Nov 15
(ပညာပဒေသာ သိပ္ပံစာစောင်၊ အတွဲ ၁၁၊ အပိုင်း ၁၊ ဇန်န၀ါရီ ၁၉၇၅ ပါဆောင်းပါးကို ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)
ဒေါက်တာဝင်းဆွေ
ဘူမိအပူစွမ်းအားကို ကနဦးထိန်းသိမ်းမှု အဆင့်အနေဖြင့် တွင်းမှထွက်သမျှကို တခုတည်းသော အသုံးအတွက်သာ သုံးခြင်းပင်ဖြစ်၏။ (ပုံ-၂ ရှု) ပုံစံအားဖြင့် နယူးဇီလန်ရှိ ဝေရာကိုင် (Wairakei) အစိုတွင်းတွင် ရေနွေးငွေ့များကို စွမ်းအင်ထုတ်ရာ၌ အသုံးပြု၍ ရေပူကို အသုံးမပြုပဲ မြစ်ထဲသို့ စီးဝင်စေ၏။ ဤအချက်တွင် ဘူမိအပူစွမ်းအား အသုံးပြုခြင်းသည် ရေနံတွေ့ရှိစ အဖြစ်အပျက်တို့နှင့် များစွာတူ၏။ ရေနံတွေ့ရှိစ အချိန်၌ ရေနံမှ အခြားပစ္စည်းများ ထုတ်ယူရန် အသိကြပဲ ရေနံကို မီးအိမ်များထွန်းရာ၌သာ အသုံးပြုခဲ့ကြ၏။ ယခုခေတ် ဘူမိအပူစွမ်းအား ထုတ်လုပ်မှုနှင့် ယင်း၏ အသုံးအမျိုးမျိုးကို စနစ်တကျ စီမံဆောင်ရွက်ကြလျက် ရှိ၏။

အစိုတွင်းမှ ရေနွေးငွေ့ကို စွမ်းအားထုတ်လုပ်ရာတွင် အသုံးပြုပြီး ရေပူကို နောက်ထပ် အခြားအပူတစုံတရာ မပေးပဲ ပေါင်းတင်အအေးခံ၍ ရေသွက်ထုတ်လုပ်သော စက်ရုံအချို့ရှိ၏။ ထို့ထက် အဆင့်တက်၍ အသုံးပြုနိုင်ရန် ချီလီပြည်တွင် မကြာသေးမီက တွေ့ရှိထားသော အယ်တာတီယို (El Tatio) အစိုတွင်းတွင် ပြင်ဆင်ဆဲဖြစ်၏။ ချီလီအစိုးရသည် ကုလသမဂ္ဂနှင့် ပူးတွဲ၍ ယင်းတွင်းမှ သုံးမျိုးသုံးစား ထုတ်ယူ အသုံးချနိုင်ရန် လေ့လာလျက်ရှိသည်။ (ပုံ-၃ ရှု)။ ရေနွေးငွေ့ကို ဦးစွာပထမ လျှပ်စစ်အားထုတ်ရာတွင် သုံး၍ ယင်းသို့သုံးခြင်း၌ အငွေ့မှ ပြောင်းလဲလာမည့် ရေပူကို ရေသွက်ချက်သည့် စက်ရုံတွင် သုံးရန်ဖြစ်၏။ ကျန်ရစ်မည့် ရေပူများသည် တွင်းထွက်ဓါတ်ဆားများ ကြွယ်ဝလာမည် ဖြစ်သဖြင့် ယင်းရေပူကို အငွေ့ပြန်စေပြီး အသုံးကျသော ဓါတ်ဆားအမျိုးမျိုးကို ထုတ်ယူရန်ဖြစ်၏။

ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်းနှင့် ပင်လယ်နီဒေသတို့တွင် တွင်းထွက်ဓါတ်ဆားကြွယ်ဝသော ဘူမိအပူရေနွေးငွေ့ တွင်းများကို မမျှော်လင့်ပဲတွေ့ရသည့် နောက်၌ ကုလသမဂ္ဂသည် ဘူမိအပူလေ့လာရေး၏ တစိတ်တဒေသ အနေဖြင့် တွင်းထွက်ကြွယ်ဆားရည် (mineral brine) များ စနစ်တကျ ရှာဖွေမှုကိုပါ စတင်ခဲ့၏။ စီးပွားရေး အလားအလာကောင်းသော နေရာနှစ်ခုကို အီသီယိုးပီယားနှင့် ချီလီနိုင်ငံ တို့တွင် တွေ့ခဲ့၏။
