Aug 10
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining Geology)
သယ်ယူပို့ဆောင်ခံရသည့် မြေဆီလွှာမှ နမူနာကောက်ယူခြင်း (Transported Overburden)
သယ်ယူပို့ဆောင်မှုခံရသော အပေါ်ယံဖုံးမြေဆီလွှာများရှိသည့် ဒေသများဖြစ်သော ရေခဲပြင်ဖုံးတောင် တန်းများ၊ သဲကန္တာရများ၌ နမူနာကောက်ယူရာ၌ ပြဿနာတစ်ရပ်ဖြစ်သကဲ့သို့ ဖြေရှင်းရန်မှာလည်း ကုန်ကျ စရိတ်များပြားလှသည်။
ရေခဲပြင်ဒေသများ၌ အပေါ်ယံဖုံးမြေဆီလွှာများသည် အောက်ခံကျောက်ကို ကိုယ်စားမပြုနိုင်ချေ။ ယင်းဒေသမျိုးတွင် ကွဲပြားသောဒေသများမှ ရောက်ရှိလာသည့် မြေဆီလွှာများ၏ အထူမှာလည်း မတူညီကြောင်း တွေ့ရှိရသည်။ ၂၅၆မီလီတာ ထက်ကြီးသောကျောက်ကျိုးပဲ့ဆများကို ခြေရာခံကာ မြေဆီလွှာအား အမြင်ဖြင့် လေ့လာနိုင်ကြသည်။ ယင်းတို့ပါဝင်သော မြေဆီလွှာမှရွှေ၊ ဆာလဖိုဒ်ဒြပ်စင်သို့ ရေဒီယိုသတ္တိကြွ ဒြပ်စင် (radioactive material) အရာများဖြင့် သတ္တုးရိုင်းစွဲငင်မှုကို လေ့လာနိုင်ပေသည်။ ယေဘူယျအားဖြင့် ရေခဲပြင်များမှ သယ်ဆောင်လာသည့် ကျောက်လုံးကြီးများ (till) ၏ ဓါတုဆိုင်ရာ အချက်အလက် များကို စစ်ဆေးခြင်းဖြင့် ပြုကြရသည်။ ယင်း အောက်ခံကျောက်လုံးကြီးများကို ဒေသတစ်ခု၏ မူလနမူနာ အဖြစ် သတ်မှတ်လေ့ရှိသည်။ အောက်ခြေကျောက်လုံးများကို လွန်တူး၍တစ်ခု၏ မူလနမူနာအဖြစ်ကောက်ယူ လေ့ ရှိသည်။ ဆိုနစ်လွန်တူးကရိယာများ (sonic drills)၊ ပေါ့ပါးသော ပါကာရှင်းလွန်တူးစက်များ (percussion drills) ဖြင့် အသုံးချလေ့ရှိသည်။ သို့ရာတွင် ပေါ့ပါးသော လွန်တူးကိရိယာများကို အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာသော်လည်း တစ်ခါတစ်ရံ အပေါ်ယံဖုံးမြေဆီလွှာ၏ အောက်ခြေ သို့ တိုင်ရောက်မရောက်ခွဲခြားသိရန် မသေချာချေ။ ရေခဲသော ဆောင်းဥတုတွင် အကြီးစား လွန်တူးကိရိယာ များဖြင့် ဆောင်ရွက်ရန်မှာလည်း အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ပေသည်။ သဲကန္တာရများ၌ လေ၏သယ်ဆောင်မှုဖြင့် ရွယ်စေ့ငယ်သောအရာဝတ္ထုများသာ ရွှေ့လျားမှုရှိကြသည်။ ထို့ကြောင့် ဇကာပေါက် နံပါတ် (၈၀) ထက် သေးငယ်သော ရွယ်စေ့များကို အသုံးချမှုနည်းပါးကြသည်။ ရွယ်စေ့ပို၍ ကြီးသော (ဥပမာ ၂ မှ ၆ စင်တီမီတာ) မြေဆီလွှာများကို အသုံးချနိုင်သလို ရွှံ့စေးအရွယ်နမူနာများကိုလည်း ပျော်ရည် အတွင်း ဒြပ်စင်များရွေ့လျားမှုရှိသည့် ပုံစံအဖြစ် အသုံးချနိုင်သည်။ ယင်းနည်းဖြင့် ဗေါက်ဝါနာ (Botswana) အလယ်ပိုင်းဒေသရှိ ကင်ဗာလိုက် (kimberlite pipe) ပိုက်များကို ရှာဖွေရာတွင် များစွာအကျိုးရှိ အောင်မြင်ခဲ့သည်။ ပုံ(၉) တွင် ကင်ဗာလိုက်ပိုက်များကို နယ်ပယ်အလိုက် နမူနာကောက်ယူခြင်းနည်းလမ်း (regional sampling) ဖြင့် ရှာဖွေတွေ့ရှိပုံကို ဖော်ပြထားသည်။ နမူနာများကို ၀.