Feb 18

မဂ္ဂမာ သို့မဟုတ် ကျောက်ရည်ပူ (အပိုင်း -၂)(နိဂုံး)

ဦးခင်ဇော်
(ဘူမိဗေဒသရုပ်ပြဆရာ၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(ပညာပဒေသာစာစောင် အတွဲ (၉)၊ အပိုင်း (၄)၊ ၁၉၇၄ နိုဝင်ဘာမှ ကူးယူဖော်ပြပါသည်။)

ဓာတုဖွဲ့စည်းပုံ

မီးသင့်ကျောက်များသည် ကျောက်ရည်ပူများမှ ဆင်းသက်သည်ဟု ဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မီးသင့်ကျောက်များတွင် ပါဝင်သော အဓိကအောက်ဆိုဒ် ဆယ်မျိုးခန့်ဖြင့် ကျောက်ရည်ပူများကို ဖွဲ့စည်းထားသည်ဟု ဆိုနိုင်၏။ ယင်းအောက်ဆိုဒ်တို့မှာ ဆီလီကွန်အောက်ဆိုဒ်၊ အလူမီနီယမ်အောက်ဆိုဒ်၊ သံအောက်ဆိုဒ်များ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်၊ ကယ်လဆီယမ်အောက်ဆိုဒ်၊ ဆိုဒီယမ်အောက်ဆိုဒ်၊ ပိုတက်ဆီယမ်အောက်ဆိုဒ်၊ တိုက်တေနီယမ်အောက်ဆိုဒ် နှင့် ရေတို့ဖြစ်သည်။ ကလပ် (Clarke) နှင့် ၀ါရှင်တန် (Washington) တို့က ကမ္ဘာပေါ်ရှိ မီးသင့်ကျောက်တို့၏ အောက်ဆိုဒ်များ ပျမ်းမျှ ပါဝင်ဖွဲ့စည်းမှုကို တွက်ချက်ထား၏ (ဇယား-၂ ရှု)။ ယင်းပါဝင်နှုန်းများသည် ကျောက်ရည်ပူတို့တွင် ပါဝင်သည့် အောက်ဆိုဒ် ပါဝင်နှုန်းများပင်ဟု ဆိုနိုင်၏။

tabel2_web

ကျောက်ရည်ပူများတွင် ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သွပ် စသော သတ္တုဒြပ်စင် (metallic element) များ အသင့်အတင့်မျှ ပါဝင်ကြောင်း သိရ၏။ ကျောက်ရည်ပူများ အေးခဲခြင်း ပြုရာတွင် ယင်းဒြပ်စင်များ အခြေအနေအရ အခါအားလျော်စွာ စုစည်းမှုကြောင့် မီးသင့်သတ္တုသိုက် (magmatic ore-deposit) များ ဖြစ်ပေါ်လာ၏။ ကျောက်ရည်ပူများတွင် အငွေ့ (volatile) များအဖြစ် ဓာတ်ငွေ့များနှင့် ရေငွေ့တို့ ပါဝင်သည်။ ယင်းတို့ ပါဝင်မှုသည် တွင်းထွက်များ ဖြစ်ပေါ်ပုံဆောင်ခြင်းကို ထိန်းချုပ်ကြောင်း စမ်းသပ်တွေ့ရှိရ၏။ မီးတောင်မှ ထွက်လာကြသည့် ချော်ရည်များနှင့် ကမ္ဘာ့မြေအောက်ပိုင်းရှိ ကျောက်ရည်ပူတို့၏ ဓာတုဖွဲ့စည်းပုံ အဓိကခြားနားချက်များမှာ ယင်းအခိုးအငွေ့များနှင့် ရေပါဝင်မှု အနည်အများပင် ဖြစ်သည်။

Read more »

Share
Feb 06

မဂ္ဂမာ သို့မဟုတ် ကျောက်ရည်ပူ (အပိုင်း -၁)

ဦးခင်ဇော်
(ဘူမိဗေဒသရုပ်ပြဆရာ၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(ပညာပဒေသာစာစောင် အတွဲ (၉)၊ အပိုင်း (၄)၊ ၁၉၇၄ နိုဝင်ဘာမှ ကူးယူဖော်ပြပါသည်။)

ကျောက်ရည်ပူ သို့မဟုတ် မဂ္ဂမာ (magma) ဟုခေါ်သော ဝေါဟာရကို ဘူမိဗေဒကျောင်းသားတိုင်း သိကြပေမည်။ ယင်းစကားလုံးသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍ နှယ်ထားသော ဂျုံမှုန့်ကဲ့သို့သော ဒြပ်နှောတခုဟူ၍ မူလဆိုလိုရင်း အဓိပ္ပါယ်ရှိ၏။ ဘူမိဗေဒဆိုင်ရာ စာအုပ်စာတန်းများတွင်မူ ယင်းဝေါဟာရကို မီးသင့်ကျောက်များ ဖြစ်ပေါ်စေသည့် မိခင်ကျောက်ဖြစ် ဒြပ်ဝတ္တုပင် ဖြစ်သည်ဟူ၍ ယေဘုယျအားဖြင့် သိနားလည်ရန် ဖေါ်ပြ၏။ သို့သော် ယင်းသို့ ဖေါ်ပြရုံဖြင့် ကျောက်ရည်ပူတစ်ခုကို အဓိပ္ပါယ် သတ်မှတ်ရာ၌လည်းကောင်း ကျောက်ရည်ပူတစ်ခု၏ ဂုဏ်သတ္တိများကို ဖေါ်ပြရာ၌လည်းကောင်း မလုံလောက်ပေ။ အမေရိကနိုင်ငံ ဘူမိဗေဒဆိုင်ရာအဖွဲ့ (American Geological Institute (A.G.I) က ထုတ်သော Glossary of Geology and Related Sciences တွင် ကျောက်ရည်ပူတခု၏ အဓိပ္ပါယ် သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ သဘာဝအလျောက် ဖြစ်ပေါ်သော လှုပ်ရှားရွေ့ရှားနိုင်သည့် ကျောက်ဖြစ်ဒြပ်ဝတ္တုများ ဖြစ်ရမည်။
၂။ ဆီလီကိတ် (silicate) ပျော်ရည် ဖြစ်ရမည်။
၃။ ကမ္ဘာ့အတွင်းပိုင်းမှာ ဖြစ်ပေါ်ရမည်။
၎။ တိုးထွက်ခြင်း (extrusion)၊ တိုးဝင်ခြင်း (intrusion) ဖြစ်နိုင်ရမည်။
၅။ အရည် သို့မဟုတ် အရည်နီးပါးရှိသော ဒြပ်ဝတ္တုများ ဖြစ်ရမည်။ သင့်တင့်သော အပူချိန် ရရှိလျှင် တခါတရံ ယင်းအရည်တွင် အခဲများအဖြစ် ပေါလောပေါ်နေသော အော်လီဗင်း (olivine)၊ ပိုင်ရောဆင်း (pyroxene)၊ ပလေဂျီအိုကလေ့ ဖယ်လစပါ (plagioclase feldspar) စသော ပုံဆောင်ခဲများနှင့် တခါတရံ ဓာတ်ငွေ့များ ပါဝင်သည် ဟူ၍ ဖြစ်သည်။

Read more »

Share