Read more »
Scridb filter
Nov 13
(ပညာပဒေသာ သိပ္ပံစာစောင်၊ အတွဲ ၁၁၊ အပိုင်း ၁၊ ဇန်န၀ါရီ ၁၉၇၅ ပါဆောင်းပါးကို ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)
ဒေါက်တာဝင်းဆွေ
(ဘာသာပြန်သူ၏အမှာ။ ။ ယခုအချိန်တွင် အာရပ်နိုင်ငံများနှင့် အခြားတိုင်းပြည်အချို့မှ လွဲ၍ ကမ္ဘာ့နိုင်ငံပေါင်း များစွာတို့တွင် လောင်စာရရှိမှု အခက်အခဲများနှင့် ရင်ဆိုင်နေကြရလေသည်။ လောင်စာမရှိလျှင် စက်ရုံများ ပိတ်ရတော့မည်။ လေယာဉ်ပျံများ၊ မော်တော်ကားများနှင့် ရထားများ စသည့် စက်မောင်းယာဉ်များကိုလည်း ရပ်ထားရပေတော့မည်။ နေအိမ်များ၊ ရုံးခန်းများ၊ ကျောင်းကန်ကန္နား စသည်တို့ကိုလည်း အပူပေးခြင်း၊ အအေးဓါတ်ပေးခြင်းတို့ ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ လောင်စာနှင့် ပတ်သက်၍ လူတို့သည် အများအားဖြင့် ရေနံ၊ ကျောက်မီးသွေး၊ အနုမြူနှင့် ရေအားတို့မှ ရသည့် စွမ်းအင်များလောက်သာ အသိများကြပြီး ကမ္ဘာ့အတွင်း အပူရှိန်မှ ရနိုင်မည့် စွမ်းအင်ကိုကား အများအားဖြင့် မေ့လျော့ နေကြဟန်တူလေသည်။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ယင်းစွမ်းအင်ကို လူတို့ မည်မျှ စိတ်ဝင်စားလာကြပုံတို့ကို လူအများ စိတ်ဝင်စားကြမည်ဟု ယူဆသဖြင့် ဂျိုးဇက်ဗာနီယေ (Barnea, Joseph) ရေးသော ဘူမိအပူစွမ်းအား (geothermal power) ခေါ် ဆောင်းပါးကို ခေါင်းစဉ် အနည်းငယ်ပြင်ဆင်၍ ဆီလျော်အောင် ပြန်ဆို တင်ပြလိုက်ပါသည်။)
လူတို့၏အလုပ်အတွက် အား၏အရင်းမြစ်ဟောင်း တစ်ခုကို လူတို့သည် မကြာမီကမှ စတင် စိတ်ဝင်စားခဲ့ကြလေသည်။ မြေအောက်ရှိ သဘာဝရေနွေးငွေ့နှင့် ရေပူလှောင်ကန်တို့ကို မကြာမီကပင် အမြောက်အမြား တွေ့ရှိ ထုတ်ယူသုံးစွဲနိုင်ခဲ့ကြ၏။ ကမ္ဘာအရပ်ရပ်တွင် ယခုအချိန်၌ စုစုပေါင်း ကီလိုဝပ် တသန်းအထိပင် ထုတ်ယူသုံးစွဲနေပြီ ဖြစ်ကြောင်းကို သိသူတိုင်းပင် တအံ့တသြဖြစ်၍ သွားကြမည်။ လက်ရှိ ထုတ်နှုန်းအတိုင်းသာ ဆက်လက်၍ ထုတ်လုပ်သွားနိုင်ပါက ၁၉၈၀ခန့်တွင် ယင်းသဘာဝ ရေနွေးငွေ့တွင်း (steam field) တို့မှ ထုတ်ယူရရှိသော လျှပ်စစ်အားသည် ကီလိုဝပ် လေးသန်းသို့တိုင် ရောက်ပေမည်။
