Dec 13

ဘူမိရုက္ခဗေဒ (အပိုင်း-၂)

မြင့်သိန်း M.Sc (Geol), DAG (EMG)

အညွှန်းပင်များ (Indicator Plants)

အချို့သော သတ္တုစွဲဝင်မှု (mineralization) ကို အပင်မျိုးစိတ် (အရေအတွက်နည်းပါး) အချို့က ညွှန်းနိုင်ကြောင်းကို လွန်စွာရှေးကျသော ကာလကပင် မှတ်သားခဲ့ကြသည်။ ယင်းအချက်ကို တွင်းထွက် သယံဇာတရှာဖွေရေး လုပ်ငန်းများအတွက် ရည်ရွယ်ကာ အသုံးချခဲ့ကြသည်။ အစောဆုံး ဥပမာတစ်ခုအဖြစ် ကြေးနီအပင် (kis plant) တစ်နည်းအားဖြင့် ဖြစ်နိုင်ခြေအနေဖြင့် Viscaria alpine အား စကင်ဒီနေးဗီးယား (Scandinavia) ဒေသ (ဥပမာ – နော်ဝေး၊ ဆွီဒင်) ရှိ သတ္တုတွင်းတူးသမားများက အလယ်ခေတ် (medieval age) ကတည်းက ကြေးနီနှင့် ပိုင်းရိုက်တွင်းထွက် (pyrite) ရှာဖွေရာ၌ အသုံးပြုခဲ့ကြသည်။

အညွှန်းပင်များကို ယင်းတို့၏ ပျံ့နှံ့ပေါက်ရောက်ပုံအရ အဓိက အတန်းအစား နှစ်မျိုးခွဲနိုင်သည်။ ပထမအုပ်စုအား ထာဝရအညွှန်းပင်များ (universal indicators) ဟုခေါ်ဆို ကြသည်။ ယင်းအပင်တို့သည် သတ္တုစွဲဝင်မှု မရှိသည့် အောက်ခံမြေပေါ်၌ မပေါက်ရောက်နိုင်ကြပေ။ ထို့ပြင် ယင်းတို့ကို မည့်သည့် ဒေသတွင်မဆို တွေ့ရှိပါက တွင်းထွက် သယံဇာတ အမျိုးအစားအလိုက် အသုံးချ၍ ရှာဖွေနိုင်ပေသည်။ ယင်းတို့ကို တွေ့ရှိပါက မြေဆီလွှာ (soil) အတွင်း သတ္တုဒြပ်စင် ပါဝင်မှု မြင့်မားကြောင်း ညွှန်ပြနေပေသည်။ သို့သော် အားနည်းချက် တစ်ခုမှာ ယင်းအညွှန်းပင်များကို ပေါများစွာ တွေ့ရခဲခြင်းနှင့် ကန့်သတ်ချက် အတိုင်းအတာတစ်ခု အတွင်းသာ ပျံ့နှံ့ပေါက်ရောက် ကြခြင်းပင် ဖြစ်သည်။ ထာဝရ အညွှန်းပင်၏ ကန့်သတ်ချက်များကြောင့်ပင် ဘူမိရုက္ခဗေဒ နည်းလမ်းဖြင့် တွင်းထွက်သယံဇာတ ရှာဖွေရာ၌အောင်မြင်မှုများစွာ ရရှိခြင်းကို တွေ့ရသည်။ ဥပမာအနေဖြင့် ဇန်ဘီယာ (Zambia) နိုင်ငံရှိ ကြေးနီသတ္တုရိုင်းသိုက်များ တွေ့ရှိရာ၌ Ocimum hamblei (ယခုအခါ Becium homblei) အပင်ကို အသုံးခဲ့ခြင်းနှင့် ကော်ရိုရာဒို ကုန်းပြင်မြင့် (Colorado Plateau) ရှိ ယူရေနီယံ သတ္တုရိုင်းသိုက်ကို Astrogalus အပင်များဖြင့် ရှာဖွေနိုင်ခဲ့ခြင်း တို့ဖြစ်သည်။

ဒုတိယအုပ်စုတစ်ခုဖြစ်သည့် ဒေသဆိုင်ရာ အညွှန်းပင် (local indicators) များသည် သတ္တုစွဲဝင်သည့် မြေပြင်ပေါ်၌ ရှင်သန်ပေါက်ဖွားနိုင်မှုသည် အခြားသော အပင်များနှင့် ယှဉ်ပြိုင် ပေါက်ရောက်နိုင်စွမ်းမှာ မများပြားကြပေ။ ယင်းဒေသဆိုင်ရာ အညွှန်းပင်များသည် ထာဝရ အညွှန်းပင်များထက် အားနည်းချက်မှာ ကန့်သတ်ဧရိယာ တစ်ခုအတွက်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အညွှန်းပင်များဖြင့် သတ္တုစွဲဝင်မှုကို လေ့လာရာတွင် အောက်ပါအချက်များမှာ ရှုပ်ထွေးမှုရှိဆဲ ဖြစ်သည်။ အပင်၏ ပျံ့နှံ့ပေါက်ရောက်မှုအား သတ္တုဒြပ်စင်က ထိန်းချုပ်ရာ၌ အတူတွဲ၍ တွေ့ရသော အခြားဒြပ်စင်များ ရှိနေမှု၊ ယင်းဒေသ၏ ပတ်ဝန်းကျင်အခြေအနေ (ဥပမာ။ ရေရရှိနိုင်မှုနှင့် ချဉ်ငန်နှုန်း (pH) စသည်ဖြင့်) ထည့်သွင်း စဉ်းစားဖွယ်များ ရှိပေသည်။ အပင်မှ ဒြပ်စင်အပေါ် တုန့်ပြန်မှုကို မူလအညွှန်း (primary indicator) ဟုခေါ်ဆိုသလို တစ်ဆင့်ခံ တုန့်ပြန်မှုကို ပြသသည့် မျိုးစိတ် (species) များကို နှောင်းဖြစ်အညွှန်း (secondary indicator) ဟု ခေါ်ဆိုကြသည်။

