Feb 11

ဥတုရာသီ ပြောင်းခဲ့ပြီ

Address: http://www.changingclimate.asia
“ဥတုရာသီ ပြောင်းခဲ့ပြီ” ဟု ခေါင်းစည်း စာတန်းဖြင့် “တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာဖြစ်သော ရာသီဥတု ပြောင်းလဲမှုအကြောင်း အခြေခံ သိပ္ပံမှ နောက်ဆုံး ဖြစ်ထွန်းမှုများအထိ” လို့ ကြေငြာထားတဲ့ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မြန်မာဘာသာစကားဖြင့် စာမျက်နှာတစ်ခုကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့က စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ စီစဉ်သူက ဦးကျော်ဦး (ပါရမီစာပေ) ဖြစ်ပါတယ်။
ကမ္ဘာ့တလွှားမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတုအပြောင်းအလဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ အတွက် ပြည်တွင်း၊ ပြည်ပ နောက်ဆုံးရသတင်းများ၊ ဓါတ်ပုံ၊ ဆောင်းပါးများ ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာကို တွေ့ရှိရပါတယ်။
ကိန်းဂဏန်းများကပြောသော ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်အောက်မှာ သမိုင်းအချက်အလက်များဖြင့် စုံလင်အောင် စုစည်းပေးထားသလို အမေးအဖြေ ကဏ္ဍမှာလည်း ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး သိသင့် သိထိုက်သော အကြောင်းအရာများကို အမေးအဖြေများဖြင့် ပြုလုပ်ပေးထားပါတယ်။ Useful Links မှာတော့ ဆက်လက်လေ့လာ ဖတ်ရှုလိုသူတို့အတွက် အသုံးဝင်နိုင်မယ့် စာမျက်နှာများကို အလွယ်ရှာဖွေ ဖတ်ရှုနိုင်အောင် ချိတ်ဆက်ပေးထားတာမို့ အလွန်ဘဲ အကျိုးရှိလှပါတယ်။ ၄င်းတို့မှာ ခေါင်းစဉ်ငယ်များဖြင့် ခွဲခြားပေးထားပြီး ရာသီဥတုပြောင်းလဲခြင်း၊ မြေကမ္ဘာ၊ ဂေဟဗေဒ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ တောရိုင်းတိရစ္ဆာန်၊ သစ်တော၊ သမုဒ္ဒရာနှင့် ကလေးများအတွက် ဆိုပြီး ကဏ္ဍများစွာပါဝင်ပါတယ်။
သုတေသနပြုလုပ်လိုသူများ၊ ကျောင်းသား၊ ကျောင်းသူနှင့် စိတ်ဝင်တစား လေ့လာလိုသူများအတွက် မှီငြမ်းကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာများနှင့် ပတ်သက်သည့် မြန်မာဘာသာဖြင့် လွှင့်တင်ထားသော ရှားပါးလှသေးသည့် ပညာရပ်ဆိုင်ရာ စာမျက်နှာတစ်ခုအား သွားရောက်လည်ပတ်နိုင်အောင် ညွှန်းဆိုလိုက်ရပါသည်။

Share/Save/Bookmark

Scridb filter
Sep 24

ဥာဏ်ပညာဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း

ဒေါက်တာဇော်မြင့်နီ

(Weekly Eleven, No.49-vol.3, 24 Sep 2008 ပါဆောင်းပါးကို ကူးယူဖေါ်ပြပါသည်။)

“တောင်လည်းသာမော

တောလည်းသာထွေ

ရေလည်းသာလှ

ဖြူလွသောင်ပြင်

ငှက်ပေါင်းယှဉ်လျက် …”

ဆည်သည်ရွာစား ဦးအောင်ကြီး (၁၆၆၈ ခန့် – ၁၇၈၂ ခန့်)