၅ကီလိုမီတာဂရမ် အတိုင်း ကောက်ယူကာ ချိန်ဆီးတွင်းထွက်များကို +၀.၄၂ မီလီမီတာရွယ်စေ့မှ ခွဲထုတ်ယူကြသည်။ ကင်ဗာလိုက်အညွှန်းတွင်းထွက် (indicator minerals) များဖြစ်သော ပီခရို-အေးမင်နိုက် (piro-ilmenite) များ၏ အရေအတွက်ကို သတ်မှတ်ကြသည်။ ပုံတွင် စံကွဲမှု (anomaly) များ၏ တည်နေရာများ လွဲနေမှုသည် နမူနာ ကောက်စဉ်က အရှေ့မြောက်လားရာ အတိုင်း တိုက်ခတ်သောလေကြောင့် မြေဆီလွှာများ သယ်ယူပို့ဆောင်ခဲ့ရကြောင်း ပြဆိုနေပေသည်။

Scridb filter
Jul 31
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining Geology)
ပဏာမစူးစမ်းလေ့လာမှုနည်းလမ်းများ (Reconnaissance Techniques)
ယင်းနည်းလမ်းများကို အသုံးချရာတွင် အပေါ်ယံဖုံးအုပ်နေသည့် အရာများ၏ မူလဇစ်မြစ်ပေါ် အခြေခံရသည်။ အကယ်၍ အပေါ်ယံဖုံးအုပ်နေသည့် အရာများသည် အောက်ခံကျောက်သားမှ ဖြစ်ပေါ်လာပါက ပြဿနာဖြေရှင်းရန် လွယ်ကူသော်လည်း အခြားတစ်နေရာမှ သယ်ယူပို့ဆောင်ခံထားရပါက နည်းလမ်းပေါင်း များစွာဖြင့် လေ့လာစူးစမ်းရပေမည်။ အသုံးချဘူမိဓါတုဗေဒနည်းပညာရပ်များကို ဇယား (၂) တွင် ဖော်ပြထားသည်။

Read more »
Scridb filter
Jul 26
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
စာရင်းအင်းပညာ (Statistics)
တွင်းထွက်ရှာဖွေရေး ဘူမိဓါတုဗေဒလုပ်ငန်း၏ရည်ရွယ်ချက်မှာ အရေးပါဆုံး စံကွဲဇုံများ (anomalous zones) သတ်မှတ်ရန် ဖြစ်သည်။ အရှင်းဆုံးဆိုရသော် ဒြပ်စင်အမြင့်ဆုံး ပါဝင်မှုကို ရှာဖွေရန်ဖြစ် သည်။ စံကွဲမှု (anomaly) များကို သတ်မှတ်ရာတွင် စာရင်းအင်းပညာဖြင့် အုပ်စုအလိုက်ရရှိသော အချက် အလက်များကို ဘူမိဗေဒနှင့် နမူနာကောက်ယူမှုဆိုင်ရာ သတင်းအချက်အလက်များဖြင့် ယှဉ်တွဲကာ သတ်မှတ် ကြသည်။ သာမန်အားဖြင့် ဓါတ်ခွဲရလာဒ်များကို စာရင်းအင်းဆိုင်ရာ ကွန်ပျူတာပရိုဂရမ်များဖြင့် အသုံးပြု ဆောင်ရွက်ရာတွင် MINITAB, SYSTAT နှင့် STATGRAPHICS စသည့် ပရိုဂရမ်များ အသုံးပြုကြသည်။ ယင်း ပရိုဂရမ်များ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ မှ ၅၀၀ အထိ ရှိကြသည်။
စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ဂရပ်ပုံများ (graphs)၊ ဘားကုပ်များ (bar graphs)၊ ဘောက်(စ်)ပလော့များ (box plots) ဖြင့် ရေးဆွဲစစ်ဆေးသင့်သည်။ ယင်းတို့နှင့်တွဲ၍ စာရင်းအင်းဆိုင်ရာ ပျံ့နှံ့မှု (statistical dispersion) အထူးသဖြင့် စံသွေလွဲမှု (standard deviation) များကို ဖော်ပြ လေ့ရှိသည်။ ဟစ်စတိုဂရမ် (histograms) ပုံများရေးဆွဲကြည့်ခြင်းဖြင့် အချက်အလက်များသည် သာမန်ပျံ့ချက် (normal distribution) သို့မဟုတ် လော့စကေးအရ သာမန်ပျံ့ချက်ရှိခြင်း (log-normal distribution) တို့ကို သိရှိနိုင်ပေမည်။ အကယ်၍ ရရှိလာသော အချက်အလက်များသည် အုပ်စုကွဲများရှိနေပါက စံပုံစံ (multi-model) အမျိုးမျိုးတွေ့ရပေမည်။ Sinclair (၁၉၉၁) ဖော်ပြခဲ့သော မြေဆီလွှာနမူနာများအတွင်း ကြေးနီဒြပ်စင်ပျံ့နှံ့ပုံကို ဥပမာပြထားပေသည်။ ပုံ (၁) ယင်း ဟစ်စတိုဂရမ် အရ ဒြပ်စင်ပါဝင်နှုန်းသည် ၉၀ နှင့် ၂၁၀ ပီပီအမ်တို့၌ အုပ်စု ၂-ခုအဖြစ် ကွဲထွက်လျက်ရှိကြောင်း တွေ့ရမည်။