ဘူမိအပူရှိန်လှောင်ကန် (geothermal reservoir) အများစု၏ အပူကို ဘူမိဗေဒအားများ၏ ကမ္ဘာအနက်ပိုင်းမှ ကမ္ဘာ့မျက်နှာပြင်ဆီသို့ တွန်းတင်လိုက်သည့် ကျောက်ရည်ပူထုကြီးများမှ ရ၏။ ယင်းကျောက်ရည်ပူထုများသည် ကမ္ဘာ့မျက်နှာပြင်တ၀ိုက်မှ ကျောက်များကို ပူပြင်းစေ၍ ယင်းအပူသည် ကျောက်သားများအကြားတွင် ခိုအောင်းနေသော ရေကို ဖာရင်ဟိုက်ဒီဂရီ ၅၀၀ သို့တိုင် ပူစေ၏ ကမ္ဘာ့မျက်နှာပြင်အောက် ခြောက်မိုင်ခန့်နက်သော အပိုင်းတွင် ရေသည် ပြင်းစွာသော ဖိနှိပ်အားကို ခံနေရသဖြင့် အပူချိန် ဖာရင်ဟိုက် ဒီဂရီ ၅၀၀ အထိ ပူသော်လည်း အငွေ့အဖြစ် မရပ်တည်နိုင်ပဲ အရည်အဖြစ်ဖြင့်သာ ရှိ၏။ ယင်းရေပူတို့သည် ကျောက်ကြားများကို ဖြတ်ကျော်တိုးဝင်၍ ဖိနှိပ်အားနည်းသည့် အပေါ်ပိုင်းသို့ တက်လာသောအခါ ၄င်းတို့သည် တဖြည်းဖြည်း ပွက်ဆူရပြီး အချို့သည် အငွေ့အဖြစ်သို့ ကူပြောင်းသွား၏။ ဘူမိအပူစွမ်းအင်ကို ကျောက်အက်ကြားများထဲသို့ သို့မဟုတ် ရေစိမ့်ဝင်နိုင်သည့် ကျောက်လွှာထဲသို့ တွင်းတူး၍ ထုတ်ယူသုံးစွဲနိုင်၏။ (ပုံ-၁ ရှု)။

စွမ်းအင်၏ အရင်းအမြစ်ကို လူတို့သည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင်မှသာ များစွာ စိတ်ဝင်စားလာကြ၏။ ဘူမိအပူစွမ်းအားသည် ခန့်မှန်းထားသည်ထက်ပင် ပိုမိုများပြားစွာ ရနိုင်ကြောင်းကို လောလောဆယ် ရှာဖွေတွေ့ရှိချက်များအရ သိရ၏။ ယခင်ကမူ ကမ္ဘာဒေသအချို့တွင် တွေ့ရှိသုံးစွဲနေသည့် ရေပူစမ်းများနှင့် ရေနွေးငွေ့တွင်းများကို သဘာဝ၏ ဆန်းကျယ်မှုများ အဖြစ်သာ မှတ်ထင်ခဲ့ကြ၏။ ယခုခေတ်တွင် ရေနွေးငွေ့နှင့် ရေပူလှောင်ကန်များသည် ကမ္ဘာ့အပေါ်ခွံလွှာ (earth’s crust) တွင် အမြောက်အမြား တည်ရှိကြောင်း အမှတ်အသားများ တွေ့ရ၏။ ယင်းတို့တည်ရှိကြောင်း အမှတ်အသားများကို ကမ္ဘာ့တိုက်ကြီးများနှင့် ကျွန်းအများအပြားတွင် ရှာဖွေ တွေ့ရှိရ၏။ ယင်းတို့သည် ပင်လယ်အောက်တွင်လည်း တည်ရှိဟန်တူ၏။ တွေ့ရှိပြီး တွင်းအချို့တွင် စွမ်းအင်အမြောက်အမြား ပါဝင်ကြောင်း သိရ၏။ ကာလီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ ရေပူပန်း (gayser) ရေငွေ့တွင်း တစ်ခုတည်းတွင် ကီလိုဝပ်သုံးသန်း ထုတ်ယူနိုင်မည်ဟု တွက်ဆရသည်။ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ အင်ပီရီးယားတောင်ကြား (Imperial Valley) တွင် ပြုလုပ်ပြီး ကွင်းဆင်းဆန်းစစ်ချက်များအရ ယင်းဒေသတွင် ကီလိုဝပ်သန်း နှစ်ဆယ် ထုတ်ယူနိုင်မည်ဟု သိရ၏။
Read more »
Scridb filter