ့သူက လူပိုတစ်ယောက်တည်းပဲ တင်ရမယ်ဆိုတော့ ဟိုလူသုံးယောက်ထဲက တစ်ယောက်ယောက်ကို တင်ဖို့ပဲ စဉ်းစားမိဖို့များပါတယ်။ သားရွှေအိုးထမ်းအဖြေက သူငယ်ချင်းနဲ့ အဘွားအိုကို ကားနဲ့ဆက်သွားစေတယ်၊ သူက အမျိုးသမီးငယ်နဲ့ နောက်ကားတစ်စီး ဆက်စောင့်တယ်။
ဒီလို နှစ်ဘက်လှ အဖြေမျိုးရအောင်၊ မေးထားတဲ့ ပေးထားတဲ့ ဘောင် (frame) ထဲကနေ ခုန်ထွက်ပြီး စဉ်းစားတာမျိုးကို ‘out of box thinking’ လို့ အမည်တပ်ပါတယ်။ ကိုယ်တိုင် လွတ်လွတ်လပ်လပ်နဲ့ ထွင်းဖောက် တွေးတတ်တဲ့ အကျင့်ကို ရစေပါတယ်။ အဲဒီလို တွေးတတ်ရင်းကနေ ကိုယ်ပိုင် အတွေးသစ်၊ အမြင်သစ် (originality and creativity) တွေ ယိုစီးလာစေပါတယ်။
၁၉၉၃ခု ကျွန်တော်ရဲ့ thesis viva မှာ ကျမ်းကြီးကြပ်သူ ဆရာကြီးက ကျွန်တော်တင်ပြပုံ တစ်ခုနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာ မေးပါတယ်။ ကျွန်တော်က ပညာရှင် (Foreign Scholar) တွေရဲ့ အဆိုကို ကိုးကားပြီး ဖြေပါတယ်။ “သူတို့ပြောတာနဲ့ ယုံရမလား၊ မင်း ကိုယ်တိုင် တွေ့ရတာကိုပြော” လို့ ဆိုပါတယ်။ ကိုယ်တိုင်ရလာခဲ့တဲ့ ကွင်းဆင်း အထောက်အထားတွေနဲ့ ရှင်းလင်းတော့မှ လက်ခံပါတယ်။
ကျွန်တော်တို့ ဘူမိဗေဒဌာန၊ မန္တလေးတက္ကသိုလ်က ဆရာတွေဟာ ကိုယ်မြင်တာကနေ တွေးတတ်ပြီး ကိုယ်တွေးတာကို ရေးရဲ ပြောရဲအောင် သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာတွေထဲမှာ ကိုယ်ပိုင်ထွင်ဥာဏ် (originality and creativity) ပေါကြွယ်ဝစေလိုတာကတော့ ကျွန်တော့် ဆန္ဒမွန်ပါ။
အခုထက်ထိတော့ ကျွန်တော့်မှာ ပြောစမှတ်လောက်တဲ့ (o&c) အရည်အချင်းတွေ မရှိသေးဘူးဆိုတာကိုလည်း ၀န်ခံပါရစေ။
ဆရာအပေါင်းတို့အား ဂါရ၀ ပြုလျက်။


March 9th, 2010 at 4:56 am
Thanks sayar
I get a lot of knowledge of our subject and our nationality attitude. I would like to more than read engineering geology.If U have time U should write about engineering geology. Can I known U email address?
March 15th, 2010 at 1:17 am
Dear Nyi Nyi,
Thanks for interesting,I could share some of the geotechnical works in Singapore and request to other peoples to share their experiences.
A gentle remind is keep on thinking after reading.
You can contact me via my email.
Best Regds,
Coordinator(S’pore)
naingmawthan@hotmail.com
March 16th, 2010 at 1:20 pm
ဘရာဗို ဆရာနိုင် …
နောက်ထပ် ဒီလို ဆောင်းပါးတွေ ဖတ်ချင်ပါသေးတယ်
ဖတ်ပါရစေ…
March 17th, 2010 at 11:30 am
Thanks for interesting, I have to share somethings both technical and own experiences.
March 18th, 2010 at 4:03 pm
Thanks, Saya Ning.
March 23rd, 2010 at 1:08 pm
Dear All,
GeotechLinks (http://www.geotechlinks.com/index.php) is a free internet link directory for geotechnical engineers and researchers. Here you can find internet links to online free books, manuals, thesis, papers and reports in geotechnical engineering field.
In GeotechLinks, we don’t send you to another internet page containing tens or hundreds links, we try to guide you directly to your desired document. Remember that GeotechLinks is not provider or reviewer of any of the links, it just tries to put them together in related categories.
GeotechLinks
http://www.geotechlinks.com/index.php