Read more »
Scridb filter
Jul 25
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
ဓါတ်ခွဲစမ်းသပ်မှုနည်းလမ်းများ (Analytical Methods)
ဓါတ်ခွဲစမ်းသပ်ခြင်း၏ရည်ရွယ်ချက်မှာ နမူနာများ၌ ပမာဏလွန်စွာ နည်းပါးသည့် ဒြပ်စင် (trace element) များ ပါဝင်မှုကို သိရှိရန်ဖြစ်သည်။ ယခင်က လိုအပ်သော အဆင့်များအလိုက် ဒြပ်စင်အားလုံးကို ဓါတ်ခွဲစမ်းသပ်ရန်မှာလည်း မဖြစ်နိုင်ချေ။ အခြေခံသတ္တု (base metal) များကို ရှာဖွေသည့်လုပ်ငန်းစဉ်၌ ပင် ဒြပ်စင်ပေါင်းများစွာကို ဓါတ်ခွဲစမ်းသပ်သင့်သည်။ ဥပမာ ကြေးနီသတ္တုရိုင်းသိုက် (copper deposit) ရှာဖွေရာတွင် ကြေးနီဒြပ်စင်အပြင် အခြားအသုံးဝင်သော ဒြပ်စင်များကို ဓါတ်ခွဲတိုင်းတာရပေမည်။ ယခုအခါ ခေတ်မှီ ဓါတ်ခွဲနည်းပညာများဖြင့် တခါတရံ ဒြပ်စင်အမျိုးအစား (၂၀) မှ (၃၀) အထိ တိုင်းတာရရှိ နိုင်ပြီဖြစ်သည်။ ယင်းတို့ထဲမှ အချို့သော ဒြပ်စင်များမှာ အချက်အလက် အနည်းငယ် ရရှိသော်လည်း အဓိပ္ပါယ် ပြန်ဆိုရန်အတွက် အထောက်အကူများစွာ ရရှိနိုင်ပေသည်။ အဓိက ဘူမိဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှု နည်းပညာများကို ဇယား(၁) တွင် ဖော်ပြထားသည်။
Read more »
Scridb filter
Jul 23
မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining geology)
ယနေ့ကာလ၌ ဘူမိဓါတုဗေဒပညာရပ်အား တွင်းထွက်သယံဇာတ ရှာဖွေရေးဆိုင်ရာ လုပ်ငန်းရပ်များတွင် များစွာ အသုံးချလာကြသည်။ ရှာဖွေရေးဘူမိဗေဒပညာရှင် (exploration geologists) များသည် ဘူမိရူပဗေဒ (geophysics) လုပ်ငန်းရပ်များထက် ဘူမိဓါတုဗေဒ (geochemistry) ဆိုင်ရာ လုပ်ငန်းရပ်များတွင် ပိုမို၍ တိုက်ရိုက် ပါဝင်ဆောင်ရွက် ရလေ့ရှိသည်။ ဘူမိဓါတုဗေဒ အစီအစဉ်တစ်ခုဖြင့် သတ္တုရိုင်းသိုက်များ (ore deposits) ရှာဖွေရာတွင် အောက်ပါအတိုင်း ကဏ္ဍများပါရှိကြသည်။
၁။ စီမံကိန်း (planning)
၂။ နမူနာကောက်ယူခြင်း (sampling)
၃။ ဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှု (chemical analysis)
၎။ အဓိပ္ပါယ်ပြန်ဆိုမှု (interpretation)
၅။ အသေးစိတ်လေ့လာမှု (follow up) တို့ဖြစ်ကြသည်။
ကွင်းဆင်းဘူမိဗေဒပညာရှင် (field geologists) များအနေဖြင့် ကဏ္ဍ ၁၊ ၂၊ ၄ နှင့် ၅ တို့ကို တိုက်ရိုက်ဆောင်ရွက်နိုင်သော်လည်း ကဏ္ဍ (၃) ကိုမူ စီးပွားဖြစ် ဓါတ်ခွဲခန်းများမှ ဆောင်ရွက် ပေးရလေ့ရှိသည်။
Scridb filter