Read more »

Share/Save/Bookmark

Scridb filter
Dec 11

ဘူမိရုက္ခဗေဒ (အပိုင်း-၁)

မြင့်သိန်း M.Sc (Geol), DAG (EMG)

ဘူမိရုက္ခဗေဒ ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပတ်ဝန်းကျင် (geologic environment) နှင့် သဘာဝပေါက်ပင်များ၏ ဆက်စပ်မှုကို လေ့လာခြင်းပင်ဖြစ်သည်။ ရှာဖွေရေး ဘူမိဓာတုဗေဒ (exploration geochemistry) သို့မဟုတ် အသုံးချ ဘူမိဓာတု (applied geochemistry) ဘာသာရပ်တွင် သဘာဝပေါက်ပင်များ၏ အစိတ်အပိုင်း (အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်) များအား နမူနာအဖြစ် ကောက်ယူ၍ လေ့လာရာ၌ နည်းလမ်း (၂)ခု ရှိပေသည်။ ပထမ အမျိုးအစားမှာ အပင်မျိုးစိတ်အလိုက် သီးသန့်ပေါက်ရောက်နိုင်မှု သို့မဟုတ် မပေါက်ရောက်နိုင်မှု စသည် အခြေအနေကို မျက်မြင်လေ့လာခြင်း (visual investigation) ဖြင့် အောက်ခံကျောက်အမျိုးအစား သို့မဟုတ် သတ္တုစွဲဝင်မှု (mineralization) အပေါ်ညွှန်းပြနိုင်ခြင်း ဖြစ်သည်။ ယင်းဘာသာရပ်အား ဘူမိရုက္ခဗေဒ (geobotany) ဟူ၍ အသိများကြသည်။ ဒုတိယအမျိုးအစားမှာ အပင်မျိုးစိတ်အလိုက် ဒြပ်စင်ပါဝင်မှု ပမာဏကို တိုင်းတာလေ့လာသည့် နည်းပညာဖြစ်ပြီး ယင်းကို ဇီဝဘူမိဓါတုဗေဒ (biogeochemistry) ဟူ၍ အသိများကြသည်။ ယင်းနည်းပညာရပ်ကို အပင်များ၏ ဘူမိဓာတုဗေဒ (phytogeochemistry) ဟူ၍လည်း ခေါ်ဆိုကြသည်။ ဂရိဘာသာဖြင့် အပင်ကို ဖိုင်တွန် (phyton) ဟူ၍ ခေါ်ဆိုကြသည်။ တွင်းထွက် သယံဇာတရှာဖွေရေး ဘူမိရုက္ခဗေဒ (geobotanical prospecting) လုပ်ငန်းရပ်တွင် မြေဆီလွှာအတွင်း သတ္တုပါဝင်မှုနှုန်း မြင့်မားမှုကြောင့် အပင်တို့၏ ရုပ်သွင် အခြေအနေကို မျက်မြင်တိုက်ရိုက် ကြည့်ရှု့လေ့လာခြင်း၊ မှတ်တမ်းပြုခြင်းနှင့် အဓိပ္ပါယ်ပြန်ဆိုခြင်း (interpretation) တို့ပါဝင်၏။ ယင်း အချက်အလက်များ အပေါ် အခြေခံကာ မြေပြင်အောက်ရှိ သတ္တုရိုင်းသိုက် (ore deposit) များကို ရှာဖွေ လေ့လာကြခြင်းဖြစ်၏။

ဘူမိရုက္ခဗေဒနည်းလမ်းဖြင့် တွင်းထွက် သယံဇာတရှာဖွေရာတွင် သဘာဝပေါက်ပင်များ၏ အစုအဖွဲ့ (plant communities)၊ သဘာဝနှင့် ပျံ့နှံ့ပေါက်ရောက်ပုံ (nature and distribution)၊ အညွှန်းပင်များ၏ သဘာဝနှင့် ပျံ့နှံ့ပုံ (nature and distribution of indicator plants) အပင်တို့၏ ရုပ်သွင်ဆိုင်ရာ ပြောင်းလဲမှုများ (morphological changes) တို့ပါဝင်သည်။ အထက်ပါ အချက်အလက်များကို ကွင်းဆင်းလေ့လာခြင်း နှင့်အတူ ကောင်းကင်ဓါတ်ပုံ (aerial photographs) များဖြင့် ယှဉ်တွဲ စစ်ဆေး လေ့လာကြသည်။

Read more »

Share/Save/Bookmark

Scridb filter