၁၈ ရာစု ဆန်းစက ကမ္ဘာမြေရဲ့ပုံရိပ်တစ်ခုကို မြန်မာကဗျာဆရာတစ်ဦးက နှလုံးသားဖြင့် မှတ်တမ်း တင်ထားခဲ့ခြင်းပါ။ အဲဒီတုန်းက ကမ္ဘာမှာ စက်မှုဖွံ့ဖြိုးမှုကလည်း ခုလို ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။ လူဦးရေကလည်း ကျဲပါးသေးသည်။ သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံးသည် လူတွေကြောင့် မပျက်စီး၊ မထိခိုက်သေး။ တောင်ဟူသမျှသည် သာယာလွမ်းမောဖွယ်အတိ။ တောဟူသမျှသည်လည်း အထူးထူး၊ အထွေထွေသော သာယာတင့်တယ်မှုများ အပြည့်။ မြစ်၊ ချောင်း၊ အင်း၊ အိုင် ဟူသမျှသည်လည်း လှပမှုအပေါင်း သရဖူဆောင်းလျက် ရှိခဲ့ပေလိမ့်မည်။ ဤတော၊ ဤရေ၊ ဤမြေတို့သည် ရာသီစုံပန်းကလေးများဖြင့် လှပသင်းကြူ နေခဲ့လိမ့်မည်။ မြူးတူးနေသည့် သဘာဝသားရဲပေါင်းစုံတို့သည် ရာသီစုံပန်းကလေးများဖြင့် လှပသင်းကြူနေခဲ့လိမ့်မည်။ မြူးတူးနေသည့် ကျေးငှက်ပေါင်းစုံ၊ သားရဲပေါင်းစုံတို့ဖြင့် ချောက်ချားဖွယ် လှပနေခဲ့လိမ့်မည်။ ဘယ်ကြည့်ကြည့်၊ ဘာမြင်မြင် ရှင်းနေ၊ သန့်နေ၊ လှနေ ခဲ့လိမ့်မည်။

Read more »

Share/Save/Bookmark

Scridb filter
Sep 21

မြန်မာနိုင်ငံရှိ သဘာဝ အရင်းအမြစ် နေရာ ၉၀ ကျော်ခန့်မှ လျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲနိုင်

(Source: မြန်မာဖိုရမ်၊ စက်တင်ဘာ ၁၉ ရက် ၂၀၀၈ ခုနှစ်။)

မြန်မာနိုင်ငံရှိ သဘာဝအရင်းအမြစ် နေရာ ၉၀ ကျော်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ နေရာပေါင်း ၉၀ ကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်တို့တွင် အများဆုံးရှိပြီး ၎င်းဒေသ၏ အရင်းအမြစ်နေရာများတွင် လျှပ်စစ် ဓာတ်အားများ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

သဘာဝအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရာတွင် တွင်းတူး၍ ရေပို့လွှတ်ကာ မြေကြီးအတွင်း အပူရှိန်ကြောင့် ရေငွေ့အဖြစ် ဖြစ်ပေါ်စေပြီး တာဘိုင်များကိုလည်စေကာ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည် ဖြစ်ကြောင်း၊ ပင်လယ်ဒီရေမှ လျှပ်စစ်ထုတ်ယူရာတွင် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ခြားနားချက် လှိုင်းများ ပါက လျှပ်စစ် ဓာတ်အားပိုရနိုင်ကြောင်း၊ ပင်လယ်ဒီရေအမြင့် ၆ ဒသမ ၁ မီတာ ၀န်းကျင်ရှိသော ကျိုက္ခမီဒေသတွင် တပ်ဆင် ရမည့်စက် အခြေအနေနှင့် ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အား ပမာဏများကို တွက်ဆနိုင်ရန်အတွက် အသေးစိတ် စမ်းသပ်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။

သဘာဝအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားများ ရယူရခြင်းမှာ စက်စွမ်းအား အသုံးချမှု အပါအ၀င် ကုန်ကျ စရိတ်များစွာ သက်သာစေမည် ဖြစ်ကြောင်း၊ ပန်ကာများ တပ်ဆင်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူသောနည်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသောနည်းများထက် ဒီရေမှ ထုတ်ယူသောနည်းမှာ လျှပ်စစ် စွမ်းအင် ပမာဏကို ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Share/Save/Bookmark

Scridb filter