ဘဝ အတွေ့အကြုံ
ဝယ်ယူလို့မရ၊ ရင်းယူမှ ရတယ်။
ငါ့ကုသိုလ်တွေနဲ့
မြေမြိုလို့တော့ မသေနိုင်၊ ရင်ခုံသံတော့
နည်းနည်း မြန်တယ်။
တစ်နှစ်တစ်ခါ ကြုံရတဲ့
ကုသိုလ်မျိုး မဟုတ်။
တစ်သက်တစ်ခါ ကြုံရတဲ့ ကုသိုလ်မျိုး မဟုတ်။
ဘဝ အဆက်ဆက် ကြုံတောင့်ကြုံခဲ
ငါ အိုးသူကြီး လုပ်တာ
ဘာဖြစ်လဲ လို့။
ထမင်းနွေးနွေးပေါ်မှာ
ငါ့ နွေးထွေးတဲ့ မေတ္တာရှိတယ်။
ဟင်းနွေးနွေးလေးပေါ်မှာ
ငါ့ နွေးထွေးတဲ့ မေတ္တာရှိတယ်။
ကြေကွဲတဲ့ မျက်ဝန်းတွေကို
ပျောက်စေသား လို့။
သို့သော်
ငါ သိကြားမင်းတော့ မဟုတ်။
ရွှေမိုးငွေမိုးလည်း မရွာနိုင်
မေတ္တာလေးတော့ ငါပေးနိုင်တယ်။
ဘယ်လို ဖြစ်ဖြစ်
လှုပ်နေတဲ့၊ ငလျင်ကြောပေါ်မှာ
မင်းနဲ့အတူ၊ ငါရှိနေမယ်လေ။
အနိစ္စ ဒုက္ခ အနတ္တ
ဘယ်အရပ်က ငါလာခဲ့လို့လဲ။
မြေကြီးကတော့ လှုပ်နေဆဲ။
မမြဲခြင်း လောကမှာ
ငါ့ ဟင်းရနံ့လေး သင်းပျံ့နေဆဲ။
(ဝစီပိတ်ဆရာတော်)
၂၀၁၁ မတ် ၂၄ ငလျင်ကြီးအပြီး ၂ ပတ်အကြာ သုတေသနသမား ကျွန်တော်တို့တတွေ သဘာဝဘေး သင့်ရာ တာလေ-မိုင်းလင်း ဒေသကို ရောက်ခဲ့ကြပါတယ်။ အကြောင်းအားလျော်စွာ ငလျင်ဒဏ်ခံထားရတဲ့ ဘုန်းကြီး ကျောင်းကြီးတစ်ခုထဲမှာ နံမည်သာကြားဘူးတဲ့ ၀စီပိတ် ဆရာတော်ဆိုတာ ကို ဖူးရပါတယ်။ ငလျင်ကြီးလှုပ် ပြီး ကတည်းက ကျိုင်းတုံကနေ ဒီမြေကို ရောက်နေပြီး သူ့ ဒကာ တွေနဲ့အတူ ဒုက္ခသည် ရာပေါင်းများစွာကို မမောမပန်းနိုင် နေ့စဉ် ချက်ပြုတ်ကျွေးမွေးနေတာ ရင်သတ်ရှုမော တွေ့ရပါတယ်။ ထူးထူးခြားခြား notebook, ipod တွေနဲ့ အင်တာနက်နဲ့ ကျွမ်းဝင်တဲ့၊ တစ်နှစ်ကို အနည်းဆုံး (၃) လ ၀စီပိတ်ကျင့် သုံးတဲ့ ဆရာတော်ဟာ ငလျင်ဘူမိဗေဒ ကိုလည်း စိတ်ဝင်တစား လေ့လာဆွေးနွေး လို့ အဖွဲ့ကျသွားရင်း ဒီဖြစ်ရပ်ကြီး ဖြစ်ပြီး စ က သူရေးခဲ့တဲ့ ကဗျာလေးကို မျှဝေတဲ့အတွက် သူငယ်ချင်းတယောက်က ဓာတ်ပုံရိုက် ယူ ခဲ့တာမို့ Geolfriends မိတ်ဆွေများကို ထပ်ဆင့်ဝေငှရခြင်းဖြစ်ကြောင်းပါခင်ဗျား။







