Sep 16

မိတ်ဆက် ကျောက်မျက်ပညာ (အပိုင်း – ၁)

ဦးဉာဏ်သင်း (ဘူမိဗေဒ၊ ကထိက၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၃၊ ၁၉၆၉ မှ ကူးယူဖေါ်ပြပါသည်။)

ကျောက်မျက်ပညာသည် တွင်းထွက်ဗေဒ (mineralogy) ပညာရပ်၏ အထူးပြုပညာရပ် တစ်ရပ်ဖြစ်သည်။ တွင်းထွက်ဗေဒသည် ကျောက်အမျိုးမျိုးကို ဖွဲ့စည်းထားသော ကျောက်ဖွဲ့တွင်းထွက်များ၊ သတ္တုရိုင်းတွင်းထွက်များ အားလုံးနှင့် လက်ဝတ်တန်ဆာ ရတနာအဖြစ် အသုံးပြုသော ကျောက်မျက်အားလုံးကို ချုံ၍ လေ့လာသော ပညာရပ်ဖြစ်သည်။ ကျောက်မျက်ရတနာများသည် တွင်းထွက်လောက၏ အသီးအပွင့်များဖြစ်၍ လူ့လောက ယဉ်ကျေးမှုသမိုင်းစဉ်တလျှောက်တွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ လူသည် ကျောက်မျက်ရတနာများကို ဖော်ထုတ်၍ လက်ဝတ်ရတနာမျာအဖြစ် သုံးစွဲတတ်လာခြင်းမှာ ရှေးအီဂျစ်ခေတ်၊ ဘေဘီလိုနီယန်ခေတ်၊ အက်ဆီရီယန်ခေတ်များမှပင် စတင်ခဲ့၏။ သလင်းတွင်းထွက်အုပ်စုတွင် ပါဝင်သော ကျောက်မျက်များကို ခရစ်မပေါ်မီ အနှစ် ၁၀၀၀၀၀ မှ ၇၅၀၀၀ အချိန်မှ စ၍လည်းကောင်း ဖော်ထုတ် သုံးစွဲ၍ တန်ဖိုးထားတတ် လာခဲ့သည်။ လက်ဝတ်တန်ဆာ ရတနာများအဖြစ် လည်းကောင်း လူများသုံးစွဲသော ရတနာအမျိုးပေါင်းမှာ ၁၀၀ကျော်မျှ ရှိပြီးလျှင် ယင်းတို့တွင် အဖိုးများစွာထိုက်တန်သော ကျောက်မျက်များမှာ စိန်၊ ပတ္တမြား၊ နီလာ၊ မြ၊ ပုလဲများ ဖြစ်သည်။ သာမန်ကျောက်များကဲ့သို့ အလင်းပေါက်၊ အမြင်ပေါက် မဟုတ်သော်လည်း ကျောက်မျက်များ၏ ထူးကဲသော အရောင်နှင့် ဖွဲ့သား (texture) ဂုဏ်သတ္တိကြောင့် တန်ဆာဆင် ပစ္စည်းများအဖြစ် အများအားဖြင့် သုံးစွဲကြသော ကျောက်မျက်တွင်းထွက်များမှာ ကျောက်စိမ်း၊ ဖလူအိုရိုက် (Fluorite) (ဗလူးဂျွန်) (Blue John)၊ လာဇူလိုက် (Lazulite)၊ တာကွိုက် (Turquoise) စသည်တို့ ဖြစ်သည်။
ကျောက်မျက် အမျိုးမျိုး အစားစားရှိ၍ ယင်းတို့၏ တန်ဖိုးမှာလည်း အနိမ့်အမြင့်များစွာ ကွာခြားလေသည်။ သဘာဝအဖြစ် တွင်းထွက် ကျောက်မျက် အမျိုးအစားပေါင်း များစွာရှိသကဲ့သို့ ယင်းတို့ကို တုပ၍ လူတို့ ဖန်တီးပြုလုပ်ထားသော ကျောက်မျက်တုများလည်း အမျိုးအမျိုးအစားစား ရှိလေသည်။ တန်ဖိုးမြင့်သော သဘာဝဖြစ် တွင်းထွက် စိန်၊ ပတ္တမြား၊ နီလာ၊ မြ စသည်တို့ကို အဆင်အတန်းမြင့်စွာ သိပ္ပံနည်းစနစ်ဖြင့် တုပထားသော ပြင်သစ်ချက်ကျောက်များမှ အလွန်ဈေးပေါသော ဖန်များ၊ ပလတ်စတစ်များ၊ ဗိတ်ကလိုက် (bakelite)များ အထိ ကျောက်မျက်အတုမအမျိုးမျိုး အစားစား ရှိလေသည်။

Read more »

Share/Save/Bookmark

Scridb filter