
- Adapted from materials provided by Carnegie Museum of Natural History
Source: ScienceDaily (July 1, 2009)
July 1, 2009 ထုတ် Proceedings of the Royal Society B (Biological Sciences) တွင် ဖော်ပြသော မြန်မာပြည်မှ ပရိုင်းမိတ် ရုပ်ကြွင်းသစ်က လူ၊ မျောက်နှင့် မျောက်ဝံ တို့၏ ရှေးဦးမျိုးနွယ် များသည် ပညာရှင် အများယူဆခဲ့သကဲ့သို့ အာဖရိကမှ မဟုတ်ပဲ အာရှမှ စတင်ခဲ့သည်ဟု ညွှန်ပြခဲ့သည်။
မျက်မှောက်ကာလ မနုဿရုပ်ကြွင်းလေ့လာမှုများသည် လူတူပရိုင်းမိတ် (မျောက်၊ မျောက်ဝံနှင့် လူသား) တို့၏ မူလ အစ ကို ပိုမိုရှေးကျသော ပရိုဆီမီယန် ပရိုင်းမိတ်များ (လီမာ၊ တာစီယာ မျောက်ဝံများနှင့် ယင်းတို့၏ မရှိတော့ပြီဖြစ် သော အနွယ်များ) တွင် လိုက်လံရှာဖွေခြင်းအပေါ် အာရုံစိုက်လျက်ရှိသည်။ ယခုနှစ်ပိုင်း တရုပ်ပြည်၊ ထိုင်း နှင် မြန်မာ တို့တွင် တွေ့ရှိမှုများ မတိုင်မီက အဆိုပါ လူတူပရိုင်းမိတ်တို့သည် အာဖရိကတွင် စတင်ဖြစ်တည်ခဲ့သည်ဟု ပညာရှင် အများက ယုံကြည်ခဲ့ကြသည်။ ယခုနှစ် အစောပိုင်းတွင် အီဒါ “Ida” ခေါ် ပရိုင်းမိတ်အရိုးစုကို ဂျာမနီရှိ မက်ဆယ်ရေနံရွှံ့လွှာများမှ တွေ့ခဲ့သောအခါ ပညာရှင်အချို့က အဒါပစ်ခေါ် ပရိုင်းမိတ်တစ်မျိုးမှ လူတူပရိုင်းမိတ်များ ဖြစ်ပေါ်လာခဲ့သည်ဟု အဆိုတင်ပြခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Pittsburgh မြို့ရှိ Carnegie သဘာဝသမိုင်းပြတိုက်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာ ခရစ်ဘီးယတ် (Chris Beard) နှင့် နိုင်ငံတကာ သုတေသန ပညာရှင်အချို့၏ အဆိုအရမူ ပရိုင်းမိတ်မျိုးစုသစ် ဖြစ်သော ဂန်လီးယား မီဂါကနီးနား (Ganlea megacanina) တွင် လူတူပရိုင်းမိတ်တို့၏ မူလအစနေရာသည် အာဖရိကမဟုတ်ပဲ အာရှဖြစ်ကြောင်း သက်သေပြချက်များ ပါရှိသည်ဟု ဆိုပါသည်။ အဆိုပါ ရှေးဦးအာရှ လူတူပရိုင်းမိတ်တို့သည် Ida ကဲ့သို့ သော အဒါပစ် ပရိုင်းမိတ်များနှင့် အတော်ပင် ကွဲပြားခြားနားပြီး Ida သည် မျောက်၊ မျောက်ဝံနှင့် လူသား တို့ထက် ယနေ့ခေတ် လီမာမျောက်များ နှင့် ပိုမို နီးစပ် ကြောင်း ညွှန်ပြခဲ့သည်။


